၂၀၁၃ မှစ၍

၂၀၁၃ ဆိုသော နှစ်တစ်နှစ်သည် ကုန်ဆုံးခဲ့ပြီဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် အပြောင်းအလဲများ အသီးသီးဖြစ်ပေါ်ခဲ့ကြသည်။ လောကနိယာမသဘောအရ အကောင်း၊ အဆိုးဒွန်တွဲနေသော်လည်း အပေါင်းလက္ခဏာဆောင်သော အပြောင်းအလဲများ အများစုဖြစ်ပေါ်လာခဲ့သော နှစ်တစ်နှစ် ဖြစ်ခဲ့သည်။ အထူးသဖြင့် ယခင်က နာတာရှည်ရောဂါတစ်ခုကဲ့သို့ တိုင်းပြည်၏ အဓိကအားနည်းချက်တစ်ခုသဖွယ် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သော လက်ဝါးကြီးအုပ်မှု၊ ခြစားမှုများနှင့် အခြေခံအဆောက်အအုံအားနည်းချက်များဖြင့် ရောပျွမ်းရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကဏ္ဍတွင် ကြီးမားသော အပြောင်းအလဲများဖြစ်ပေါ်လာခဲ့သည်။

လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရ အာဏာရလာပြီး နောက်ပိုင်း နိုင်ငံတကာတွင် မြန်မာနိုင်ငံသည် အံ့အားသင့်ဖွယ်ရာ အပြောင်းအလဲများကို ဖန်တီးပြနိုင်ခဲ့သောနိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့ နိုင်ငံရေး၊ စီးပွားရေးဇာတ်ခုံပေါ်သို့ ပြန်လည် တက်လှမ်းလာခဲ့သည်။ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး စသည့် ကဏ္ဍပေါင်းစုံတွင် ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းအားထုတ်မှုများနှင့် အခြေခံအဆောက်အအုံကဏ္ဍ အားနည်းချက်များကို ပြင်ဆင်နိုင်ရန် ကြိုးပမ်းမှုများကို တွေ့မြင်ခဲ့ကြရသည်။

သို့သော်လည်း ဆက်သွယ်ရေးကဏ္ဍမှာမူ ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှုအချို့ရှိခဲ့သော်လည်း ထိထိရောက်ရောက်မဆောင်ရွက်ခဲ့ကြသောကြောင့် ၂၀၁၂ ခုနှစ် နှစ် လယ်ခန့်အထိ ယခင် အတိုင်းသာ မလှုပ်မယှက် ဆိုးဝါးညံ့ဖျင်ေးသာ ဝန်ဆောင်မှုများနှင့် ကမ္ဘာ့ဈေးအကြီးဆုံး SIM Card များကို ရောင်းချပေးနေသော ထူးဆန်းသည့်နိုင်ငံတစ်ခု့အဖြစ်သာ တည်ရှိနေခဲ့သည်။

“ဆက်သွယ်ရေးဝန်ဆောင်မှုဆိုတာ လူသားတိုင်းရဲ့ အခြေခံလိုအပ်ချက်တစ်ခုအဖြစ် ကမ္ဘာက သတ်မှတ်လာတယ်။ ဈေးအသက်သာဆုံး၊ နည်းပညာအမြင့်မားဆုံး နဲ့ အကောင်းဆုံး ဆိုတဲ့ ဆက်သွဝ်ရေးဝန်ဆောင်မှုတွေကို ကုမ္ပဏီတွေက ပြည်သူတွေကိုပေးလာတယ်။ ဒီ့အတွက် သူတို့ပြန်ရတဲ့ အကျိုးအမြတ်ပမာဏကလည်း ကြီးမားတယ်” ဟု စင်ကာပူနိုင်ငံရှိ အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီ တစ်ခုတွင် အင်ဂျင်နီယာအဖြစ် လုပ်ကိုင်နေသူ ကိုနေဦး ကဆိုသည်။

ပြည်တွင်းထဲက ပြည်ပအော်ပရေတာပြိုင်ပွဲ

၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပြည်ပ မိုဘိုင်းအော်ပရေတာများကို ပြည်တွင်းတွင် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာလုပ်ငန်း လုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး တင်ဒါခေါ်ယူခဲ့သည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာဝန်ကြီးဌာနသည် မပြည့်စုံသော ပြည်တွင်းရှိ ဆက်သွယ်ရေးအခြေခံအဆောက်အအုံများကို နိုင်ငံတကာအဆင့်မှီမြှင့်တင်ရန်နှင့် နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ်လုပ်ကိုင်နေခြင်းကြောင့် အများပြည်သူ၏ ဝေဖန်ခြင်းကိုခံနေရသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆက်သွယ်ရေးဝန်ဆောင်မှုများကို ချိန်ညှိ၍ ပြိုင်ဆိုင်မှုရှိသော ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍဖြစ်ပေါ်လာရန် ယင်းကဲ့သို့ဆောင်ရွကက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ အကြီးတန်းအရာရှိကြီးတစ်ဦးကဆိုသည်။

