၂၀၁၄ ဆက်သွယ်ရေး ဗိုလ်လုပွဲ

ပုဆိန်ရိုးဟု အခေါ်ခံရမည်လား မဆိုတတ်၊ လက်ရှိဆက်သွယ်ရေး ဝန်ဆောင်မှုများကို စိတ် ပျက်နေပြီ ဖြစ်သည့် မြန်မာလူထုကမူ ပြည်ပ ဖုန်းကုမ္ပဏီနှစ်ခုကို မျှော်တလင့်လင့် ရှိနေပြီ ဖြစ်သည်။

နိုင်ငံခြား ဆက်သွယ်ရေးကုမ္ပဏီ နှစ်ခုဖြစ်သော တယ်လီနောနှင့် အော်ရီဒူးတို့ တင် ဒါ အောင်မြင်ခဲ့ပြီးနောက် အဆိုပါ ကုမ္ပဏီများက မိမိတို့လုပ်ကိုင်မည့် အစီအစဉ်များကို ကြို တင် ကြေညာထားကြပြီး ပြည်သူများကလည်း ဈေးနှုန်းသက်သာခြင်း၊ နိုင်ငံတကာ အဆင့်မီ ဝန်ဆောင် မှုများ ပေးအပ်သွားမည် ဆိုခြင်းတို့ကြောင့် ဝန်ဆောင်မှုများ မပေးမီမှာပင် မဆွတ်ခင် ညွတ်နေကြသည့် သဘောရှိသည်။

ယင်းအနေအထားသည် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်ရန် မလိုအပ်ဘဲ အော်ပရေတာ လုပ်ကိုင်ခွင့် တစ်နေရာစီ ရရှိနေသော ပြည်တွင်း ဆက်သွယ်ရေး လုပ်ငန်းနှစ်ခုဖြစ်သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) ကို အသွင်ပြောင်းလဲမည့် မြန်မာ့ဆက်သွယ်ရေး အများပိုင်ကုမ္ပဏီ (Myanmar Telecom) နှင့် ရတနာပုံ တယ်လီပို့ကို အသွင်ပြောင်းလဲမည့် ရတနာပုံ ဆက်သွယ်ရေးကုမ္ပဏီ (Yatanarpon Telecom) တို့အတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာမည် ဖြစ်သည်။

အဆိုပါ ကုမ္ပဏီများအနေနှင့် ပြည်ပကုမ္ပဏီများကဲ့သို့ နည်းပညာမြင့် ဝန်ဆောင်မှုများကို ဈေးနှုန်း ချိုသာ စွာဖြင့် ဝန်ဆောင်မှု ပေးနိုင်အောင် ကြိုးပမ်းရန် ပိုမိုလိုအပ်လာသည်။ ဈေးကွက်၏ လိုအပ်ချက်အတိုင်း လိုက်ပါဆောင် ရွက်နိုင်ခြင်း မရှိသော ကုမ္ပဏီများသည် ပြိုင်ဆိုင် မှု ပြင်း ထန်မည့် မြန်မာ့ ဆက်သွယ်ရေး ဈေးကွက် လုပွဲကြီးမှ ဘေးထွက်ရမည် ဖြစ်သည်။

၂၀၁၆ နှင့် ၈၀ ရာခိုင်နှုန်း

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းများအရ ယင်းကုမ္ပဏီ လေးခုမှ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်း အလုံးရေ ၃၉ ဒသမ ၅ သန်း ရောင်းချ တပ်ဆင်ပေးရမည် ဖြစ်ပြီး စုစုပေါင်း လူဦးရေ၏ ၇၅ မှ ၈၀ ရာခိုင်နှုန်းအထိ မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို သုံးစွဲနိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

“တယ်လီဖုန်း သိပ်သည်းဆကို ၂၀၁၅ – ၁၆ မှာ ၇၅ ကနေ ၈၀ ရာခိုင်နှုန်းအထိ ရည်မှန်းထားပါတယ်။ ဆက်သွယ်ရေးကုမ္ပဏီ လေးခုစလုံးက ဆောင်ရွက်ရမှာပါ။ အခုက လူဦးရေ သန်းခြောက်ဆယ်ရဲ့ ၁၁ ဒသမ ၁ ရာခိုင်နှုန်းပဲ ရှိသေးတယ်” ဟု သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။

