အားအားယားယား ဝင်ပြောလိုက်ပါဦးမယ်။ COVID-19 ဟာ သွေးအမျိုးအစားအလိုက် ကူးစက်နှုန်းတို့ ခံစားရပုံတို့ ပြင်းထန်ပုံတို့ မတူဘူးဆိုတဲ့ သတင်းကြီးက ထိပ်တန်းမီဒီယာတွေမှာရော ကမ္ဘာ့မီဒီယာတွေမှာရော အတော်ကျယ်ကျယ်ပြန့်ပြန့် ရေးနေတာတွေ့နေရတယ်။ အဲ့သတင်းနဲ့ ပတ်သက်ပြီး ပြောစရာရှိတာက ပြည့်စုံမှုမရှိဘူးဆိုတာပါပဲ။
ပြီးခဲ့တဲ့ရက်တွေတုန်းက လူတွေရဲ့ သွေးအမျိုးအစားကိုလိုက်ပြီး ရောဂါကူးစက်နိုင်ခြေ ကွာခြားတယ်လို့ တရုတ်ဆေးသိပ္ပံပညာရှင်တွေက ကြေညာခဲ့တယ်။ ရှောင်နန်ဆေးရုံ Centre for Evidence-Based and Transnational Medicine ဌာနနဲ့ ဝူဟန်တက္ကသိုလ်တို့ရဲ့ သုတေသနရလဒ်သစ်ပါ။ သူတို့အဆိုအရ COVID-19 ဟာ A သွေးပိုင်ရှင်တွေကို ပိုထိခိုက်/ပိုကူးစက်စေနိုင်ပြီး အန္တရာယ်အနည်းဆုံးကတော့ O သွေးပိုင်ရှင်တွေလို့ ဆိုထားပါတယ်။
ဒီအချက်ကို မီဒီယာတွေက လိုသလိုဆွဲယူရေးကြပါတော့တယ်။ ဒီတော့ ယုန်ထင်ကြောင်ထင် ကိစ္စတွေ ဖြစ်လာရော။ A သွေးသမားတွေက လောင်ကုန်ကြပြီး O သွေးသမားတွေက ငါတို့ အေးဆေးပဲဆိုတာမျိုးတွေ တွေးလာကြတယ်။ တကယ်က အဲ့လိုမဟုတ်ပါဘူး။
အဲ့ဒီလို သုတေသနမျိုးကို US National Center for Biotechnology Information (NCBI) ကလည်းလုပ်ခဲ့ပါတယ်။ ရလဒ်က မတူခဲ့ပါဘူး။ NCBI ရဲ့ သုတေသနရလဒ်မှာတော့ O သွေးပိုင်ရှင်တွေဟာ ရောဂါကူးစက်နိုင်ခြေ ၃၇.၁၂% ၊ B သွေးပိုင်ရှင်တွေဟာ ၃၂.၂၆% ၊ A သွေးပိုင်ရှင်တွေဟာ ၂၂.၈၈% ၊ နဲ့ AB သွေးပိုင်ရှင်တွေဟာ ၇.၇၄% အသီးသီးကူးစက်နိုင်ခြေရှိတယ်လို့ ဆိုထားပါတယ်။ NCBI ဟာ ဒီသုတေသနကို အိန္ဒိယကို အခြေပြုပြီးလုပ်ခဲ့တာဖြစ်ပါတယ်။
တရုတ်ပညာရှင်တွေဟာ သူတို့ရဲ့ သုတေသနကို ရောဂါမူလစတင်ရာ ဝူဟန်မြို့နဲ့ ရှန်ကျန်းမြို့တွေကနေ လူနာတွေကို အခြေပြုပြီး စစ်ဆေးရယူထားတာဖြစ်ပါတယ်။ သုတေသနအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဝမ်ရှင်းဟွမ်ကတော့ A သွေးပိုင်ရှင်တွေဟာ ရောဂါကူးစက်မှု ၆၃% ဖြစ်ပြီး၊ O သွေးပိုင်ရှင်တွေကတော့ ရောဂါကူးစက်မှုနှုန်း ၅၂% လို့ ပြောခဲ့ပါတယ်။
သုတေသနရလဒ် ၂ ခုရဲ့ အချက်အလက်တွေက ဘာတွေကို ပြနေသလဲဆိုတော့ နေရာဒေသနဲ့ ပတ်ဝန်းကျင်အလိုက်၊ ကူးစက်ပုံ၊ ပြန့်နှံ့ပုံ မတူညီသလို ကူးစက်ခံရသူတွေလည်း အခြေအနေခြင်းမတူညီနိုင်ဘူးဆိုတာပါပဲ။
သုတေသနရလဒ်တွေအရဆိုရင် တရုတ်မှာ Aသွေးသမားတွေ အရေအတွက်ပိုများတာဖြစ်နိုင်ပြီး အိန္ဒိယမှာတော့ O သွေးသမားတွေ ပိုကူးစက်ခံနေရပါတယ်။ ဒီတော့ သွေးကြောင့် ကူးနိုင်ခြေမတူတာမဟုတ်ပဲ ဆေးရုံတက်သူတွေမှာ သွေးအမျိုးအစားလိုက် ပိုကူးစက်ခံရတဲ့ အရေအတွက် နိုင်ငံအလိုက် မတူကွဲပြားနေကြတာသာဖြစ်ပါတယ်။
ကျွန်တော် ဒီနှောင်းပိုင်း နှစ်တွေမှာ သတင်းအတုအယောင်တွေအကြောင်း တောက်လျှောက်သတိပေးခဲ့ဖူးပါတယ်။ ခုပြဿနာက သတင်းတုပြဿနာမဟုတ်ပါဘူး။ အချက်အလက်မပြည့်စုံတဲ့ သတင်းမှား ပြဿနာပါ။ အချက်အလက်၊ ဆိုလိုရင်း၊ အဓိပ္ပါယ် မပြည့်စုံတဲ့ သတင်းဟာ အဆိပ်ဖြစ်ပါတယ်။
သတင်းသမားမှန်ရင် သတင်းလောဘရှိစမြဲပါပဲ။ သူများထက်မြန်ချင် ဦးချင်ကြတာလည်း သဘာဝပါပဲ။ ဒါပေမယ့် ခုလို Pandemic အခြေအနေမျိုးမှာ ချင့်ချိန်ရေးသားတာဟာ လူထုကို တဘက်တလမ်းက ကူညီရာရောက်တယ်ဆိုတာလေး သတိပေးစကားဆိုရင်း…
ခင်မင်လျက်
မောင်မိုးဇွန်
COVID19
၂၂၊ မတ်၊ ၂၀၂၀
တောရေးတောင်ရေး