ဇန်နဝါရီလတွင် စတင်ခေါ်ယူခဲ့သော အဆိုပါ တင်ဒါခေါ်ယူမှုတွင် ပြည်ပမှ အင်အားကြီးဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီမ ၉၁ ခု က ဝင်ရောက်လျှောက်ထားခဲ့ကြသည်။ အချို့သော ကုမ္ပဏီများသည် ပြည်တွင်းရှိ ဆက်သွယ်ရေးလုပ်ငန်းတွင် အတွေ့အကြုံမရှိသော ဖုတ်ပူမီးတိုက်ထူထောင်လိုက်သည့် ဆက်သွယ်ရေးကုမ္ပဏီပေါက်စများနှင့် ပူးပေါင်းမှုများပြုလုပ်ကာဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။
ယင်းကုမ္ပဏီများထဲမှ ပြည်တွင်းတွင် လုပ်ကိုင်ခွင့်ရရှိမည့် ဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီ နှစ်ခုကို အပြီးသတ်ရွေးချယ်ရန် ဂျာမဏီအခြေစိုက် နာမည်ကျော်အကြံပေးကုမ္ပဏီတစ်ခုဖြစ်သော Roland Berger Consultancy ကုမ္မဏီကို ဇန်နဝါရီလအတွင်းမှာပင် စာချုပ်ချုပ်ဆို ငှားရမ်းခဲ့သည်။

စိတ်ဝင်တစား ဝင်ရောက်ယှဉ်ပြိုင်လျှောက်ထားခဲ့သော ကုမ္ပဏီများထဲမှ နောက်ဆုံးအဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သော ကုမ္ပဏီများကို ၂၀၁၃ ဧပြီလအတွင်းတွင် အပြီးသတ် ရွေးချယ်ခဲ့ကာ အိန္ဒိယမှ Airtel Consortium၊ မလေးရှားမှ Axiata Group Berhad၊ Digicel + YSH Finance Ltd + Quantum Strategic Partners Ltd ပူးပေါင်းကုမ္ပဏီ၊ ပြင်သစ်မှ France Telecom-Orange နှင့် ဂျပန် Marubeni ဖက်စပ်ကုမ္ပဏီ၊ Millicom International Cellular S.A.၊ တောင်အာဖရိကမှ MTN Consortium (MTN Dubai + M1 Telecom + Amara Communications)၊ ကာတာမှQatar Telecom (Qtel) Q.S.C (“Ooredoo”)၊ စင်ကာပူမှ Singapore Telecommunications (Singtel) + KBZ + Myanmar Telephone Company Limited (M-Tel)၊ နော်ဝေမှ Telenor Mobile Communications AS၊ ဗီယက်နမ်မှ Viettel Group၊ ဗြိတိန်မှ Vodafone နှင့် တရုတ်မှ China Mobile၊ ဂျပန် KDDI Corporation + Sumitomo Corporation + Myanmar Information and Communication Technology Development Corporation (MICTDC) + A1 Construction ပူးပေါင်း အုပ်စု တို့ပါဝင်ခဲ့သည်။

“တိုင်းပြည်လူဦးရေရဲ့ ၁၁ ရာခိုင်နှုန်းလော်ကပဲ ဖုန်းသုံးစွဲနိုင်သေးတယ်။ အင်တာနက်အသုံးပြုသူကလည်း သိန်းဂဏန်းလောက်ပဲရှိနေတာလေ။ စိတ်မဝင်စားတဲ့သူ ရှိပါ့မလား။ အဲဒီအချိန်တုန်းက ကမ္ဘာ့ဆက်သွယ်ရေးလောကရဲ့ နောက်ဆုံး ရတနာသိုက်ကြီးလို့တောင် ကမ္ဘာ့မီဒီယာတွေက တင်စားခဲ့ကြတာပဲ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော အဆင့်မြင့်အရာရှိကြီးတစ်ဦးဖြစ်သူ ဦးကျော်ခေါင်(အမည်လွှဲ) ကဆိုသည်။

သို့သော် အပြီးသတ် လျှောက်လွှာတင်ရမည့် နောက်ဆုံးရက် မတိုင်မှီကာလတွင် ကမ္ဘာ့နံပါတ် တစ်နှင့် နှစ် ဆက်သွယ်ရေးကုမ္ပဏီများဖြစ်သော Vodafone နှင့် China Mobile ခွာပြဲကာ နာမည်ကျော် မြန်မာ့ဆက်သွယ်ရေးဈေးကွက်လုပွဲထဲမှ ထွက်ခွာသွားခဲ့သည်။ အဓိကပြဿနာမှာ ရှယ်ယာအချိုးခွဲဝေမှုတွင် ညှိနှိုင်းမရဖြစ်ကာ ပြိုင်ပွဲမှ နှုန်ထွက်ရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။

တင်ဒါခေါ်ယူရေးကော်မတီမှ သတ်မှတ်ချက်များအရ ဖက်စပ်ကုမ္ပဏီများအနေဖြင့် ရှယ်ယာများဆုံးပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုကို ရွေးချယ်၍ ခေါင်းဆာင်ကုမ္ပဏီအဖြစ်သတ်မှတ်ကာ အဆိုပါကုမ္ပဏီ နာမည်ဖြင့်သာ လိုင်စင်လျှောက်ထားရန်ကန့်သတ်ထားသည်။ သို့ဖြစ်ရာ အဆိုပါကုမ္ပဏီ နှစ်ခုအနေဖြင့် ခေါင်းဆာင်နေရာ ခွဲဝေမရဖြစ်ကာ တင်ဒါပြိုင်ပွဲမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တင်ဒါရွေးချယ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းနောက် ဇွန်လ ၂၇ ရက်နေ့တွင် ဆက်သွယ်ရေးအော်ပရေတာ နှစ်နေရာကို တရားဝင်ကြေညာရန် သတ်မှတ်ခဲ့ပြီး ကုမ္ပဏီအချို့ကလည်း နည်းလမ်းပေါင်းစုံ ကတိပေါင်းစုံဖြင့် ပြည်သူများကို ဆွဲဆောင်မှုများပြုလုပ်ခဲ့ကြသည်။ သို့သော်လည်း လိုင်စင်မချထားပေးမှီ ဇွန်လ ၂၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ လိုင်စင်ချထားပေးမည့်ရက်ကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ပြီး လိုင်စင်ရွေးချယ်ပွဲ ပျက်ပြားလုအခြေအနေဖြစ်ခဲ့သည်။ သို့သော်လည်း တင်ဒါခေါ်ယူရေးကော်မတီက သတ်မျတ်ရက်တွင် ရွေးချယ်ထားသော ပြည်ပကုမ္ပဏီများကို လွှတ်တော်၏ဆန္ဒကို ဆန့်ကျင်ကာ ကြေညာခဲ့သည်။