သန်း ၆၀ ဝန်းကျင်ရှိသော မြန်မာနိုင်ငံ လူဦးရေ၏ ၁၁ ဒသမ ၁ ရာခိုင်နှုန်းသာ မိုဘိုင်းလ်ဖုန်း သုံးစွဲနိုင်၍ အင်တာနက် အသုံးပြုသူ သိန်းဂဏန်းသာ ရှိခြင်းကြောင့်လည်း မြန်မာ့ဆက်သွယ်ရေး ကဏ္ဍမှာ ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများအတွက် ရတနာသိုက်ကြီး ဖြစ်နေသည်။

ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့်အတွက် ရွေးချယ်ခံထားခဲ့ရသော ပြည်တွင်းပြည်ပ ကုမ္ပဏီများမှာ ဆက်သွယ်ရေး ဥပဒေသစ်အရ အခြေခံ အဆောက်အဦး တည်ဆောက်မှုများနှင့် ကွန်ရက် ချိတ်ဆက်မှုများကို အမြန်ဆုံး စတင်ရမည် ဖြစ်သည်။

တယ်လီနော ကုမ္ပဏီက လိုင်စင်ရရှိပြီးနောက် ရှစ်လအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများကို စတင် မည်ဟု ကြေညာထားပြီး အော်ရီဒူးက ခြောက်လအတွင်း စတင်မည် ဖြစ်ကြောင်း ကြေညာထားသည်။

“ရတနာပုံ တယ်လီပို့အနေနဲ့ စတင်ဝန်ဆောင်မှု ပေးမယ့်အချိန်ကို တိတိကျကျ သတ်မှတ်ထားတာမျိုးတော့ မရှိသေး ဘူး။ ကျွန်တော်တို့က နောက်ကျရင် ကျွန်တော် တို့ပဲ ပြန်ပြီးတော့ ထိမယ်။ နိုင်ငံခြား အော်ပရေတာတွေ စတင်မယ်ဆိုတဲ့ ကာလထက်ကို ကျွန်တော်တို့က တစ် လနှစ်လလောက် ထပ်ပိုပြီး ကွာလို့မရဘူး။ စောပြီး စနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့ဗျာ” ဟု ရတနာပုံ တယ်လီပို့ကုမ္ပဏီမှ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးရှိန်းသူအောင်က ဆိုသည်။

ထို့အပြင် ပြည်တွင်း ဆက်သွယ်ရေး လုပ်ငန်းနှစ်ခုက 4G LTE စနစ်ကို စတင်အသုံးပြုနိုင်ရန် စီစဉ်ဆောင် ရွက်နေပြီး မကြာမီ ကာလအတွင်း စတင်အသုံးပြုနိုင်မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားကြသည်။

“ကျွန်တော်တို့ ရည်မှန်းချက်က 4G LTE ပေါ့။ ဒါကို ရည်မှန်းထားပေမယ့် 2G လည်းဆက်သွားမယ်။ 3G လည်း ထည့်ပေးမယ်။ ဒီကြားထဲမှာ LTE မသွားခင် 3G နဲ့ LTE ကြား 3.75G လုပ်ဖို့လည်း အစီအစဉ် ရှိပါတယ်။ 4G ကတော့ ဂျပန်အကူအညီနဲ့ တပ်ဆင်နေတာ SEA Games မတိုင်မီ စသုံးနိုင်မယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မော်က ဆိုသည်။

ပြောင်းရန်ပြင်ခြင်း

ယခုအခါ ပြည်တွင်းမှ ဆက်သွယ်ရေး ကုမ္ပဏီအဖြစ် အသွင်ပြောင်းလဲတော့မည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့ ကုမ္ပဏီတို့က ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းပညာနှင့် အရင်းအနှီးများ လာရောက် ရင်းနှီးမြှုပ်နှံကြရန် အဆိုပါ လုပ်ငန်းနှစ်ခု စလုံးက နေပြည်တော်တွင် စက်တင်ဘာလ အတွင်းက ပြုလုပ်ခဲ့သော Myanmar Connect 2013 အခမ်းအနားတွင် ပြောကြားခဲ့သည်။

“လာပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ကြိုဆိုပါတယ်။ Investment တင်မကဘူး။ နည်းပညာနဲ့ ကျွမ်းကျင်မှု၊ ဈေးကွက်ကို ဘယ်လို သယ်ဆောင်မလဲ ဆိုတာတွေ နားလည်ပြီး ရေရှည် အကျိုးရှိအောင် ဆောင်ရွက်မယ့်သူတွေ ဖြစ်ဖို့လိုတယ်” ဟု ရတနာပုံ တယ်လီပို့ ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် ဦးတင်ဝင်းက ပြောကြားသည်။

ရတနာပုံ တယ်လီပို့က ရေရှည် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ခဲ့ပြီး နည်းပညာ၊ ကျွမ်း ကျင်မှုနှင့် ဈေးကွက်အကြောင်း နားလည်သော အတွေ့အကြုံရှိ ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် သွားလိုကြောင်း ၎င်းကပြောဆိုသည်။

ထို့အပြင် MPT ကို အသွင်ပြောင်းလဲရန်အတွက် ပြင်သစ်၊ ဂျပန်၊ စင်ကာပူ၊ ထိုင်းနှင့် အခြား ဥရောပ နိုင်ငံများမှ အတွေ့အကြုံရှိ ဆက်သွယ်ရေး ကုမ္ပဏီ များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မော်က ပြောကြားသည်။

“လက်ရှိ MPT နဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ဖို့ လာဆွေးနွေးနေတဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ စတင်ဆွေးနွေးနေပါပြီ။ ဒီထဲကနေ အကောင်းဆုံး ကုမ္ပဏီတစ်ခုကို ရွေးချယ် အကောင် အထည်ဖော် ဆောင်ရွက်သွားမှာပါ။ အခုကုမ္ပဏီ ငါးခုလောက်နဲ့ ဆွေးနွေးနေပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပူးပေါင်း ဆောင်ရွက်လိုသည့် ကုမ္ပဏီများအတွက် ရှယ်ယာပမာဏ အချိုးနှင့် ရင်းနှီးမြှုပ်နှံရမည့် ပမာဏကို မသတ်မှတ် ရသေးသော်လည်း MPT ၏ ရှယ်ယာပမာဏမှာ အများဆုံးဖြစ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

သုံးပွင့်ဆိုင် အခက်အခဲ

“ပြည်တွင်းကုမ္ပဏီနှစ်ခု အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာက နည်းပညာ၊ အရင်းအနှီးနဲ့ ကျွမ်းကျင်လုပ်သား မရှိတာ။ ပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင်တောင်မှ ခပ်မြန်မြန်လုပ်ဖို့ လိုမယ်။ နောက် ကျလေ သူတို့နစ်နာလေပဲ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစား အရာရှိ တစ်ဦးဖြစ်သူ ဦးသန်းဦးက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှာ လက်ရှိအချိန်တွင် ကျွမ်းကျင်လုပ်သား အလုံအလောက် မရှိမှု၊ နည်းပညာ နိမ့်ပါးမှုနှင့် ရင်းနှီးမြှုပ်နှံနိုင်သော ပမာဏနည်းပါးခြင်းစသည့် အခက်အခဲများ ရှိနေကြောင်း ဦးအောင်မော်က ပြောကြားသည်။“နည်းပညာပိုင်းက ရတနာပုံ တယ်လီပို့နဲ့ ပူးပေါင်းမယ့် International Partner ရွေးချယ်တဲ့ လုပ်ငန်းစတင် ဆောင်ရွက်နေပါပြီ။ အဲဒါပြီးသွားရင်တော့ နည်းပညာပိုင်း အနေနဲ့ကတော့ ပြည်ပ ကုမ္ပဏီတွေနဲ့ အတူတူလောက် ဖြစ်သွားမယ်” ဟု ဦးရှိန်းသူအောင်က ဆိုသည်။

ဆက်သွယ်ရေး လုပ်ငန်းသည် အရင်းအနှီးပမာဏ များပြားပြီး ရေရှည် ရင်းနှီးမြှုပ်နှံရသော လုပ်ငန်းဖြစ်သောကြောင့် နည်းပညာ အရသာမက အရင်းအနှီး ပမာဏများများ ရင်းနှီးမြှုပ်နှံနိုင်သော ကုမ္ပဏီများကိုသာ ရွေးချယ်သင့်ကြောင်း ဦးသန်းဦးက အကြံပြုသည်။

“ဆက်သွယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ ကျွမ်းကျင်တဲ့သူ နည်းတယ်။ နည်းတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဖို့မှာ အဲဒါမျိုးတွေမှာ ကျွမ်း ကျင်တဲ့ မြန်မာနိုင်ငံ သား ပြည်ပမှာ လုပ်နေတဲ့သူတွေ ဟုတ်ရင်ဟုတ်။ မဟုတ်ရင် ဒီလုပ်ငန်းတွေမှာ ကျွမ်းကျင်တဲ့ ပြည်ပ နိုင်ငံ သားတွေကို ယူပြီသုံးရမယ့် သဘောရှိတယ်” ဟု ဦးရှိန်းသူအောင်က ဆိုသည်။ဒုတိယအဆင့် ရာထူးများတွင် မြန်မာနိုင်ငံသားများကို ခန့်အပ်၍ အတွေ့အကြုံ ယူစေကာ နောင်တွင် ထိုသူများကို တာဝန်ပေးအပ် လုပ်ကိုင်စေရန် ရည်ရွယ်ထားကြောင်း ၎င်းကဆိုသည်။

အမှန်တကယ် ပြောင်းရမည်၊ အမြန်ပြောင်းရမည် ပြည်တွင်း ဆက်သွယ်ရေး လုပ်ငန်း နှစ်ခုက ဈေးကွက်ဝေစု အခိုင်အမာ ရရှိရန် ဝန်ဆောင်မှုနှင့် ဈေးနှုန်း ပိုင်းပြင်ဆင်မှုများ ကြိုတင်ပြုလုပ်ထား သင့်သည်ဟု ဦးသန်းဦးက ပြောကြားသည်။“ပြည်တွင်းက အော်ပရေတာတွေ အဓိကထား လုပ်ရမှာက ဝန်ဆောင်မှု ပုံစံတွေ ပြောင်းလဲဖို့ပါ။ အခုပေးနေတဲ့ ဝန်ဆောင်မှုနဲ့တော့ ရှိတဲ့ ၁၁ ရာခိုင်နှုန်းလေးပါ ပျောက်သွားလိမ့်မယ်” ဟု ၎င်းကဆိုသည်။

ပြည်ပကုမ္ပဏီများက ပေးအပ်မည့် ဝန်ဆောင်မှုများနှင့် ဈေးနှုန်းများ ကြိုတင် ကြေညာထားသလို ဝန်ထမ်းခေါ်ယူမှုများ ပြုလုပ်လျက် အလျင်အမြန် ကြိုးပမ်းနေကြချိန်တွင် ပြည်တွင်း အော်ပရေတာ နှစ်ခု၏ လုပ်ကိုင်ပုံမှာ နှေးကွေးလွန်းနေကြောင်း ပြည်တွင်း ဆက်သွယ်ရေး အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်အချို့က ဝေဖန်ကြသည်။

သို့သော် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနှင့် အပြောင်းအလဲများ စတင်နေပြီဖြစ်ပြီး ဖုန်းခေါ် ဆိုခများကိုလည်း လျှော့ချသွားရန် ရှိကြောင်း ဦးအောင်မော်က ဆိုသည်။ “အချိန်ကတော့ အတိအကျ ပြောလို့မရသေးဘူး။ ဒီနှစ် ထဲလည်း ဖြစ်ရင်ဖြစ်မယ်။ နောက်နှစ်မှလည်း ဖြစ်ရင်ဖြစ်မယ်” ဟု ဦးအောင်မော်က ပြောကြားသည်။

လက်ရှိပြည်တွင်းမှ ဒုတိယအော်ပရေတာ တစ်ခုဖြစ်သော ရတနာပုံ တယ်လီပို့မှာလည်း ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းအတွက် များများစားစား ပြင်ဆင်ရသေးခြင်း မရှိဘဲ အများပိုင်ကုမ္ပဏီအဖြစ် အသွင်ကူးပြောင်းမှု ပြုလုပ်ဆဲ အခြေအနေတွင်သာ ရှိနေသေးသည်။

“ရတနာပုံ တယ်လီပို့က Telecom Operator (ဆက်သွယ်ရေး အော်ပရေတာ) လုပ်ငန်းကို ဆောင်ရွက်ဖို့ အများပိုင်ကုမ္ပဏီကို ကူးပြောင်းတဲ့ဟာတွေ လုပ်နေတယ်။ အများပိုင်ကုမ္ပဏီ လျှောက်ထားပြီးပြီ။ လုပ်ကိုင်ခွင့် ကျတော့မယ်။ ဒါပြီးရင် Yadanarpon Teleport Public ကုမ္ပဏီနာမည်နဲ့ ဖြစ်သွားမယ်” ဟု ဦးရှိန်းသူအောင်က ဆိုသည်။

ပြည်ပ ရင်းနှီးမြှုပ်နှံမည့် သူများကို ဖိတ်ခေါ်၍ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သော်လည်း နည်းပညာ မြင့်မား၍ ရေရှည် ရင်းနှီးမြှုပ်နှံမည့် သူများဖြစ်ရန် လိုအပ်ကြောင်း ဦးဝင်းတင်က ဆိုသည်။
“ဒီလို Speed မျိုးနဲ့ဆိုရင် ပြည်ပကုမ္ပဏီတွေပဲ စားသွားလိမ့်မယ်။ ကိုယ်ဘာလုပ်မယ် ဆိုတာတောင် သေချာ မကြေညာနိုင်သေးဘဲနဲ့ အခုမှ ပြည်ပကုမ္ပဏီတွေနဲ့ အသည်းအသန် ပူးပေါင်းဖို့ ကြိုးစားနေကြ တုန်း။ ကိုယ်က ဒေသခံ ကိုယ့်မှာ အားသာချက်တွေ အများကြီး။ အားနည်းချက်တွေလည်း ရှိနေတာ သူတို့လည်း သိနေတာပဲ။ စောစောစီးစီး စနိုင်အောင် ပြင်ဆင်ထားရမှာကို အခုတော့ ပြည်ပကုမ္ပဏီတွေကတောင် အရင်စမယ်နဲ့ တူတယ်” ဟု ဦးသန်းဦးက ဆိုသည်။

ဘယ်သူဘာလဲ သိကြရမည့် ၂၀၁၄

ဆက်သွယ်ရေး ဥပဒေကြမ်းသည် လွှတ်တော်မှ တစ်ဆင့် နိုင်ငံတော် သမ္မတထံ ရောက်ရှိနေပြီ ဖြစ်သည်။ နိုင်ငံတော်သမ္မတ အတည်ပြုပြီးပါက ဥပဒေ အ တည်ဖြစ်လာမည် ဖြစ်ပြီး နောက်ရက် ကိုးဆယ် အကြာတွင် နည်းဥပဒေ ထွက်ရှိ မည်ဖြစ်ကာ အော်ပရေ တာများကို လိုင်စင်များ ချထားပေးမည် ဖြစ်သည်။

လိုင်စင်ရရှိပြီးပါက အမြန်ဆုံး ဝန်ဆောင်မှု ပေးနိုင်ရန် အကောင် အထည် ဖော်ကြရမည်ဖြစ်ရာ မြန်မာ့သမိုင်းတွင် ပထမဆုံး ပုဂ္ဂလိက ကုမ္ပဏီများ၏ မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၀၁၄ ခုနှစ် နှစ်လယ်ခန့်တွင် စတင်အသုံးပြုနိုင်တော့မည် ဖြစ်သည်။

တယ်လီနော ကုမ္ပဏီက လိုင်စင်ရရှိပြီး ရှစ်လအကြာတွင် ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ်ဖြင့် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်ပေးအပ်သွားမည်ဟု ဆိုထားသည်။ ထို့အပြင် အော်ရီဒူး ကုမ္ပဏီကလည်း လိုင်စင်ရရှိပြီး ခြောက်လ အကြာတွင် ဖုန်းခေါ်ဆိုခ တစ်မိနစ် ၄၅ ကျပ်ဖြင့် 3G စနစ် ပါဝင်သော မိုဘိုင်းလ် ဝန်ဆောင်မှုကို စတင်ပေးအပ်သွားမည် ဖြစ်ကြောင်း ကြိုတင် ကြေညာထားသည်။

