“တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ မအားသေးပါရှင်”။
ရုတ်တရက်ပေါ်လာသည့် အသံကြောင့် ကိုထွန်းမြင့် စိတ်ပျက်မိသွားသည်။ အရေးတကြီး အလုပ်ကိစ္စများ၊ မိသားစုကိစ္စများ ဆက်သွယ်စဉ် ယင်းကဲ့သို့သော အသံကြားရပါက သူအလွန်စိတ်ပျက်မိသကဲ့သို့ စိတ်လည်း အလွန်တိုရသည်။
“ဆက်သွယ်ရေးတာဝါတိုင်နဲ့ ၂ လမ်းပဲခြားတဲ့နေရာမှာနေပြီး ဖုန်းလိုင်းမိမတာနဲ့ မကြာခဏ ကြုံနေရတယ်။ အခုနောက်ပိုင်းမှာ လိုင်းမမိတာတွေပိုများလာတယ်။ MPT က ဘာမှမလုပ်ပဲ ငုတ်တုတ်များထိုင်နေကြလား မသိဘူး။” ဟု သူက စိတ်ပျက် လက်ပျက်ဆိုသည်။
မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ခန့်နေထိုင်ပြီး မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများကို အသုံးပြုနိုင်သူဦးရေမှာ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကျော်ဖြစ်သည့် ၆ သန်းကျော်သာရှိသေးကာ အာဆီယံနိုင်ငံများအတွင်း တယ်လီဖုန်းသိပ်သည်းဆ (Tele Density) အနိမ့်ပါးဆုံးနိုင်ငံဖြစ်သည်။
“အရင်ကတည်းက အခြေခံအဆောက်အအုံတည်ဆောက်ရေးကို ဦးစားမပေးပဲနဲ့ ဖုန်းတွေကို ဈေးတင်ရောင်းဖို့ပဲ စဉ်းစားခဲ့တာကိုး အခုချိန်မှာ ဖုန်းကိုင်နိုင်တဲ့လူများလာတော့ လိုင်းတွေက ပိုပိုကျပ်လာတယ်။ ဖုန်းခေါ်ဖို့ကို တော်တော်အခက်အခဲရှိလာတယ်” ဟု ဦးထွန်းမြင့်ကဆိုသည်။
မြန်မာ့ဆက်သွယ်ရေးဘက်မှ ၁၅၀ဝကျပ်တန် မိုဘိုင်းဖုန်းများကို မဲစနစ်ဖြင့်စတင်ရောင်းချနေသောကြောင့် လစဉ် မိုဘိုင်းဖုန်း လိုင်းကတ်အရေအတွက် ၃ သိန်း ခွဲခန့် ပြည်သူများလက်အတွင်းသို့ ရောက်ရှိနေသော်လည်း ဆက်သွယ်ရေးတာဝါတိုင် မည်မျှတိုးချဲ့ တည်ဆောက်နေသည်ကို အတိအကျမသိရှိရပေ။
“၁၅၀၀ တန် ဖုန်းတွေ ချပေးပြီးနောက်ပိုင်းမှာ လိုင်းတွေ ပိုကျပ်လာတာတော့ အမှန်ပဲ။ လိုင်းကတ်တွေကတော့ ချပေးနေပေမယ့် တာဝါတိုင်ကို လုံလောက်အောင် နောက်က လိုက်စိုက်နိုင်ဘူး။ အဓိကကာတေ့ အရင်းအနှီးနဲ့ နည်းပညာနိမ့်ပါးတာရယ်၊ စီမံခန့်ခွဲမှု ညံ့ဖျဉ်းတာရယ်ပေါ့။”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အငြိမ်းစားအရာရှိ ဦးသန်းဦးကဆိုသည်။
ထို့အပြင် တိုင်းပြည် ဧရိယာကျယ်ပြန့်ပြီး မြေမျက်နှာသွင်ပျင်အနေအထား ကွာခြားမှုကြီးများသည့် မြန်မာနိုင်ငံတွင် လုံလောက်ကောင်းမွန်သည့် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများပေးနိုင်ရန် ဆက်သွယ်ရေးတာဝါတိုင်ပေါင်း နှစ်သောင်း ဝန်းကျင်ခန့်လိုအပ်မည်ဖြစ်သည်။
သို့သော်လည်း လက်ရှိအချိန်တွင် ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၂၀၀၀ ကျော် ခန့်သာ တည်ဆောက်ထားနိုင်သေးပြီး ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ နယ်မြေဧရိယာ ၉၀ ရာခိုင်နှုန်းခန့်ကို တယ်လီဖုန်းကွန်ယက်လွှမ်းခြုံနိုင်အောင် အော်ပရေတာ ၄ ခု စလုံး ပူးပေါင်းဆောင်ရွက်သွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကကြေညာထားသည်။
၂၀၁၅ နှင့် ၉၀ ရာခိုင်နှုန်း ဖြစ်မှာလား
မြန်မာ့ဆက်သွယ်ရေးက ကွန်ယက်တိုးချဲ့ရေးနှင့် ပတ်သတ်၍ ပြည်ပအော်ပရေတာများ၏ စွမ်းဆောင်ရည်နှင့် အတွေ့အကြုံကို အားကိုးနေသည့် အနေအထာတွင်ရှိနေကြောင်း ဦးသိန်းဦးကဆိုသည်။
“MPT ကိုယ်တိုင်က ပြည်ပအော်ပရေတာနဲ့ ပေါင်းဖို့လုပ်နေတာ မပြီးသေးဘူး။ ရတနာပုံဆိုရင်လည်း ဘာမှကို မစရသေးတာ။ လိုင်စင်တောင် မရသေးဘူး။ ပြည်ပအော်ပရေတာတွေကို အားကိုးတယ်ဆိုပေမယ့်သူတို့မှာလည်း အချိန်အကန့်အသတ်တွေရှိနေတယ်။ မဖြစ်နိုင်ဘူးလို့ ပြောလို့တော့ မရပေမယ့် ခက်ခဲနိုင်တယ်။” ဟု ၎င်းကဆိုသည်။
ယခု ၂၀၁၄ ခုနှစ်အတွင်း ပြည်ပဆက်သွယ်ရေကုမ္ပဏီတစ်ခုဖြစ်သည့် တယ်လီနောမြန်မာက တာဝါတိုင် ၂၄၀၀ အပြိးသတ်တည်ဆောက်သွားမည်ဖြစ်ပြီး အူရီးဒူးမြန်မာက ၁၀၀၀ ဝန်းကျင်ခန့်တည်ဆောက်သွာမည်ဖြစ်ကာ ရတာနပုံတယ်လီပို့မှာမူ မည်ကဲ့သို့ဆောင်ရွက်သွားမည်ကို ယခုအချိန်အထိ ရှင်းလင်းစွာ မသိရှိရသေးပေ။
လက်ရှိ ကိန်းဂဏန်းများအရ ၂၀၁၄ နှစ်ကုန်ခန့်တွင် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၆၀၀၀ နှင့် ၇၀၀၀ ပတ်ဝန်းကျင်ခန့်သာတည်ရှိနေဦးမည်ဖြစ်ပြီး Data Center များ၊ နည်ပညာပိုင်းဆိုင်ရာ ချိတ်ဆက်မှုများ ပြုလုပ်ရန် အချိန်အတိုင်းအတာတစ်ခုယူရဦးမည်ဖြစ်သည်။
ပြည်ပအော်ပရေတာများအနေဖြင့်လည်း ပြည်သူများကို ကတိအမျိုးမျိုးပေးကာ ကြော်ငြာမှုများရှိနေသာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်သွယ်ရေးကဏ္ဍအပေါ်မျှော်လင့်တကြီး ရှိနေကြသော်လည်း အမှန်တကယ်စတင်ချိန်တွင် တစ်နိုငငံလုံးအတိုင်းအတာဖြင့် ဝန်ဆောင်မှုများရရှိနိုင်မည်မဟုတ်သည်ကို ပြည်သူများက မသိရှိကြပေ။
“ပြည်ပအော်ပရေတာေတွေက ကြောငြာတွေအမျိုးမျိုးလုပ် မီဒီယာတွေကလည်း အကောင်းတွေလှိမ့်ရေးနေတော့ လူတွေက သူတို့ SIM Card စရောင်းရင် တစ်နိုင်ငံလုံး ဝယ်လိုရမယ်။ သုံးလို့ရမယ်လို့ ထင်နေကြတယ်။ တကယ်က သူတို့ တာဝါတိုင်ရှိတဲ့နေရာတွေမှာပဲ သုံးလို့ရမှာ။ စစခြင်းမှာတော့ MPT နဲ့ သိပ်မကွာပါဘူး။ ဒါပေမယ့် သူတို့က သာတာကတော့ တာဝါတိုင်ရှိတဲ့နေရာမှာ အင်တာနက်မြန်မယ်။ ဖုန်းခေါ်လို့ အဆင်ပြေမယ်။” ဟု ဦးသန်းဦးကဆိုသည်။
ဆက်သွယ်ရေးတာဝါတိုင်များသည် ဆက်သွယ်ရေးကွန်ယက်များ၏ အသက်သွေးကြောဖြစ်သည့်အတွက် တာဝါတိုင်များ အလုံအလောက်တည်ဆောက်နိုင်ခြင်းမရှိပါက ကောင်းမွန်ပြည့်စုံသည့် ဆက်သွယ်ရေးကွန်ယက်တည်ဆောက်ရန် မဖြစ်နိုင်သေးပေ။ မြန်မာ့ဆက်သွယ်ရေး၏ စိတ်ကူးသည်လည်း ဖြစ်နိုင်ရန် ခက်ခဲနေမည်ဖြစ်သည်။
အခက်အခဲများကိုရင်ဆိုင်ခြင်း
ယင်းသို့ ခက်ခဲနေရသည့်အဓိက အချက်များမှာ လျှပ်စစ်မီး၊ ကျွမ်းကျင်လုပ်သားနှင့် မြေနေရာအခက်အခဲများဖြစ်ပြီး ယင်းအခက်အခဲများကို ဦးစားပေးဖြေရှင်းနေရကြောင်း ဆက်သွယ်ရေးအော်ပရေတာများကဆိုထားသည်။
တယ်လီနောမြန်မာက Core Network Data Center များ တည်ဆောက်ရာတွင် လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ကိုယ်ပိုင်အစီအစဉ်များထားရှိနေရကြောင်း ဝန်ခံထားပြီး လျှပ်စစ်မီးပြတ်တောက်၍ လုံးဝမရသည့် ဆက်သွယ်ရေးတာဝါတိုင်များအတွက် လျှပ်စစ်မီးပုံမှန်မရသော မြန်မာ့လျှပ်စစ်ကဏ္ဍသည် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။
ထို့အပြင် တာဝါတိုင်တည်ဆောက်ရန် အတွက် မြေနေရာရရှိရေးသည်လည်း အဓိကပြဿနာတစ်ရပ်အဖြစ်ရှိနေဆဲဖြစ်ပြီး မြေနေရာရရှိရေးအတွက် အစိုးရဝန်ကြီးဌာနများကို အကူအညီတောင်းခံဆောင်ရွက်နေရကြောင်း ပြည်ပအော်ပရေတာ နှစ်ခု လုံးက ဝန်ခံထားသည်။
ယူင်းသို့ဆောင်ရွက်နေရသောကြောင့် အပိုကုန်ကျစရိတ်များ ပိုမိုကုန်ကျနေပြီး ခန့်မှန်းထားသည်ထက်ပိုမို အချိန်ကုန်ကြောင်းလည်း ၎င်းတို့က မှတ်ချက်ပြုကြသည်။
နောက်ဆုံးတစ်ခုဖြစ်သည့် ကျွမ်းကျင်လုပ်သားရရှိရေးအတွက် အော်ပရေတာ အသီးသီးက ဝန်ထမ်းကြိုတင်ခေါ်ယူမှုများ လေ့်ကင့်သင်တန်းပေးမှုများရှိနေသော်လည်း နည်းပညာပိုင်းဆိုင်ရာ ဝန်ထမ်းအများစုကို ပြည်ပနေမြန်မာများနှင့် နိုင်ငံခြားသားများကိုသာ အဓိကခန့်ထားနေရပြီး ပြည်တွင်းမှ အရည်အသွေးမှီလုပ်သားများထွက်ပေါ်လာရန် ရည်ရှည်မွေးမြူရဦးမည်ဖြစ်သည်။
ထို့အပြင် ပြည်တွင်းအော်ပရေတာများ ပြင်ဆင်မှုမျာနှောင့်နှေးနေခြင်းသည်လည်း မြန်မာအစိုးရ၏ ရည်မှန်းချက်ကို ထိခိုက်စေနိုင်သည်။
မြန်မာ့ဆက်သွယ်ရေးအနေဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် ပြည်ပအင်အားကြီး ဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီဖြင့်ပူေးပါင်းရန် စီစဉ်နေသော်လည်း လက်ရှိအချိန်အထိ အပြီးသတ်နိုင်ခြင်း မရှိသေးသောကြောင့် လက်ရှိ MPT ကို နည်းပညာနှင့် အရင်းအနှီးပိုင်းဆိုင်ရာမြှင့်တင်မှုများပြုလုပ်ရာတွင် အခက်အခဲများရှိနေသည်။
ထို့အပြင် အခြား ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် ရတနာပုံတယ်လီပို့ကလည်း ပြည်ပအော်ပရေတာနှင့်ပူးပေါင်းဆောင်ရွက်ရန်စီစဉ်နေမှုများမှာ လက်ရှိအချိန်အထိ အပြီးမသတ်နိုင်သေးပဲ ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ပင် မရရှိသေးပေ။
ယင်းအခြေအနေများသည် ၂၀၁၅ တွင် တိုင်းပြည်၏ ၉၀ ရာခိုင်နှုန်း မိုဘိုင်းက်သွယ်ရေးကွန်ယက် လွှမ်းခြုံအောင် ဆောင်ရွက်ရာတွင် များစွာ အနှောင့်အယျက်ဖြစ်နိုင်စေသည်။
မျှော်လင့်ချက် ဖြစ်လာနိုင်သည့် နည်းပညာ
မြန်မာအစိုးရ၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်စေမည့် မျှော်လင့်ချက်အနည်းငယ်ရှိနေပြီး ယင်းမှာ အဆင့်မြင့်နည်းပညာများကို ရယူအသုံးချရန်သာဖြစ်သည်။
“နည်းပညာကို စနစ်တကျ အသုံးချရင်တော့ ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့်လည်း ပြည်ပအင်အားကြီး ဆက်သွယ်ရေးကုမ္ပဏီနဲပ ပေါင်းဖို့လုပ်နေတာပါ။ သူတို့နဲ့ ပူးပေါင်းပြီးရင် သူတို့ဆီက အရင်းအနှီးရော နည်းပညာရော ဝင်လာမှာဆိုောတ့ လုပ်ရကိုင်ရတာ မြန်သွားမယ်။” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးကဆိုသည်။
ပြည်ပအော်ပရေတာများကလည်း ပြည်တွင်းတွင် တာဝါတိုင်နှင့် Core Network Data Center များကို အလျှင်အမြန်ပြီးစီးနိုင်စေရန် ကမ္ဘာကျော်ဆက်သွယ်ရေးနည်းပညာကုမ္ပဏီများနှင့် ပူးပေါင်း၍ အဆင့်မြင့်နည်းပညာများ အသုံးပြုကာ တည်ဆောက်နေကြသည်။
လက်ရှိအချိန်တွင် တယ်လီနောမြန်မာက ဆက်သွယ်ရေးကွန်ယက်၏ အဓိကဦးနှောက်ဟုဆိုနိုင်သည့် Core Network Data Center ၂ ခုကို ရန်ကုန်နှင့် မန္တလေးတွင် တည်ဆောက်ထားပြီး Data Center တစ်ခုလျှင် အသုံးပြုသူ အရေအတွက် ၁၀ သန်းနှင့် ဖုန်း အဝင်အထွက်ခေါ်ဆိုမှု အကန့်အသတ်မရှိ သုံးစွဲနိုင်သည်ဟုဆိုထားသည်။
အဆိုပါ Data Center များကို တည်ဆောက်ရာတွင် ဆက်သွယ်ရေးလိုင်စင်ရရှိပြီး နှစ်လ ပတ်ဝန်းကျင်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တယ်လီနောသမိုင်းတွင် အမြန်ဆုံးတည်ဆောက်ခဲ့သည့် Data Center များဖြစ်ကြောင်း တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ် Petter Furberg ကဆိုသည်။
ထို့အပြင် အူရီးဒူးမြန်မာကလည်း ၎င်းတို့၏ Core Network Data Center ကို ရန်ကုန်တွင် တည်ဆောက်ထားပြီး မတ်လအတွင်းက စတင်မိတ်ဆက်ခဲ့သည်။
“Data Center တစ်ခုကို အသုံးပြုသူ အရေအတွက် ၁၀ သန်းသုံးလို့ရတယ်။ ဖုန်း အဝင်အထွက်ခေါ်ဆိုမှု အကန့်အသတ်မရှိသုံးလို့ရတယ်ဆိုကတည်းက လက်ရှိ MPT တာဝါတိုင်တွေနဲ့ ချိတ်ပြီး သုံးရင်ောတင် လက်ရှိ Usrs တွေ လိုင်းကျပ်တာမျိုး မဖြစ်နိုင်ဘူး။ အဲဒါပေမယ့် သူတို့ဝင်လာရင် လိုင်းကျပ်မကျပ်ကတော့ သူတို့ ဘယ်လို ပုံစံနဲ့ စကြမလဲဆိုတဲ့ အပေါ်မူတည်တယ်” ဟု ဦးသန်းဦးကဆိုသည်။
မျှော်လင့်ကြစို့ ၂၀၁၅
၂၀၁၅ ခုနှစ်တွင် လူဦးရေ ၇၀ မှ ၈၀ ရာခိုင်နှုန်း မိုဘိုင်းဖုန်း သုံးစွဲနိုင်ပြီး တိုင်းပြည်၏ ဧရိယာ ၉၀ ရာခိုင်နှုန်း ဆက်သွယ်ရေးကွန်ယက်လွှမ်းခြုံနိုင်ရန် အစိုးရ၏ မျှော်မှန်းချက်မှာ ကောင်းမွန်သော်လည်း ဖြစ်လာမလာကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေ ဦးထွန်းမြင့်တို့ကဲ့သို့ သာမန်ပြည်သူများအတွက်မူ ဖုန်းခေါ်ဆိုမှုကောင်းမွန်ရန်နှင့် ဈေးနှုန်းချိုသာရန်သာ မျှော်လင့်နေမိသည်မှာ အမှန်ဖြစ်သည်။
လူအများစုမျှော်လင့်နေသကဲ့သို့ ဈေးနှုန်းချိုသာ၍ ဝန်ဆောင်မှုကောင်းသည့် ဆက်သွယ်ရေးစနဈ်ား မကြာမှီစတင်နိုင်တော့မည်ဖြစ်သော်ညလ်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သုံးစွဲနိုင်ရန်မှာမူ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းရဖွယ်ရှိသည်။
“လိုင်းကောင်းကောင်းနဲ့ ဈေးချိုချိုပြောလို့ရတယ်ဆိုရင် MPT SIM Card ကို လွှင့်ကို ပစ်မှာ။” ဟု ၎င်းက စိတ်ဆိုးတကြီးဆိုသည်။ ထို့နောက်သူက သူ့ဇနီးဆီသို့ ဖုန်းပြန်ခေါ်ပြန်သည်။
“တယ်လီဖုန်းဆက်သွယ်မှု လိုင်းများ မအားသေးပါရှင်။ ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါရှင်”
ရဲဇွန်အောင်
မေ၊ ၂၀၁၄
Living Color Magazine