တင်ဒါရွေးချယ်ရေးကော်မတီက နော်ဝေအစိုးရမှ ၅၄ ရာခိုင်နှုန်းကျော်ပိုင်ဆိုင်သော တယ်လီနော်ကုမ္ပဏီနှင့် ကာတာအစိုးရ ပတ်သတ်မှုရှိနေသော အူရီးဒူးကုမ္ပဏီတို့ကို ပြည်တွင်းတွင် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းများလုပ်ကိုင်ရန် တရားဝင်ရွေးချယ်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် ဆက်သွယ်ရေးအော်ပရေတာရွေးချယ်မှုအပေါ် ဝေဖန်မှုများ ရှိခဲ့သော်လည်း တင်ဒါခေါ်ယူရေးကော်မတီ အနေဖြင့် အမျှတဆုံးနှင့် အကောင်းဆုံးရွေးချယ်မှု များပြုလုပ်ခဲ့ခြင်းဖြစ်ကာ မည်သူ့ ဩဇာမှ မပါပဲ လွတ်လပ်စွာရွေးချယ်ခဲ့သည်ဟု အဆိုပါကော်မတီ ဥက္ကဌ ဦးဆက်အောင်က ဆိုသည်။

“ဘာအကူအညီတွေပေးတယ်။ ဘယ်လိုဆက်ဆံရေးမျိုးရှိတယ်ဆိုတာရယ် ဘာသာရေးတွေဘာတွေကို ထည့်မတွက်ပါဘူး။ ကျွန်တော်တို့က Dimensions ၈ မျိုးရယ်။ (Criteria)လုပ်ထုံးလုပ်နည်း ၂၀၀ လောက်နဲ့ စနစ်တကျရွေးချယ်ခဲ့တာပါ ” ဟု ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ ဆက်သွယ်ရေးအော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့်ရွေးချယ်ရေးကော်မတီ ဥက္ကဌ ဦးဆက်အောင်က ဆိုသည်။

ယခု ရွေးချယ်မှုသည် ကမ္ဘာ့အဆင့် ရွေးချယ်မှုဖြစ်ပြီး အလွန်စနစ်တကျရှိကာ မှန်ကန်သောရွေးချယ်မှုသာဖြစ်ကြောင်း တယ်လီနော မြန်မာ ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Mr.Pettter Furberg ကလည်း မှတ်ချက်ပေးသည်။

“မျှတတယ် မျှတဘူးက နိုင်တဲ့သူက မျှတယ်ပြောမှာပဲ။ မနိုင်တဲ့သူကတော့ မမျှဘူးပြောမှာပဲလေ။ ဒါပေမယ့် နိုင်ငံတကာက တောင်မျှတတယ်၊ ကမ္ဘာ့အဆင့်ရွေးချယ်ပွဲလို့ ချီးကျူးနေတဲ့အချိန်မှာ ပြည်တွင်းကုမ္ပဏီတွေက သူတို့ပူးပေါင်းထားတဲ့ ကုမ္ပဏီတွေတင်ဒါမအောင်တာနဲ့ပဲ မမျှတဘူးပြောနေတာ ကိုယ့်ကိုကိုယ် သိက္ခာချနေတာပဲ။” ဟု ကိုနေဦးကဆိုသည်။

ဘာတွေလုပ်ကြမှာလဲ

တင်ဒါအောင်မြင်ပြီး နောက်တွင် ပြည်ပဆက်သွယ်ရေးကုမ္ပဏီနှစ်ခုက ပြည်တွင်းတွင် ၎င်းတို့ပေးအပ်သွားရန် စီစဉ်ထားသော ဆက်သွယ်ရေးဝန်ဆောင်မှု အစီအစဉ်များကို အသီးသီးထုတ်ပြန်ကြေညာခဲ့သည်။

တယ်လီနော်ကုမ္ပဏီအနေဖြင့် လူတိုင်း မိုဘိုင်းဖုန်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုများကို လွယ်ကူ အဆင်ပြေ သက်သာစွာ ကိုင်ဆောင်သုံးစွဲခွင့်ရရှိစေရမည်ဟု ကတိပေးခဲ့ပြီးSIM Card တန်ဖိုး အများဆုံး ၁၅၀၀ ကျပ်နှင့် ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် အများဆုံး ၂၅ ကျပ်နှုန်းဖြင့် ခေါ်ဆိုခွင့်ပြုမည်ဟု ကြေညာသည်။

ထို့ အပြင် ၅ နှစ်အတွင်း မိုဘိုင်းကွန်ယက်အတွင်းတွင် အသံနှင့် အချက်အလက် ၈၀ ရာခိုင်နှုန်း အသုံးပြုနိုင်မည်ဖြစ်ကာ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၀၁၄ ဒုတိယ နှစ်ဝက်တွင် စတင်အသုံးပြုခွင့်ပြုသွားမည်ဟုလည်း တယ်လီနော်ဘက် မှ အရာရှိတစ်ဦးက ဆိုသည်။

အဆိုပါ ကုမ္ပဏီက ပထမငါးနှစ်အတွင်း ကုမ္ပဏီမှ တရားဝင်ဖွင့်လှစ်မည့် ခန့်အထိ ဖွင့်လှစ်ထားရှိသွားမည် ဖြစ်ကာ အရောင်းဌာန ၇၀၀၀၀ နှင့် လက်ခွဲဆိုင်ပေါင်း ၉၅၀၀၀ မိုဘိုင်းငွေပေးချေမှုများ၊ ကျန်းမာရေးဝန်ဆောင်မှုများ၊ စိုက်ပျိုးရေးကဏ္ဍများအတွက် ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည်ဟု ၎င်းကဆိုသည်။

ထို့အပြင် ကာတာကုမ္ပဏီ အူရီးဒူးကလည်း SIM Card တန်ဖိုးကို အများဆုံး ၁၅၀၀ ကျပ် သတ်မှတ်ထားပြီး ဖုန်းခေါ်ဆိုခများကို ၄၅ ကျပ်ထက်မကျော် ပဲသုံးစွဲခွင့်ပြုသွားမည်ဖြစ်ကာ 4G LTE စနစ်ကို အသုံးပြုခွင့်ပေးမည်ဟု ကြေညာခဲ့သည်။

လုပ်ငန်းစတင်ပြီး ၅ နှစ် ကာလအတွင်း Data နှင့် Voice အသုံးပြုမှု ၈၄ ရာခိုင်နှုန်း အထိရောက်ရောက်ရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး SIM Card အရောင်းဌာန ၂၄၀၀၀၀ နှင့် လက်ခွဲအရောင်းဌာန လက်ခွဲ ၇၂၀၀၀၀ အထိ ဖွင့်လှစ်သွားမည်ဖြစ်ကာ ပြည်တွင်းဝန်ထမ်း ၉၉.၉ ရာခိုင်နှုန်းခန့်အပ်သွားမည်ဖြစ်ကြောင်း အူရီးကုမ္ပဏီဘက်ကဆိုသည်။

ယခုလိုင်စင်ရရှိသော ပြည်ပကုမ္ပဏီနှစ်ခုနှင့် ပြည်တွင်းမှ Myanmar Telecom၊ ရတနာပုံ ဆက်က်သွယ်ရေးကုမ္ပဏီတို့အနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတ်မှတ်ထားသော ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အတွင်း မိုဘိုင်းဖုန်း အလုံးရေ သုံးဆယ့်ကိုးသန်းငါးသိန်း ၊ ၂ဝ၁၃-၁၄ တွင် လိုင်း ၁ဝသန်း၊ ၂ဝ၁၄-၁၅ တွင် လိုင်း ၁၄ သန်း၊ ၂ဝ၁၅-၁၆တွင် ၁၅ဒသမ၅သန်း တို့ကို ပြည့်မှီအောင် တပ်ဆင်ပေးရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနကလည်း ဆက်တိုက်ဆိုသလို ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်သွယ်ရေးအော်ပရေတာ လုပ်ကိုင်ခွင့်သက်တမ်း ကို ၁၅ နှစ် သတ်မှတ်ထားပြီး အဆိုပါကုမ္ပဏီများအနေဖြင့် ဆက်သွယ်ရေးဥပဒေထွက်ရှိပြီးနောက် ယခုအချိန်အထိအပြီးနိုင်ခြင်းမရှိသေးပဲ ညှိနှိုင်းရေးဆွဲနေဆဲဖြစ်သည့် ဆက်သွယ်ရေးနည်းဥပဒေကို စောင့်ဆိုင်းနေကြပြီး ၂၀၁၄ ခုနှစ်အတွင်း မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာလိုင်စင် တရားဝင်ရရှိမည်ဖြစ်သည်။

အပြိုင်အဆိုင်ပြင်ဆင်ကြခြင်း

ထို့အပြင် လိုင်စင်တရားဝင်ရရှိခြင်း မရှိသေးသော်လည်း လိုင်စင်ရရှိချိန်တွင် ဝန်ဆောင်မှုများအမြန်ဆုံးပေးအပ်နိုင်စေရန် ပြည်ပကုမ္ပဏီနှစ်ခုလုံးက အခြားနည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကို ကြိုတင်ပြင်ဆင်နေကြသည်။

“ပြင်မထားလို့ကတော့မရဘူးလေ။ ရတနာပုံကတော့ထားလိုက်တော့ သူကတော့ ပြင်ဆင်မှုအပိုင်းမှာ အားနည်းချက်တွေရှိနေတယ်။ MPT မှာက သူ့ဝန်ထမ်းနဲ့သူရှိပြီးသားလေ။ နောက်ပြီးသူက ပြင်သစ်က နာမည်ကြီးကုမ္ပဏီ Orange နဲ့ပေါင်းဖို့များတယ်။ သူတို့ပေါင်းလိုက်ရင် MPT က ပြည်ပကုမ္ပဏီတွေထက် နည်းနည်းတောင်ပိုသာသွားမယ်။ ဘာလို့လဲဆိုတော့ အရင်းအနှီးနဲ့ နည်းပညာကာ ဟိုဘက်က ပါလာမယ်။ သူ့မှာ လူအင်အားရှိတယ်။ ဒီနိုင်ငံမှာအခြေကျပြီးသားလေ။” ဟု ကိုနေဦး ကဆိုသည်။

၂၀၁၃ ခုနှစ် တတိယ သုံးလပတ် အတွင်းတွင် ကုမ္ပဏီနှစ်ခုလုံးက ဝန်ထမ်းခေါ်ယူမှုများစတင်ခဲ့ပြီး ပြည်တွင်းရှိ လူငယ်များအတွက် စိတ်ဝင်စားမှုမြင့်မားသော အလုပ်အကိုင်အခွင့်အလမ်းရှာဖွေစရာနေရာများဖြစ်လာခဲ့သည်။

“ဒီ အခွင့်အရေးက အရမ်းကြီးတဲ့ အခွင့်အလမ်းလို့မြင်တယ်။ အဲဒါကြောင့် အလုပ်ဝင်လျှောက်ခဲ့တာ။ ရမယ် မရဘူးကတော့ မမျှော်လင့်ရဲသေးဘူး။ လာလျှောက်တဲ့သူအရမ်းများလို့။ ဒါပေမယ့် ဒီလိုအခွင့်လမ်းမျိုးကို စိတ်မဝင်စားတဲ့ လူငယ်တွေ ဘယ်မှာရှိပါ့မလဲ” ဟု တယ်လီနော်မြန်မာ၏ Public Relation ဌာနတွင် အလုပ်လျှောက်လွှာတင်ခဲ့သူ ပြည်တွင်းသတင်းဂျာနယ်တစ်ခုမှ သတင်းထောက်တစ်ဦးက ပြန်လည်ပြောပြသည်။

ထို့နောက် ဒီဇင်ဘာလအတွင်းတွင် အူရီဒူးမြန်မာကုမ္ပဏီက ပြည်တွင်းတွင် တည်ဆောက်မည့် ၎င်းတို့၏ ဆက်သွယ်ရေးကွန်ယက်အတွက် လိုအပ်သောဆက်သွယ်ရေးတာဝါတိုင်များတည်ဆောက်ရန် တင်ဒါမအောင်မြင်ခဲ့သော Digicel Group နှင့် ပြည်တွင်းရှိ နာမည်ကျော် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ YSH Finance Ltd တို့ ပူးပေါင်း တည်ထောင်ထားသော Myanmar Towers Company ကို တာဝါတိုင်တည်ဆောက်ရေးလုပ်ငန်းလုပ်ကိုင်ရန် ရွေးချယ်စာချုပ်ချုပ်ဆို ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ မြန်မာတစ်နိုင်ငံလုံးကို ဆက်သွယ်ရေးကွန်ယက်လွမ်းခြုံနိုင်ဖို့အတွက် အူရီးဒူးနဲ့ တွဲဖက်လုပ်ကိုင်ရမှာကို ဂုဏ်ယူတယ်။ ဒီနိုင်ငံထဲက ဒေသအသီးသီးမှာရှိတဲ့ နိုင်ငံသားတွေ စီးပွားရေး နဲ့ အကျိုးစီးပွား ဖွံ့ဖြိုးလာအောင် ကူညီမှာပါ။” Digicel Group မှ ဥက္ကဌဖြစ်သူ Mr. Denis O’Brien ကဆိုသည်။

ပြည်တွင်းတွင် လုပ်ကိုင်ကြမည့် ဆက်သွယ်ရေးအော်ပရေတာအားလုံးအတွက် အမှန်တကယ်လိုအပ်ေသော ဆက်သွယ်ရေးကွန်ယက်လွမ်းခြုံမှုပမာဏကို အကောင်းဆုံးအထောက်အကူဖြစ်စေရန် ကူညီသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် အူရီးဒူးမြန်မာသည် ပြည်တွင်းတွင် 3G ဆက်သွယ်ရေး ကွန်ယက်တည်ဆောက်ရန်အတွက် အဓိက Supplier အဖြစ်လည်း ကမ္ဘာကျော်နည်းပညာကုမ္ပဏီ နိုကီယာ(Nokia Solutions and Networks)ကို ရွေးချယ်ခဲ့သည်။

“ကမ္ဘာ့အဆင့် ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ကျွန်တော်တို့ရဲ့ သုံးစွဲသူဖြစ်လာမယ့် မြန်မာပြည်က ပြည်သူတွေကို ပေးနိုင်ဖို့ လုပ်ဆောင်ချက်တွေထဲက တစ်ခုပါ။ ကျွန်တော်တို့ရဲ့ ကွန်ယက်ကနေတဆင့် အရမ်းကောင်းမွန်တဲ့ ဆက်သွယ်ရေးဆိုင်ရာ အတွေ့အကြုံတွေရရှိစေမှာပါ။ ဒီလုပ်ငန်းအတွက် နိုကီယာဟာ မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံးလို့မြင်တယ်” ဟု အူရီးဒူးမြန်မာမှ အမှုဆောင်အရာရှိချုပ် Ross Cormack အဆိုပါရွေးချယ်မှုနှင့် ပတ်သတ်၍ ပြောကြားသည်။

နိုကီယာကုမ္ပဏီအနေဖြင့် ပြည်တွင်းရှိ အူရီးဒူးမြန်မာ၏ မိုဘိုင်းနှင့် အင်တာနက် ဝန်ဆောင်မှု အသုံးပြုမည့် သူများအတွက် Radio၊ Core Equipment အစရှိသော ဆက်သွယ်ရေးကွန်ယက်တည်ဆာက်ရာတွင် အသုံးပြုမည့် ပစ္စည်းများနှင့် အခြားဝန်ဆောင်မှုများကိုပါ တွဲဖက် ထောက်ပံ့ကူညီပေးပေးရမည်ဖြစ်ကြောင်း နိုကီယာကုမ္ပဏီ ဘက်မှ ထုတ်ပြန်ထားသည်။

အခြားဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော တယ်လီနော်မြန်မာကလည်း မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ ဆက်သွယ်ရေးကွန်ယက်တည်ဆောက်ရာတွင် အဓိက Telecom Equipment Supplier အဖြစ် ကမ္ဘာ့နံပါတ်တစ် Telecom Vendor ကုမ္ပဏီ Huawei နှင့် နာမည်ကျော် ကုမ္ပဏီ Ericson တို့ကို ရွေးချယ်၍ နားလည်မှုစာချွန်လွှာ ကြိုတင်ရေးထိုးထားကြောင်း တယ်လီနော်မြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furberg က ဆိုသည်။.

ဆက်သွယ်ရေးတာဝါတိုင် အပါအဝင် ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက်ရန်နှင့် စီမံခန့်ခွဲရန် အတွက်ကိုမူ Appollo Towers ကို Towers Vendor အဖြစ် ရွေးချယ်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“သူတို့ရဲ့ လုပ်ငန်းအတွေအကြုံတွေနဲ့ ကျွမ်းကျင်မှုတွေက တယ်လီနော်ရဲ့ လုပ်ငန်းစီမံကိန်း လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပြီး ကျွန်တော်တို့ရဲ့ အဆင့်မြင့် မိုဘိုင်းကွန်ယက်ကို အောင်မြင်စွာစတင်နိုင်မယ်လို့ ယုံကြည်ပါတယ်။” ဟု ၎င်းကဆိုသည်။

မည်သို့ပင် ကြိုတင်ပြင်ဆင်မှုများ ပြုလပ်နေသည် ဖြစ်စေ အဆိုပါ ဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီနှစ်ခုအနေဖြင့် အနေဖြင့် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးကွန်ယက်တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်ဦးမည်မဟုတ်ပဲ တည်ဆောက်ရေးအပိုင်းများကို က်သွယ်ရေးအော်ပရေတာလိုင်စင်ရရှိပြီးမှ စတင်ဖွယ်ရှိကြောင်း ပြည်တွင်းရှိ ဆက်သွယ်ရေးအသိုင်းအဝိုင်းမှ မှတ်ချက်ပြုသည်။

နည်းဥပဒေကိုစောင့်ကြသူများ

၂၀၁၃ တွင် မြန်မာ့ဆက်သွယ်ရေးသမိုင်းတစ်လျှောက် အခြားထူးခြားသော အချက်တစ်ခု ရှိနေသေးသည်။ တစ်နှစ်ခန့် အချိန်ယူရေးဆွဲထားပြီး ခေတ်ကာလနှင့်လိုက်လျောညီထွေရှိသော ဆက်သွယ်ရေးဥပဒေသစ်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဌာန်းနိုင်ခဲ့ပြီး ယခင်အငြင်းပွားဖွယ်ရာ ဆက်သွယ်ရေးဥပဒေကို ခေါက်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ နာမည်ကျော် ဆက်သွယ်ရေးဥပဒေဟောင်းကို ပယ်ဖျက်ခြင်းဖြင့် ယခင်က လူငယ်ပညာတတ် IT သမားအချို့ကို ဖမ်းဆီးနှိပ်ကွပ်မှုများကြောင့် နာမည်ပျက်ခဲ့သော မြန်မာ့ဆက်သွယ်ရေးဥပဒေကို တစ်ခန်းရပ်စေခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အဆိုပါဆက်သွယ်ရေးဥပဒေသစ်ထွက်ရှိလာသော်လည်း နောက်ဆက်တွဲအနေဖြင့် နည်းဥပဒေထွက်ရှိလာသေးခြင်းမရှိသေးဘဲ ယခုနှစ်ကုန်ပိုင်းမှ ထွက်ရှိဖွယ်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးဘက်မှ ဆိုထားသည်။

နောက်ဆက်တွဲအနေဖြင့် ပြည်တွင်းတွင် မိုဘိုင်း ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းလုပ်ကိုင်ခွင့် တင်ဒါအောင်မြင်ထားသော ပြည်ပဆက်သွယ်ရေးကုမ္ပဏီများစောင့်ဆိုင်းနေသော လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကိုလည်း ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ချထားပေးသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ အမည်မဖော်လိုသူ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ဆိုသည်။

“၂၀၁၄ နှစ်ဆန်းပိုင်းလောက်ဖြစ်သွာမးယ်။ အခုကတော့ ညှိနှိုင်းနေတုန်းပဲ။ ဥပဒေအကြမ်းကတော့ ထွက်နေပြီ Public ကို ချပြထားတယ်။ အဲဒီဟာကို အခြေခံပြီး နည်းဥပဒေကို ပိုကောင်းအောင်လုပ်နေတယ်။” ဟု ၎င်းကဆိုသည်။

ဤသို့ နည်းဥပဒေနောက်ကျနေခြင်းကြောင့် ဆက်သွယ်ရေးလိုင်စင်ရရှိရန် စောင့်ဆိုင်းနေသော ပြည်ပဆက်သွယ်ရေးအော်ပရေတာနှစ်ခုအနေဖြင့် မူလခန့်မှန်းထားသောကာလထက်နောက်ကျ၍ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို စတင်ရတော့မည်ဖြစ်သည်။

“ဆက်သွယ်ရေးလိုင်စင်က ပထမဦးဆုံးအဆင့်အနေနဲ့ ၁၅ နှစ်သက်တမ်းကြာလုပ်ကိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်လ နှစ်လလောက်ထပ်ပြီးစောင့်ရမယ်ဆိုလည်း ဒါကကျွန်တော်တို့အတွက် ဒီလောက်ကြီးခက်ခဲတဲ့ ကိစ္စကြီးမဟုတ်ပါဘူး။ တယ်လီနော်က ရေရှည်ရင်းနှီးမြှုပ်နှံမယ့်သူ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ၁၅ နှစ်ကနေ နောက်ထပ် နှစ်အများကြီး ထပ်ပြီးလုပ်ကိုင်သွားမှာဖြစ်တဲ့အတွက် နောက်ထပ် လပိုင်းလောက်စောင့်ရတယ်ဆိုတာ ကျွန်တော်တို့အတွက် အခက်အခဲမရှိပါဘူး။” ဟု တယ်လီနော်မြန်မာကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg ကဆိုသည်။

ဆက်သွယ်ရေးအော်ပရေတာလိုင်စင်နှင့် နည်းဥပဒေ နောက်ကျနေခြင်းမှာ ပြည်တွင်းက အော်ပရေတာများ အခွင့်အရေးရရှိရန် အချိန်ဆွဲနေခြင်းမဟုတ်ပဲ သေချာစနစ်တကျနှင့် အကောင်းဆုံးနည်ဥပဒေဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဥပဒေထွက်ရှိချိန်နောက်ကျခဲ့ခြင်းကြောင့် ကျန် Processများပါ နောက်ကျခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်ခေါင်ကဆိုသည်။

“နည်းဥပဒေက မကြာတော့ပါဘူး။ နည်းဥပဒေပြီးရင်တော့ ပြည်ပအော်ပရေတာတွေကို လိုင်စင်ချထားပေးမှာပါ။ နည်းဥပဒေကလည်း နှစ်ကုန်ပိုင်းလောက် ပြီးမှာပါ။ ဒါပေမယ့် ပြည်ပ မိုဘိုင်းအော်ပရေတာတွေကိုတော့ ဆွေးနွေးမှုတွေဆက်ပြီး လုပ်နေပါတယ်။ မကြာခင်အပြီးသတ်သွားမှာပါ။” ဟု ၎င်း ဆိုသည်။

ဆက်သွယ်ရေးဥပဒေ၏ နောက်ဆက်တွဲဖြစ်သော ဆက်သွယ်ရေးနည်းဥပဒေကိုစောင့်ဆိုင်းနေပြီး လိုင်စင်ကို ယခုနှစ် မကုန်မှီအပြီးသတ်နိုင်မည်ဟု ယူဆထားပြီး အခြေခံအဆောက်အအုံ တည်ဆောက်မှုများကို လာမည့် နှစ်ဆန်းမှ စတင်ရမည်ဖြစ်သောကြောင့် ၂၀၁၄ ခုနှစ် တတိယ သုံးလပတ်လောက်ကလ ရောက်မှ ဝန်ဆောင်မှုများ စတင်ပေးနိုင်ဖွယ်ရှိကြောင်း နော်ဝေအခြေစိုက်တယ်လီနော်ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Jon Fredrik Basksaas က ပြီးခဲ့သော နိုဝင်ဘာလအတွင်းက ဘန်ကောက်မြို့တွင် ပြောကြားသည်။

“အခုနောက်ကျနေတယ်လို့ အားလုံးက ခံစားနေရတာကလည်း ဆက်သွယ်ရေးဥပဒေသစ် ထွက်လာတဲ့အချိန်ကိုက နည်းနည်းနောက်ကျသွားတဲ့အတွက် ဖြစ်ပါတယ်။ အခု အချိန်တိုအတွင်းမှာ ဒီလို Process တွေလုပ်နိုင်တယ်။ တယ်လီနော်အနေနဲ့ ကြည့်မယ်ဆိုရင် မြန်မာအစိုးရဘက်က လုပ်ကိုင်နေတဲ့ ကိစ္စတွေက အဆင်ပြေပြေ ချောချောမွေ့မွေ့ ရှိတယ်လို့ထင်ပါတယ်။ ဒါကြောင့် ဒီနှစ်မကုန်မှီအတွင်းမှာ လိုင်စင်ရမယ်လို့ မျှော်မှန်းထားပါတယ်။” ဟု Mr.Petter Furberg ကဆိုသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ဆန်းပိုင်းတွင် လိုင်စင်ကိစ္စအပြီးသတ်ရန် သတ်မှတ်ထားသော်လည်း ယခုအချိန်အထိ နည်ဥပဒေထွက်ရှိခြင်း မရှိသေးပဲ လိုင်စင်ကိစ္စမှာလည်း နှောင့်နှေးနေခြင်းမှာ နိုင်ငံတကာတွင် မျက်နှာပျက်စရာဖြစ်ကြောင်း ကွန်ပျူတာပညာရှင်တစ်ဦးဖြစ်သူ ကိုမင်းခန့်ကသုံးသပ်သည်။