ပြည်တွင်း အော်ပရေတာနှစ်ခု အနေဖြင့် ပွင့်လင်းမြင်သာမှုရှိရန် ပိုမိုလိုအပ်နေပြီး လုပ်ငန်း ဆောင်ရွက်နေ မှုများကိုလည်း အလျင်အမြန် ဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးသန်းဦးက ဆိုသည်။

ထို့အပြင် မိုဘိုင်းလ် ဆက်သွယ်ရေး လုပ်ငန်းများသည် အနာဂတ်ကာလတွင် စိန်ခေါ်မှုများ ပိုမိုများပြားလာမည် ဖြစ်သောကြောင့် သက်ဆိုင်ရာ ပြည်တွင်း အော်ပရေတာများ သေချာစနစ်တကျ အစီအစဉ် ရေးဆွဲပြီး ဖြေရှင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ဆိုသည်။“အရင်ကလို ကိုယ်ကလက်ဝါးကြီး အုပ်ခွင့်ရတော့မှာ မဟုတ်ဘူး။ အရင်ကလို စဉ်းစားနေလို့လည်း မရတော့ဘူး။ ပြည်သူက အဓိက ဖြစ်လာနေပြီ။ ကိုယ်နောက်ကျရင် ကိုယ်ပဲခံသွားရမှာ။ ဒါကိုနားလည်ဖို့ လိုတယ်” ဟု ၎င်းကဆိုသည်။

မည်သို့ပင် ဆိုစေကာမူ မြန်မာပြည်သူများမှာ ၂၀၁၄ ခုနှစ်တွင် ပြည်တွင်းပြည်ပ ဆက် သွယ်ရေး အော်ပရေတာ ကုမ္ပဏီများ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို စတင်ထိတွေ့ ရတော့မည် ဖြစ်သည်။ ဈေးနှုန်း၊ ဝန်ဆောင်မှုနှင့် နည်းပညာပေါ် မူတည်၍ ဈေးကွက်ဝေစုကို ခွဲဝေရယူကြ ရတော့မည် ဖြစ်သည်။ လက်ရှိသုံးစွဲသူ ငါးသန်းခွဲခန့်ရှိ၍ အားသာသည်ဟု ထင်ရသော MPT ပင်လျှင် အဆိုပါ အချိန်တွင် လက်ရှိ အသုံးပြုသူများကို ထိန်းသိမ်း၍ သုံးစွဲသူ ပိုမိုများပြားလာရန် ကြိုးပမ်းရမည် ဖြစ်သည်။

တကယ့်ပြိုင်ပွဲကွင်းတွင်အားလုံးသည်လက်ရည်တူမဖြစ်နိုင်ပေ။အားနည်းသူ ဘေးထွက်သွားမည် ဖြစ်သည်။ ၂၀၁၄ မြန်မာ့ဆက်သွယ်ရေး ဈေးကွက်ဝေစု လုပွဲတွင် ပြည်တွင်း အော်ပရေတာ ကုမ္ပဏီများ အသာရနိုင် မရနိုင်ကတော့ စောင့်ကြည့်ရဦးမည်။ ပြည်တွင်းကုမ္ပဏီ လက်ရှိအနေအထားကို အားမရသူ အများ အပြားရှိပြီး ဈေးနှုန်းနှင့် အချိန်ကို ကြိုတင် ကြေညာထားသည့် ကုမ္ပဏီများကိုပိုစိတ်ဝင် စားကြောင်း ပြောဆိုကြသည်။

ယင်းတွင် တာမွေမြို့နယ် အတွင်းရှိ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်တစ်ခုမှ တာဝန်ခံ ဒေါ်သူဇာဝင်းလည်း ပါဝင်သည်။ ယခုအချိန်တွင် ကြိုတင်ကာ သတင်းအချက်အလက် ထုတ်ပြန်ထားသော ပြည်ပကုမ္ပဏီများ၏ ဝန်ဆောင်မှုနှင့် ကိုယ့်အတွက် ကိုက်ညီချက်ကို တွက်ချက်နေနိုင်ပြီး ပြည်တွင်း ကုမ္ပဏီများကို လှည့်မကြည့်ချင်တော့။ “သူတို့ကို ထည့်ကို မတွက်တော့တာ” ဟု ဒေါ်သူဇာဝင်းက ဆိုလေသည်။

ရဲဇွန်အောင်
စက်တင်ဘာ၊ ၂၀၁၃
The Voice Weekly

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *