မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ် တွင် အာဆီယံ ဥက္ကဌ ရာထူးကို တာဝန်ယူထမ်းဆောင်ရန် ပြီးခဲ့သော အောက်တိုဘာလအတွင်က တရားဝင် ရာထူးလက်ခံရယူခဲ့ပြီးဖြစ်သည်။ နိုင်ငံရေး စီပွားရေး ပြုပြင်ပြောင်းလဲမှုများဆက်တိုက်ဆောင်ရွက်နေခြင်းကြောင့် နေချင်း၊ ညချင်း ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး စင်မြင့်ထက်တွင် ရုတ်ချည်းထင်ပေါ်လာခဲ့သော မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ ကိစ္စရပ် တစ်ခုဖြစ်သည်။
အာဆီယံဥက္ကဌရာထူးလက်ခံခဲ့ခြင်းကြောင့် တိုင်းပြည်၏ ဂုဏ်သိက္ခာပိုမိုတိုးတက်လာမည် သာမက တိုင်းပြည်အပေါ်နိုင်ငံတကာ၏ ယုံကြည်မှုပိုမိုလာမည်ဖြစ်သလို အခြားကဏ္ဍအသီးသီးတွင် အခွင့်အလမ်းများ၊ အကျိုးစီးပွားများလည်း ရရှိလာမည်မှာမလွဲမသွေဖြစ်သည်။
သို့သော် ယင်းအကျိုးအမြတ်များနှင့် ဒွန်တွဲ၍ စိန်ခေါ်မှုများနှင့် အခက်အခဲများကလည်း ရှိနေသေးသည်။ အထူးသဖြင့် အခြေခံအဆောက်အအုံမပြည့်စုံမှုနှင့် ပြည်တွင်းလက်နက်ကိုင်ပြဿနာများသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးအတွက် အကြီးများဆုံး စိတ်ခေါ်မှုဖြစ်သည်ဟု နိုင်ငံတကာအဖွဲ့အစည်းများနှင့် စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။
ပြည်တွင်းငြိမ်ချမ်းရေးအတွက် အစိုးရက အထူးအားသွန်ခွန်စိုက်ကြိုးပမ်းနေပြီး သိသိသာသာ တိုးတက်မှုအရိပ်အယောင်များ မြင်တွေ့နေရသော်ငြားလည်း အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးကဏ္ဍတွင်မူ အားနည်းချက်များစွာရှိနေသည်။
“မြန်မာနိုင်ငံက အခွင့်အလမ်းတွေအများကြီးရှိတဲ့ နိုင်ငံပါ။ ကျွန်တော်တို့ နိုင်ငံက ကုမ္ပဏီတွေက ဒီမှာရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားပါတယ်။ ဒါပေမယ့် အဓိက ပြဿနာဖြစ်နေတာက လမ်း၊ လျှပ်စစ် မီးတို့လို အခြေခံအဆောက်အအုံကဏ္ဍမှားအားနည်းချက်တေတွရှိနေတာပါ။” ဟု မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံး အကြီးတန်းအတွင်းဝန် Jin Soo Kim က ဆိုသည်။
ICT နည်းပညာရပ်တွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုဖြစ်သော တောင်ကိုရီးယားနိုင်ငံမှ နည်းပညာကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကို စိတ်ဝင်စားမှုများရှိနေသော်လည်း အခြေခံအဆောက်အအုံလိုအပ်ချက်များကြောင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အခက်အခဲများဖြစ်နေရကြောင်း ၎င်းကဆိုသည်။
ထို့ကြောင့် ေတောင်ကိုရီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံကဏ္ဍဖွံ့ဖြိုးရေးကို အလေးထားကူညီဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။
တောင်ကိုရီးယားနိုင်ငံသည် ယခုနှစ် နိုဝင်ဘာလအတွင်းက ပြည်တွင်းလျှပ်စစ်နှင့် ဆက်သွယ်ရေးကဏ္ဍများရှိ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သုံးစွဲရန် မြန်မာနိုင်ငံသို့ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ထုတ်ချေးထားသည်။
မြန်မာနိုင်ငံတွင် ပြည်သူများ၏ အခြေခံလိုအပ်ချက်များဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ မိုဘိုင်းနှင့် အင်တာနက် ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားဖြန့်ဝေရေးကဏ္ဍများတွင် အားနည်းချက်များရှိနေပြီး အလျှင်အမြန်ဖြေရှင်းရန်လိုအပ်ကြောင်း ပြည်တွင်းပြည်ပ ပညာရှင်အချို့က အကြံပြုသည်။
မြန်မာနိုင်ငံသည် အာရှအရှေံခြမ်းတွင် အဆင်းရဲဆုံးနိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး လူတစ်ဦးချင်းပျမ်းမျှဝင်ငွေ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅၀၀ မှ ၈၀၀ ကြားသာရှိသည်ဟု ကမ္ဘာ့ဘဏ်ကဆိုထားသည်။ လူဥိးရေ၏ ၂၆ ရာခိုင်နှုန်းမှာ ဆင်းရဲနွမ်းပါးသူများဖြစ်ပြီး လူဥိးရေ၏ ၂၅ ရာခိုင်နှုန်းမှာ လျှပ်စစ်ဓာတ်အားမရရှိကြကြောင်း ကမ္ဘာ့ဘဏ်မှထုတ်ပြန်သော “၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာကြားဖြတ်မဟာဗျူဟာမှတ်စုများ” အစီရင်ခံစာတွင်ဖော်ပြထားသည်။
အဆိုးဝါးဆုံး လျှပ်စစ်ဓာတ်အား
သို့ပါသောကြောင့် လက်ရှိအခြေအနေ၌ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံကဏ္ဍတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုကဏ္ဍသည် အခြေအနေအဆိုးဝါးဆုံးဟု ယျေဘုယျသတ်မှတ်နိုင်သည်။
ပြီးခဲ့သောနှစ် နွေရာသီမှစတင်ကာ ပြည်တွင်ရှိ မြို့ကြီးများတွင်နေထိုင်သူ ပြည်သူများက လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် ဝေဖန်မှုများ၊ ထုတ်ဖော်ဆန္ဒပြမှုများ ရှိနေသော်လည်း တကယ်တမ်းတွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ အိမ်ထောင်စု စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်ဓာတ်အားသုံးစွဲခွင့်ရှိသေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းဇယားများအရသိရှိရသည်။
“တစ်နိုင်ငံလုံးမှာ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်တဲ့ အိမ်ထောင်စု ပမာဏက ၃၀ ရာခိုင်နှုန်းအောက်မှာပဲရှိသေးတယ်။ ဆိုလိုတာက မီးမရသေးတဲ့သူ ၇၀ ရာခိုင်နှုန်းလောက်ရှိနေတယ်ဆိုတဲ့ သဘောပေါ့။” ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးက ဆိုသည်။
နှစ်သုံးဆယ် စီမံကိန်းအဖြစ်ရေးဆွဲထားသော အမျိုးသားစွမ်းအင်စီမံကိန်းအရ အဆိုပါစီမံကိန်းပြီးဆုံးမည့် ၂၀၃၀-၃၁ ခုနှစ်တွင်ပင်လျှင် မြန်မာတစ်နိုင်ငံလုံးရှိ အိမ်ထောင်စု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းသာလျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ဦးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့လည်း လုပ်ပေးချင်တာပေါ့။ ဒါပေမယ့် အခက်အခဲတွေအများကြီးပဲ။ လူ၊ အရင်အနှီး၊ နည်းပညာ၊ အချိန် စတာတွေအကုန်ရှိရမှာ ပြီးရင် ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင်လဲ လုပ်ရတယ်။ အကုန်အဆင်ပြေအောင်လိုက်တက်လုပ်နေရတာ။ ဒါကြောင့်လဲ ပြည်ပက ကုမ္ပဏီကြီးတွေကို ဖိတ်ခေါ်နေတာ” ဟု အဆိုပါ အရာရှိက ပြောကြားသည်။
နှစ်သုံးဆယ် အမျိုးသားစွမ်းအင်စီမံကိန်းအရ အဆိုပါစီမံကိန်းပြီးဆုံးမည့် ၂၀၃၀-၃၁ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားပမာဏ မဂ္ဂါဝပ် နှစ်သောင်းကျော် တပ်ဆင်ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် မဂ္ဂါဝပ် ငါးထောင်ကျော် တပ်ဆင်ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားသည်။
ထို့အပြင် အိမ်ထောင်စုများသာမက လျှပ်စစ်ဓာတ်အားပမာဏ အများအပြားသုံးစွဲသော စက်မှုဇုန်များအတွက်လည်း လျှပ်စစ်ဓာတ်အားလုံးလောက်စွာရရှိခြင်းမရှိပေ။ သာမာန်လူများထက် စက်မှုဇုန်များက လျှပ်စစ်မီးလုံလောက်စွာမရရှိခြင်းဒါဏ်ကို ပိုမိုဆိုးရွားစွာခံစားကြရသည်။
ယင်းကဲ့သို့သော လျှပ်စစ်ဓာတ်အားမလုံလောက်မှုက နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို လက်တွန့်သွားစေသည်။ စက်ရုံတော်တော်အများစုလိုအပ်သော လျှပ်စစ်ဓာတ်အားကိုလုံလောက်စွာမပေးနိုင်ခဲ့သောကြောင့် ပြီးခဲ့သောနှစ်များအတွင်း စက်ရုံများဒုက္ခရောက်ခဲ့ရသည်။
“ဖိလစ်ပိုင်မှာ အထည်ချုပ်စက်ရုံဖွင့်ဖူးတယ် ဟိုမှာက ဒီမှာထက် ကုန်ကျစရိတ်သက်သာတယ်။ လျှပ်စစ်ဓာတ်အားမှန်မှန်မရရင်တော့ ဒီကထုတ်ကုန်တွေက ဈေးကြီးနေဦးမှာပဲ။ လျှပ်စစ်အတွက်အပိုကုန်ကျစရိတ်တွေရှိနေတော့ တခြားဟာတွေမှာ ကုန်ကျစရိတ်တွေလျှော့ချရတယ်။ အဲဒီတော့မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာတာပေါ့” ဟု ရွှေပေါက္ကံ စက်မှုဇုန်မှ တောင်ကိုရီးယားနိုင်ငံသား အထည်ချုပ်စက်ရုံပိုင်ရှင်ဦးက မှတ်ချက်ပေးသည်။
လျှပ်စစ်ဓာတ်အားရရှိမှုသည် စက်မှုဇုန်များအတွက် အသက်ပင်ဖြစ်သည်။ လျှပ်စစ်ဓာတ်အားလုံလောက်စွာမရရှိမှုသဖြင့် မြန်မာ့စီးပွားရေးတွင် ထိခိုက်မှုများရှိကြောင်း နိုင်ငံတကာနှင့် ပြည်တွင်း စာတမ်းပေါင်းများစွာက ဖော်ပြခဲ့ကြသောကြောင့် နိုင်ငံတော်အနေဖြင့် တိကျသော မူဝါဒတစ်ခုချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သင့်နေပြီး ရေရှည်တွင် လက်ရှိအတိုင်းသွားပါက အားလုံးနစ်နာနိုင်ကြောင်း ၎င်းကဆိုသည်။
ယင်းအခြေအနေကို ကျော်လွှားနိုင်ရန် လက်ရှိအချိန်တွင် စက်မှုဇုန်လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းများကို ပုဂ္ဂလိက ကုမ္ပဏီများလုပ်ကိုင်နိုင်ရန် ဖိတ်ခေါ်ဆွေးနွေးမှုများပြုလုပ်နေကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အင်ဂျင်နီယာချုပ် ဦးရန်လင်းကဆိုသည်။
“စက်မှုဇုန်တွေက မိုးတွင်းကာလမှာ အဆင်ပြေပေမယ့် နွေရာသီရောက်ရင် လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝမပေးနိုင်တဲ့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို IPP လုပ်ဖို့ဖိတ်ခေါ် ဆွေးနွေးနေတယ်။ ဓာတ်အားခ ဘယ်လောက်နဲ့ရောင်းမယ်တို့ဘာတို့ သူတို့အချင်းချင်း ညှိနှိုင်းပြီး အတည်ဖြစ်ပြီဆိုတဲ့အခါကြမှ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့နဲ့ ဆက်ပြီးဆွေးနွေးဆောင်ရွက်သွားဖို့ရှိပါတယ်။” ဟု ၎င်းကပြောကြားသည်။
လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင် စက်မှုဇုန် ၁၅ ခု ရှိပြီး ရန်ကုန်စက်မှုဇုန်နှင့် မင်္ဂလာဒုံစက်မှုဇုန် နှစ်ခုကို ပုဂ္ဂလိက ဓာတ်အားရန် စီစဉ်ထားပြီး လျှပ်စစ်ဓာတ်အားပေးလိုမည့် ကုမ္ပဏီများနှင့် စက်မှုဇုန်က ကော်မတီများ ဆွေးနွေးနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။
JICA၊ World Bank၊ ADB စသည့် နိုင်ငံတကာမှ ချေးငွေအကူအညီများဖြင့် လက်ရှိတည်ရှိနေသော Power Plant များကို ထုတ်လုပ်နိုင်သည့် လျှပ်စစ်ဓာတ်အား ပမာဏ ထပ်မံတိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်နိုင်ပါက မဂ္ဂါဝပ် ၂၀၀၊ ၃၀၀ ခန့် ပိုမိုထုတ်လုပ်လာနိုင်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်လောက်တွင်လျှပ်စစ်မီးဖြန့်ဝေပေးနိုင်မှု အခြေအနေတိုးတက်လာနိုင်ကြောင်း ဟု Barons Machinery & Engineering မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်အိဖြူစင်ဌေးက ဆိုသည်။
မျှော်လင့်ချက်ရောင်ခြည်သန်းလာသော ဆက်သွယ်ရေး
လူသားတိုင်းအတွက် အခြားအခြေခံအခွင့်အရေး သို့ အခြေခံလိုအပ်ချက်တစ်ခုအဖြစ်သတ်မှတ်ခံထားရသော ဆက်သွယ်ရေးကဏ္ဍမှာမူ မြန်မာနိုင်ငံတွင်မူ အကန့်အသတ်များဖြင့် သုံးစွဲနေရဆဲဖြစ်သည်။
တိုင်းပြည်လူဦးရေ၏ ၁၁ ရာခိုင်နှုန်းကျော်သာ မိုဘိုင်းဆက်သွယ်ရေးနှင့် အင်တာနက် အသုံးပြုနိုင်သေးသောမြန်မာနိုင်ငံသည် အင်တာနက် နှင့် ဆက်သွဝ်ရေးမှ ရရှိနိုင်မည့် လူမှု၊ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို ဆုံးရှုံးနေရဆဲဖြစ်သည်။
“ဆက်သွယ်ရေးကွန်ယက်က တစ်နိုင်ငံလုံး အနှံ့ကို လွှမ်ခြုံနိုင်တဲ့ အနေအထားမရှိတာက မကောင်းတဲ့ လက္ခဏာတစ်ခုပါ။ ကိုယ့်တိုင်းပြည်ထဲကိုတောင် ကိုယ် အပြည့်အဝ မဆက်သွယ်နိုင်ဘူးဆိုတဲ့သဘောပဲလေ။ ကျွန်တာ်တို့နေနေတာ ဘယ်နှစ်ခုနှစ်လဲဆိုတာ ပြန်စဉ်းစားရတော့မယ်။” ဟု Star Mobile ဆိုင် ပိုင်ရှင် ကိုဇော်မင်းကဆိုသည်။
ဆက်သွယ်ရေးအခြေခံအဆောက်အအုံ မလုံလောက်မှုကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများကိုယ်တိုင် ဝန်ခံထားပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို တရားဝင် ဖိတ်ခေါ်ထားသည်။
ထို့အပြင် ၂၀၁၁ ခုနှစ်မှ စတင်၍ အစိုးရက မိုဘိုင်းဖုန်း SIM Card ဈေးနှုန်းများကို တဖြည်းဖြည်းခြင်းလျှော့ချပေးခဲ့ပြီး ၂၀၁၃ တွင်မှု အလှည့်အပြောင်း အဖြစ် နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီများကို ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူ၍ ဆက်သွယ်ရေးကဏ္ဍကို အကြီးအကျယ်ပြောင်းလဲပစ်ခဲ့သည်။
နော်ဝေအခြေစိုက် တယ်လီနော်ကုမ္ပဏီ နှင့် ကာတာအခြေစိုက် အူရီးဒူး ကုမ္ပဏီတို့ကို မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် မိုဘိုင်းဆက်သွယ်ရေးအောပရေတာများအဖြစ် ပြည်တွင်းရှိ MPT နှင့် ရတနာပုံကုမ္ပဏီများနှင့် ယှဉ်ပြိုင်လုပ်ကိုင်ခွင့်ပြုခဲ့သည်။
ထို့ကြောင့် မြန်မာ့ဆက်သွယ်ရေးကဏ္ဍသည် လာမည့် ၂၀၁၄ ခုနှစ်အတွင်း သိသာထင်ရှားသော ပြိုင်ဆိုင်မှုများဖြင့် နိုင်ငံတကာတွင်ကဲ့သို့ပင် ခေတ်မှီနည်းပညာဖြင့် ထုတ်ကုန်များ နည်းပညာများဖြင့် ဖွံဖြိုးလာလိမ့်မည်ဟု ခန့်မှန်းရသည်။
“အခုက လူဦးရေ သန်းခြောက်ဆယ်ရဲ့ ၁၁ ဒဿမ ၁ ရာခိုင်နှုန်းပဲရှိသေးတယ်။ တယ်လီဖုန်းသိပ်သည်းဆကို ၂၀၁၅-၁၆ မှာ ၇၅ ကနေ ၈၀ ရာခိုင်နှုန်းအထိ ရည်မှန်းထားပါတယ်။ ဆက်သွယ်ရေး ကုမ္ပဏီ လေး ခုစလုံးကဆောင်ရွက်ရမှာပါ။” ဟု သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊ နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသောင်းတင်က ဆိုသည်။
လက်ရှိအချိန်တွင် သန်းခြောက်ဆယ် ဝန်းကျင်ရှိသော မြန်မာနိုင်ငံလူဦးရေ၏ ၁၁ ဒဿမ ၁ ရာခိုင်နှုန်းသာ မိုဘိုင်းဖုန်းသုံးစွဲနိုင်၍ အင်တာနက်အသုံးပြုသူ သိန်းဂဏန်းသာ ရှိခြင်းကြောင့်လည်း မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ ဆက်သွယ်ရေးအော်ပရေတာ ကုမ္ပဏီများအတွက် ရတနာသိုက်ကြီးတစ်ခုဖြစ်နေသည်။ ယင်းကို အကျိုးရှိအောင် အသုံးချရမည်ဖြစ်သည်။ အကျိုးရှိအောင် အသုံးချသည်ဆိုရာတွင် အစိုးရ၊ ပြည်သူနှင့် ရင်းနှီးမြှုပ်နှံသူများအားလုံး အကျိုးရှိစေမည့် ပုံစံမျိုးသာဖြစ်စေသင့်သည်။
ဝိုးတဝါး လမ်းတံတား
မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအတွင်း လမ်း၊ တံတား အစရှိသော အခြေခံအဆောက်အအုံ အားအနည်းဆုံးနိုင်ငံများတွင် ပါဝင်သည်ဟု သတ်မှတ်ထားခြင်းခံရသည်။ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများနောက်တွင်သာရှိသည်။ မြန်မာနိုင်ငံထက် အခြေအနေဆိုးသော နိုင်ငံဆို၍ တစ်နိုင်ငံလုံးတွင် ဓာတ်လှေကား တစ်စင်းသာ ရှိသော တီမောနိုင်ငံသာဖြစ်သည်။
မြန်မာနိုင်ငံရှိလမ်းများကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ ပညာရှင်များက မကြာခဏ ဝေဖန်ခဲ့ကြပြီး ပြည်တွင်းရှိ ဗိသုကာပညာရှင်များကလည်း ဝေဖန်မှုများပြုလုပ်ခဲ့ကြသည်။
အရည်အသွေးနိမ့်ပါးသော ကုန်ကြမ်းပစ္စည်းများ သုံးစွဲခြင်းနှင့် နည်းပညာနိမ့်ပါးခြင်းကြောင့် လမ်းနှင့်တံတားအများစုမှာ အရည်အသွေးပိုင်းတွင် မေးခွန်းထုတ်စရာအခြေအနေတွင်ရှိနေသည်။
အခွင့်အရေးတစ်ခုအနေဖြင့် မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အာဆီယံ၊ တရုတ်နှင့် အိန္ဒိယ နိုင်ငံများကြားတွင် တည်ရှိနေသောကြောင့် လမ်းပန်းဆက်သွယ်ရေးကို အသုံးချ၍ တိုင်းပြည်စီးပွားရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းရှိနေကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဒု တိယ ဥက္ကဌ ဖြစ်သူ ဦးအောင်မြင့်ကဆိုသည်။
အကြီးမားဆုံးအခွင့်အရေးအနေဖြင့် အရှေ့အနောက်စီးပွားရေးစင်္ကြန်သည် မိုင် ၉၀၀ ကျော်သာရှိသော်လည်း မြန်မာအပါအဝင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း အစရှိသော နိုင်ငံများကိုဖြတ်သန်းသွားပြီး ပစိတ်ဖိတ်သမုဒ္ဒရာမှ အိန္ဒိယသမုဒ္ဒရာကိုတိုက်ရိုက်ထွကပေါက်ဖြစ်စေမည်ဖြစ်ကာ ကုန်စည်စီးဆင်းမှုကို အကြီးအကျယ် အထောက်အကူဖြစ်စေမည့် လမ်းကြောင်းတစ်ခုဖြစ်သည်။
“ဒီလမ်းကြောင်းကို အကျိုးရှိရှိ အသုံးချဖို့လိုပါတယ်။ မြန်မာနိုင်ငံဘက်က လမ်းကြောင်းက ဘာမှ မရှိပါဘူး။ တိုတိုလေးပါ။ ထိုင်းနယ်စပ်ကနေ မော်လမြိုင်အထိပဲ ဖောက်ရမှာ အဲဒါကို အခုချိန်အထိ မလုပ်ရသေးဘူး။ လမ်းဖောက်ပြီး ဆိပ်ကမ်းဆောက်ပေးလိုက်ရင် ကိုယ့်ဘက်က ပိုက်ဆံထိုင်ယူနေရုံပဲ။ စင်ကာပူကိုပတ်ပြီးလာမယ့် သဘောင်္တွေက အဲဒီလမ်းကြောင်းကနေ ကုန်းကြောင်းပဲ ပို့တော့မယ်။” ဟု ၎င်းကဆိုသည်။
အခွင့်အရေးများ သည် မိမိတို့လက်ထဲတွင် ရှိသော်လည်း အသုံးချခြင်းမချခြင်းကသာ ရေရှည်တွင် အဖြေပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်သည်။
“ကိုယ့်မှာလုပ်နိုင်တဲ့ အခွင့်အရေးရှိနေတယ်။ မြန်မြန်ဆန်ဆန် အကောင်အထည်မေဖော်ဘူးဆိုရင်။ သူများအတွက် ဖြစ်သွားမယ်။ ၂၀၁၅ မှာ Free Trade Area စတော့မယ်။ AEC စတော့မယ်။ ကိုယ်က မပြင်ဆင်ထားရင် အဲဒီအချိန်မှာ ထိမှာပဲ။” ဟု ၎င်းကဆိုသည်။
၂၀၁၅ မှ ကြိုဆိုပါသည်
၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် အာဆီယံစီးပွားရေးအသိုက်အဝန်း(AEC)သည် စတင်တော့မည်ဖြစ်သည်။ အဆိုပါ ၂၀၁၅ ခုနှစ်သည် မြန်မာနိုင်ငံ အာဆီယံဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့ရသောနှစ်ဖြစ်သောကြောင့် AEC နှင့် ပတ်သတ်သည့် ကိစ္စများကို မြန်မာနိုင်ငံက နောက်ဆုံး ဦးဆောင်အကောင်အထည်ဖော်ဆောင်ရွက်ပေးရမည့် သဘောဖြစ်သည်။
တစ်ဖက်ကကြည့်ပါက ဂုဏ်ယူဖွယ်ရာ ကိစ္စရပ်ဖြစ်သော်လည်း တစ်ဖက်ကစဉ်းစားပါက ဖြစ်နိုင်ခြေရှိမရှိဆိုသော သံသယများလည်း အာဆီယံ အသိုင်းအဝိုင်းအတွင်းရှိနေကြသည်။
အကောင်းဘက်မှ မြင်ကြည့်မည်ဆိုပါက ၂၀၁၅ တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ယခုထက်တိုးတက်လာနိုင်ဖွယ်ရှိနေပြီး သီလဝါအထူးစီးပွားရေးဇုန်စတင်လည်ပတ်နေဖွယ်ရှိသည်။ တရှိန်ထိုးဝင်ရောက်လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကြောင့် စီးပွားရေးပိုမိုတိုးတက်လာဖွယ်ရှိနေပြီး နိုင်ငံရေးအပြောင်းအလဲများနှင့် ပြည်တွင်းရေးပိုမိုတည်ငြိမ်မှုလည်း ဖြစ်လာဖွယ်ရှိသည်။
သို့သော် ၂၀၁၅ ရောက်သည်အထိ မြနာ်နိုင်ငံတွင် လျှပ်စစ်ဓာတ်အားမလုံလောက်မှုနှင့်၊ လမ်းနှင့် အဆောက်အအုံကဏ္ဍတွင်မူ အားနည်းချက်များရှိနေဦးမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်သည်။
“အဲဒါက အဓိက ဖြေရှင်းရမယ့် ကိစ္စတွေပဲ။ ဒီနှစ်ခုကို မရှင်းနိုင်ရင် FDI ကို ရေရှည်ထိန်းဖို့ မလွယ်ဘူး။ အပိုကုန်ကျစရိတ်တွေ များတော့မှာကိုး။ အဲဒီတော့ FDI တွေက ပြန်ထွက်သွားမှာပဲ။” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံသည် စီးပွားရေးအခွင့်အလမ်းနှင့် အလားအလာများအလွန်ကောင်းမွန်နေသော်လည်း အခြေခံအဆောက်အအုံပြဿနများ ရှိနေသောကြောင့် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။
လက်ရှိအချိန်တွင် တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာ့ဘဏ် နှင့် ပူေးပါင်း၍ မြန်မာ့ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် အကူအညီများပေးအပ်နေပြီး သယ်ယူပို့ဆောင်ရေးအတွက်ရေးအတွက် ကိုရီးယား၊ ဂျပန်နှင့် ADB တို့ပူးပေါင်းကူညီသွားမည်ဖြစ်ကြောင်း အဆိုပါနိုင်ငံများကထုတ်ပြန်ထားသည်။
“မြန်မာနိုင်ငံက တိုးတက်လာမယ့်နိုင်ငံပါ။ တစ်နေ့န့မှာ အာရှကျားတစ်ကောင်ဖြစ်လာနိုင်ပါတယ်။ အခြေခံအဆောက်အအုံ ပြဿနာက နိုင်ငံတိုင်းကြုံတွေ့ခဲ့ရတာပါပဲ။ ပုံစံတော့မတူဘူးပေါ့။ ဖြတ်ကျော်နိုင်မယ်လို့တော့ ကျွန်တော်ယုံတယ်” ဟု Jin Soo Kim က ဆိုလိုက်သည်။
ရဲဇွန်အောင်
ဒီဇင်ဘာ၊ ၂၀၁၃
Living Color Magazine