ပြည်ပဆက်သွယ်ရေးကုမ္ပဏီနှစ်ခု အနေဖြင့် ပြည်တွင်းမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို အသွင်ပြောင်းလဲမည့် Myanmar Telecom၊ ပြည်တွင်းတွင် ဆက်သွယ်ရေးလုပ်ငန်းကုမ္ပဏီများ စုပေါင်းထားသည့် ရတနာပုံ ဆက်သွယ်ရေးကုမ္ပဏီတို့နှင့် လူဦးရေ သန်းခြောက်ဆယ်ရှိသော နိုင်ငံအတွင်း မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်း တိုက်ပွဲဆင်နွှဲရတော့မည်ဖြစ်ပြီး ယင်းအနေအထားသည် ပြည်တွင်းတွင်လက်ရှိ လက်ဝါးကြီးအုပ်လုပ်ကိုင်နေသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲရန်ပြင်ဆင်နေသော ရတနာပုံတယ်တယ်လီပို့ကုမ္ပဏီတို့ အတွက် ကြီးမားသော စိန်ခေါ်မှုလည်းဖြစ်ကြောင်း ဆက်သွယ်ရေးအသိုင်းအဝိုင်းက သုံးသပ်ထားသည်။

အားလုံးအတွက် ၂၀၁၄ အိပ်မက်

လက်ရှိ မြန်မာ့ဆက်သွယ်ရေးအနေအထားမှာ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပဆက်သွယ်ရေးကုမ္ပဏီနှစ်ခုကို ဆက်သွယ်ရေးလိုင်စင်ချထားပေးရေး နှောင့်နှေးနေသေးသကဲ့သို့ အစိုးရ၏ ရည်မှန်းချက်ဖြစ်သော ၂၀၁၆ တွင် တိုင်းပြည် လူဦးရေ၏ ၈၀ ရာခိုင်နှုန်း ဆက်သွယ်ရေးဝန်ဆောင်မှုများသုံးစွဲနိုင်ရေး အိပ်မက်မှာ တကယ်ဖြစ်နိုင်မဖြစ်နိုင် ၂၀၁၄ တွင် စောင့်ကြည့်ရဦးမည်ဖြစ်သည်။

“တကယ့်ပြိုင်ဆိုင်မှုတွေက လုပ်ငန်းတွေ စတင်တဲ့ အချိန်ကျမှ စမှာပါ။ တကယ့်ပြိုင်ပွဲမှာ ဘယ်သူသာတယ်ဆိုတာ ဒီအချိန်မှာ ပြောရခက်ပါတယ်။ အားလုံးက ပြည်ပ ကုမ္ပဏီတွေ သာတယ်ထင်နေကြပေမယ့် တကယ်လုပ်ကြတဲ့ အခါမှ ဘယ်သူသာလဲ သိရမှာပါ။ MPT ကလည်း ဒီအတိုင်းငုတ်တုတ်ထိုင်နေမှာမှ မဟုတ်တာ။ သူတို့လည်း ပြောင်းနေတာပဲ။ ရတနာပုံလည်း ဒီအတိုင်းပဲလေ” ဟု ကိုနေဦးကဆိုသည်။

အသစ်ထွက်ရှိလာမည့် နည်းဥပဒေကြောင့် အခြားဆက်သွယ်ရေးကဏ္ဍတွင် ပြည်ပကုမ္ပဏီများ အပြိုင်အဆိုင် ဝင်လာနိုင်သေးသကဲ့သို့ ပြိုင်ဆိုင်မှုများကြောင့် ပြည်တွင်းဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုများလည်း ပိုမိုကောင်းမွန်လာနိုင်ဖွယ်ရှိနေသည်။

“၂၀၁၃ ကတော့ မြန်မာ့ဆက်သွယ်ရေးသမိုင်းမှာ သမိုင်းတွင်တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့တယ်လေ။ ပြည်ပဆက်သွယ်ရေးကုမ္ပဏီတွေ လုပ်ကိုင်ခွင့်ပြုတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလေ။ အခုတင်ဒါခေါ်ပြီးတော့ လိုင်စင်ချထားပေးဖို့ပဲ ကျန်တော့တယ်။” ဟု ဦးကျော်ခေါင်က ဆိုသည်။

မည်သို့ပြင်ဖြစ်စေ မြန်မာ့ဆက်သွယ်ရေးသမိုင်းတွင် ၂၀၁၃ ခုနှစ်သည် ထူးခြားသော နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ ၁၅၀၀ တန်ဖုန်း၊ ဆက်သွယ်ရေးဥပဒေသစ် အပါအဝင် ပြည်ပဆက်သွယ်ရေးအော်ပရေတာများ ဝင်ရောက်လာခြင်းအထိ အကြီးမားဆုံးသော အပြောင်းအလဲများ ဖြစ်ခဲ့သော နှစ် တစ်နှစ်ဖြစ်လေသည်။

“၂၀၁၄ မှာတော့ ဒီ့ထက် ပိုများတဲ့ အပြောင်းအလဲတွေဖြစ်လာဦးမှာပါ။ လိုင်စင်ချပေးပြီးသွားရင် တရားဝင် လုပ်ငန်းတွေ စတင်ကြရင် မြန်မာ့သမိုင်းမှာ တစ်ခါမှ မကြုံဖူးသေးတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို တစ်နိုင်ငံလုံး သုံးစွဲနိုင်တော့မယ်။ အရင်လို အင်တာနက် မကောင်းတာတွေ၊ ဖုန်းလိုင်းမကောင်းတာတွေ မကြုံရနိုင်တော့ဘူး။ မြန်မာပြည်က လူတိုင်း ကမ္ဘာတစ်ဝှမ်းလူတွေလိုပဲ အကောင်းဆုံးဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ရရှိနိုင်တော့မှာပါ။” ဟု ဦးကျော်ခေါင်ကဆိုသည်။

ရဲဇွန်အောင်
ဇန်နဝါရီ၊ ၂၀၁၄
Living Color Magazine

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *