မြနန္ဒာသီချင်း၏ အလိုက်တီးလုံးလေးက အခန်းအတွင်းပျံ့လွင့်နေသည်။ အသက် ၂၀ ဝန်းကျင် လူငယ်တစ်ဦးဖြစ်သည့် ကိုညီညီဦးက HTC ဖုန်းကို အသေအချာအာရုံစိုက်၍ ကြည့်ရှုနေပြီး ဖုန်းမျက်နှာပြင်ပေါ်တွင် ထောက်ထားသည့် လက်က ဘယ်ညာ ပြေးလွှားနေသည်။
ကိုညီညီဦးသည် မိုဘိုင်းဖုန်းပေါ်တွင် အသုံးပြုနိုင်သည့် ဂိမ်းတစ်ခုကို ကစားနေခြင်းသာဖြစ်ပြီး အဆိုပါဂိမ်း၏ အမည်က “ဆိုက်ကားဆရာငပိန်” ဖြစ်သည်။ အဆိုပါဂိမ်းကို ပြည်တွင်းရှိ Game Developer (ဂိမ်းဖန်တီးထုတ်လုပ်သူ) တစ်ခုဖြစ်သည့် Total Gameplay Studios က မြန်မာသင်္ကြန်ကို အခြေခံ၍ ရေးဆွဲဖန်တီးထားခြင်းဖြစ်သည်။
“ကျွန်တော်က ဂိမ်းကစားရတာကို သဘောကျတယ်ဗျ။ ဘယ်လို ဂိမ်းအမျိုးအစားမဆို အနည်းဆုံးတော့ စမ်းပြီးတော့ ကစားမိတယ်။ အခုကစားနေတဲ့ ဂိမ်းကိုလည်း ကိုယ့်နိုင်ငံက ထုတ်တဲ့ဂိမ်းဖြစ်နေတဲ့အတွက် ပိုသဘောတယ်။” ဟု ကိုညီညီဦးကဆိုသည်။
အဆိုပါဂိမ်းသည် လက်ရှိပြည်တွင်းတွင် အောင်မြင်သည်ဟု ဆိုရမည့် ပြည်တွင်းထုတ် မိုဘိုင်းဂိမ်းတစ်မျိုးဖြစ်ပြီး ကစားသူ ၆၀၀၀၀ ကျော်ခန့်ရှိသည့် ဂိမ်းတစ်ခုဖြစ်သည်။ သို့သော်ပြည်တွင်းထုတ်ဂိမ်းများတွင် ကစားသူအရေအတွက် အများဆုံး ဂိမ်းမှာ “ခြင်းလုံး” ဂိမ်းဖြစ်ပြီး ကစားသူအရေအတွက် တစ်သိန်းခန့်ရှိသည်။
ယင်းကဲ့သို့ ပြည်တွင်းထုတ်ဂိမ်းများ လူသိများလာပြီး ပြည်တွင်းတွင်လည်း Game Developer အရေအတွက်အနည်းငယ်တိုးလာသော်လည်း ပြည်တွင်းထုတ် ဂိမ်းများ၏ အခန်းကဏ္ဍမှာ မှေးမှိန်နေဆဲဖြစ်ပြီး ရပ်တည်ရှင်သန်ရေးမှာလဲ အခက်အခဲများရှိနေသည်။ အထူးသဖြင့် ခိုင်မာသည့် ပြည်တွင်း ဂိမ်းဈေးကွက်တစ်ခု ဖန်တီးနိုင်ခြင်းမရှိသေးသောကြောင့်ဖြစ်သည်။
မြန်မာနိုင်ငံတွင်မူ ဂိမ်းဖန်တီးမှုများကို ၂၀၀၀ ခုနှစ်နောက်ပိုင်းမှသာစတင်နိုင်ခဲ့သည်ဟု ဂိမ်းပညာရှင်များကဆိုကြသည်။ ၂၀၀၅ ခုနှစ်တွင် ပြည်တွင်းမှ ဂိမ်းဝါသနာရှင်လူငယ်ညီအကို နှစ်ဦး ပူးပေါင်းတည်ထောင်ခဲ့သည့် Total Gameplay Studios သည် မြန်မာ့ဂိမ်းဖန်တီးမှုသမိုင်းတွင် ပထမဆုံး Game Studio ဖြစ်သည်။ သို့သော်လည်း သူတို့ဖန်တီးခဲ့သည့် ဂိမ်းမှာ ပြည်တွင်းတွင် ဖြန့်ချိနိုင်ခြင်းမရှိခဲ့ပဲ ပြည်ပတွင်သာဖြန့်ချိခဲ့သည်။
နောက်ပိုင်းကာလများတွင် လူငယ်များက ဂိမ်းဖန်တီးမှုအပိုင်းကို ပိုမိုစိတ်ဝင်စားလာကြသော်လည်း ပြည်တွင်းတွင် အင်တာနက်အစရှိသည့် အခြေခံအဆောက်အအုံအခက်အခဲများရှိနေခြင်း၊ ဂိမ်းဘာသာရပ်ကို လေ့လာရန် အခက်အခဲများရှိနေခြင်းနှင့် ထုတ်လုပ်ပြီးပါက ပြန်လည်ဝင်ငွေရှာဖွေရန် အခက်အခဲရှိနေခြင်းများကြောင့် မြန်မာဂိမ်းဖန်တီးထုတ်လုပ်မှုအပိုင်းသည် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့ပေ။
လက်ရှိအချိန်တွင် ပြည်တွင်းတွင် မိုဘိုင်း Platform အပါအဝင် ဂိမ်း Platform မျိုးစုံအတွက် ဂိမ်းများ ဖန်တီးရေးဆွဲနေသည့် Game Developer ၄၊ ၅ ဦးခန့်ရှိလာပြီဖြစ်သော်လည်း ခိုင်မာသည့် ပြည်တွင်းဈေးကွက် တစ်ခုမဖန်တီးနိုင်သေးကြောင်း ပြည်တွင်း Game Developer များက ဆိုကြသည်။
လက်ရှိအချိန်တွင် ပြည်တွင်းဈေးကွက် ဖွံ့ဖြိုးလာရန် အပြင်းအထန်ကြိုးစားရဦးမည်ဖြစ်ပြီး ပြည်တွင်း ဂိမ်းဈေးကွက်သည် အာဆီယံဒေသတွင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ စင်ကာပူတို့ကို မဆိုထားနှင့် ဖွံ့ဖြိုးကာစတိုင်းပြည်များဖြစ်သည့် ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့ကိုပင် မမှီနိုင်သေးသည်မှာ အမှန်ပင်ဖြစ်သည်။
“ပြည်တွင်းဈေးကွက်က ဖွံ့ဖြိုးလာဖို့ လိုဦးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိမှာ ကစားတဲ့သူတွေကလည်း သိပ်မရှိသေးဘူး။ လောလောဆယ် အဓိက Platform က မိုဘိုင်းဆိုတော့ ကျန်တာတွေတော့ မပြောတော့ဘူး။ မိုဘိုင်းမှာတောင် ကစားတဲ့သူအရေအတွက် တော်တော်နည်းသေးတယ်။ ဒါကလည်း မိုဘိုင်းဖုန်းတွေ စမတ်ဖုန်းတွေ သုံးတဲ့သူနည်းသေးတာကြောင့်လည်းပါမှာပေါ့။” ဟု Total Gameplay Studios မှ Chief Technical Officer ဦးမြင့်ကျော်သူကဆိုသည်။
လက်ရှိအချိန်တွင် ကမ္ဘာတစ်လွှားတွင်လည်း အခြား Platform များထက် မိုဘိုင်း Platform ပေါ်တွင် ဂိမ်းကစားမှုပိုမိုလာနေသောကြောင့် ပြည်တွင်း Game Developer များလည်း မိုဘိုင်း Platform ဘက်ကို ပိုမိုအာရုံစိုက်လာကြကြောင်း Sundance Game ပစ္စည်းအရောင်းဆိုင်မှ ဦးမျိုးမင်းဦးကဆိုသည်။
သို့သော်လည်း ငွေပေးချေမှုစနစ် (Payment) အခက်အခဲနှင့် ထုတ်ကုန်ကို ဖြန့်ချိမှုအပိုင်း(Delivery) အခက်အခဲများက မိုဘိုင်းဂိမ်းများ ထုတ်လုပ်ရာတွင် ဝင်ငွေပြန်လည်ရှာဖွေရန် အခက်အခဲဖြစ်စေကြောင်း ၎င်းကဆိုသည်။
“မြန်မာဈေးကွက်မှာ နိုင်ငံတကာလို အလွယ်တကူ ငွေချေစနစ်တွေမရှိတဲ့အတွက် ခက်ခဲတာတွေရှိတယ်။ နောက်တစ်ခုကတော့ Delivery ပေါ့။ အဲဒါမှာလည် ဒီနိုင်ငံက နည်းနည်းရှုပ်ထွေးနေတယ်။ ရှုပ်ထွေးနေတယ်ဆိုတာက သူများနိုင်ငံတွေမှာဆိုရင် App store တို့ Google play တို့က တင်လိုက်ရင် လွယ်လွယ်ကူကူပဲ ငွေပေးချေလို့ရတယ်။ ဒီမှာမရဘူး” ဟု ဦးမြင့်ကျော်သူကလည်းဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် အင်တာနက် အမြန်နှုန်းနှေးကွေးခြင်းမှာလည်း ပြဿနာတစ်ခုဖြစ်နေပြီး သုံးစွဲလိုသူ Users များက မိမိလိုချင်သည့် ဂိမ်းများကို Download ဆွဲသည့် အခါတွင် ဆွဲ၍မရခြင်းများလည်းဖြစ်တတ်ကြောင်း ဂိမ်းဝါသနာရှင်များကဆိုသည်။
“ကွန်နက်ရှင်ကလည်း ပြဿနာ။ ကိုယ်လိုချင်တဲ့ ဂိမ်းကို အင်တာနက်ကနေ Download ဆွဲဖို့ အချိန်တော်တော်ပေးရတယ်။ တစ်ခါတစ်လေ တစ်ဝက်တစ်ပျက်နဲ့ အင်တာနက်ကျသွားလို့ အစကပြန် Download ဆွဲရတာတွေ ခဏခဏကြုံဖူးတယ်။ Android ကို အခြေခံထားတဲ့ ဂိမ်းတွေအားလုံးကို Playstore မှာရတယ်။ တစ်ချို့ Huawei handset တွေမှာ Google Playstore မပါဘူး။ အဲဒီတော့ ကိုယ်လိုချင်တာမရတာမျိုးလည်းရှိတယ်။” ဟု ကိုညီညီဦးကဆိုသည်။
ယင်းကဲ့သို့သော အခြေအနေများ၊ အခက်အခဲများကြားထဲမှပင် ပြည်တွင်းရှိ Game Studios များသည် ဝင်ငွေ ရရှိရေးအတွက် အဆင်ပြေသလို ရုံးကန်ရပ်တည်နေရသည်။ Game Studios များသည် နိုင်ငံတကာ နှင့် ချိတ်ဆက်၍ ဂိမ်းများဖန်တီးကာ ရောင်းချခြင်းဖြင့်သာ အသက်မွေးနေရပြီး ပြည်တွင်းဈေးကွက်တစ်ခု ဖန်တီးလာနိုင်ရေးလည်း မျှော်လင့်နေကြသည်။ ရေရှည်ကာလတွင်လည်း ပြည်တွင်းဈေးကွက်တစ်ခု မရှိပဲ ရပ်တည်သွားနိုင်ရန် မလွယ်ကူပေ။
“ဒီမှာလောလောဆယ် အနေအထားအရတော့ Profitable ဖြစ်အောင် ရပ်တည်နေဖို့က မဖြစ်နိုင်သေးဘူး။ ဈေးကွက်အနေအထားအရ ကျွန်တော်တို့ကလည်း ပြည်တွင်းဈေးကွက်မှာ အဓိကလုပ်နေတာမဟုတ်ဘူးလေ။ ဟိုးအရင်ကတည်းက နိုင်ငံတကာဈေးကွက်မှာ ဂိမ်းတွေ ဖန်တီးခဲ့တာဆိုတော့ နှစ်ဖက်ရပ်တည်နေရတာပေါ့။ အဲလိုမျိုးပဲ နှစ်ဖက်ရည်တည်မှ အဆင်ပြေနိုင်မယ်။” ဟု ဦးမြင့်ကျော်သူကဆိုသည်။
ထို့ကြောင့် ပြည်တွင်း Game Developer များအနေဖြင့် ဈေးကွက်သစ်တစ်ခု ဖန်တီးနိုင်မည်ဆိုသည့် မျှော်လင့်ချက်ဖြင့် လူသုံးများလာသည့် မိုဘိုင်းဖုန်းဘက်သို့ ခြေဦးလှည့်လာကြခြင်းဖြစ်သည်။ ဆက်သွယ်ရေးအော်ပရေတာများ လုပ်ငန်းများစတင်ရန်ပြင်ဆင်နေပြီဖြစ်သောကြောင့် မကြာတော့မည့်ကာလများတွင် ပြည်တွင်းတွင် မိုဘိုင်းဖုန်း သုံးစွဲသူအရေအတွက် ပိုမိုများပြားလာမည်ဖြစ်ပြီး မိုဘိုင်းဖုန်းဂိမ်းများပိုမိုနေရာရလာနိုင်မည်ဖြစ်သည်။
“အော်ပရေတာတွေများလာရင် Mobile Users တွေများလားမယ်။ Users တွေ များလာရင် ပြည်တွင်း မိုဘိုင်းဂိမ်းဈေးကွက်ကလည်း အလိုလိုကျယ်ပြန့်လာမယ်လေ။ ပြည်တွင်းဈေးကွက်လည်း တက်လာမယ်လေ။” ဟု ပြည်တွင်းမှ ဂိမ်းဖန်တီးရေးဆွဲသူတစ်ဦးဖြစ်သူ ကိုဇာနည်ကဆိုသည်။
အလားအလာရှိနေသာ မိုဘိုင်းဈေးကွက်ကြောင့် မိုဘိုင်းအော်ပရေတာများ၊ မိုဘိုင်းဖုန်းထုတ်လုပ်သူများနှင့်လည်း ချိတ်ဆက်လုပ်ကိုင်နိုင်ရန် မျှော်လင့်နေကြပြီး ပိုမိုအရည်အသွေးကောင်းမွန်ပြီး ပိုမိုဆန်းသစ်သည့် ဂိမ်းများဖန်တီးထုတ်လုပ်ရန် မျှောင်လင့်ချက်များ သူတို့တွင် ရှိနေကြသည်။
“အဓိကကတော့ စမတ်ဖုန်းနဲ့ အင်တာနက်ကိုပေါ့ အဓိကထားသုံးတဲ့သူတွေများလာမယ်ဆိုရင် ဈေးကွက်က သူ့အလိုလို တဖြည်းဖြည်းတက်လာမှာပါ” ဟု ကိုဇာနည်ကဆိုသည်။
အော်ပရေတာများနှင့် မိုဘိုင်းဖုန်းထုတ်လုပ်သူများကလည်း ဂိမ်းဈေးကွက်ဖွံ့ဖြိုးလာရေးအတွက် ကူညီပေးရန် စိတ်ဝင်စားနေကြပြီး အလုပ်ရုံဆွေးနွေးပွဲများ၊ Seminar များတွင်လည်း ပါဝင်ကူညီမှုများရှိနေသည်။
ပြည်တွင်းမှ ဂိမ်းဝါသနာရှင်များကလည်း ပြည်တွင်းရှိ မိုဘိုင်းဂိမ်းများကို အားပေးမှုများရှိနေပြီး မိုဘိုင်းအော်ပရေတာများ လုပ်ငန်းစတင်လာပြီးနောက် မိုဘိုင်းငွေပေးချေမှုစနစ်များ၊ ပိုမိုကောင်းမွန်သည့် အင်တာနက်စနစ်များနှင့် ဈေးနှုန်းချိုသာသည့် ဝန်ဆောင်မှုများစတင်နိုင်ပါက ပြည်တွင်းမှ ဂိမ်းဝါသနာရှင်များအတွက်လည်း ပိုမိုအဆင်ပြေလာမည်ဖြစ်သည်။
“ပြည်တွင်းဈေးကွက်လေးဖန်တီးလိုက်နိုင်ပြီ ပြည်တွင်းဈေးကွက်လေး အခြေခိုင်လာပြီဆိုရင် Developer တွေလည်း အခုထက်များလာမယ်။ များလာတော့ ယဉ်ပြိုင်မှုတွေ ပိုလာမယ်။ ပိုတိုးတက်လာမယ်။ ပိုကောင်းတာတွေထွက်လာမယ်။ အဲဒီတော့မှ ပြည်ပကို အဆင့်မှီမှီထိုးဖောက်နိုင်မှာ။ ပြည်တွင်းဈေးကွက်မရှိရင် ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။” ဟုကိုဇာနည်ကဆိုသည်။
မြန်မာဂိမ်းဈေးကွက်နှင့် နည်းပညာပိုင်းများသည် မိုဘိုင်းဖုန်းဈေးကွက်နှင့်အတူတွဲ၍ တဖြည်းဖြည်းခြင်း ဖွံ့ဖြိုးလာဖွယ်ရှိနေပြီး အာဆီယံအဆင့်ရောက်မှီရန်ကိုပင် အချိန် အတိုင်းအတာတစ်ခုအထိ ယူရဦးမည်ဖြစ်ကြောင်း ဦးမျိုးမင်းဦးကဆိုသည်။
သို့သော် ပြည်တွင်း ပရိတ်သတ်များ ကြိုက်နှစ်သက်နိုင်သည့် “ခြင်းလုံး”ဂိမ်းကို အခွေဖြင့်ရောင်းချခဲ့စဉ်က ရောင်းအားအတိုင်းတာ တစ်ခုအထိရှိခဲ့သောကြောင့် ပြည်တွင်းဂိမ်းဝါသနာရှင်များသဘောကျသည့် Game Play များကို လူသုံးများသည့် မိုဘိုင်းဖုန်း စနစ်တစ်ခုဖြစ်သည့် Android စနစ်ကိုအခြေခံ၍ မြန်မာဆန်ဆန်ဖန်တီး၍ ဦးစားပေးထုတ်ခြင်းအားဖြင့်လည်း ပြည်တွင်းဈေးကွက်ကို ဆွဲဆောင်၍ ချဲ့ထွင်နိုင်ကြောင်း ၎င်းကဆိုသည်။
ကိုညီညီဦးတို့ကဲ့သို့သော ဂိမ်းဝါသနာရှင်များအနေဖြင့်လည်း “ဆိုက်ကားဆရာငပိန်”၊ “ငတက်ပြား”၊ “ခြင်းလုံး” စသည်တို့ ကဲ့သို့သော မြန်မာလူမျိုးများကိုယ်တိုင် ဖန်တီးထုတ်လုပ်ထားသည့် မြန်မာဂိမ်းများကို သဘောကျကျပြီး ယင်းကဲ့သို့သော ဂိမ်းကောင်းများ ပြည်တွင်းမှ ပိုမိုထွက်ရှိလာရန် မျှော်လင့်ကြသည်။ မြန်မာလူမျိုးများနှင့်ပိုမိုကိုက်ညီသည့် ဂိမ်းများကို သူတို့က ပိုသဘောကျကျသည်။
“ဥပမာ “ဆိုက်ကားဆရာငပိန်”ဆိုပါစို့။ ရုပ်ထွက်လည်း အရမ်းကောင်းတယ်။ Idea လေးလည်းကောင်းတယ်။ မြန်မာဆန်တဲ့ အရသာကိုလည်းရတယ်။ နောက်ဒီလိုဂိမ်းမျိုးတွေထပ်ထွက်လာဖို့ ကျွန်တော်တို့ကမျှော်လင့်တယ်။ ဝယ်ရမယ်ဆိုလည်း ဝယ်သုံးမှာပဲ။ နောက်ဆို ဖုန်းတွေပိုများလာဆော့မှာဆိုတော့ ကစားတဲ့သူတွေလည်း များလာမှာလေ ဂိမ်းတစ်ခုကို ၁၀၀၀၊ ၂၀၀၀ လောက်ပေးဝယ်ရမယ်ဆိုရင်တောင်မှ ကိုယ့်နိုင်ငံကထုတ်တဲ့ ဂိမ်းလေ ဝယ်ဆော့ကြမှာပဲ။” ဟု ၎င်းကဆိုသည်။
ဖုန်း ဘက္ကထရီကုန်လုကုန်ခင်ဖြစ်နေပြီဖြစ်သောကြောင့် ကိုညီညီဦးက ဂိမ်းကစားနေမှုကို ရပ်တန့်လိုက်သည်။ အမြင့်ဆုံး အမှတ်ကို မရရှိသေးသောကြောင့် သူမကျေမချမ်းဖြင့် ရပ်နားလိုက်ရခြင်းဖြစ်သည်။ သို့သော် သူ့ စိတ်ထဲတွင် စဉ်းစားနေသည်မှာက လာမည့်မေလတွင် ထွက်ရှိလာမည့် “သမိန်ပေါသွပ်” ဂိမ်းကို ဖြစ်သည်။ ငယ်ငယ်ကသဘောကျနှစ်ခြိုက်ခဲ့ရသည့် ကာတွန်းဇာတ်ကောင်များကို ဂိမ်းအဖြစ်ပြန်လည် ကစားနိုင်တော့မည်ဖြစ်သောကြောင့် သူရင်ခုန်နေသည်။
“ကျွန်တော်တို့က မြန်မာလူမျိုးတွေလေ။ မြန်မာပြည်က ဂိမ်းတွေကို ပိုဆော့ချင်တာပေါ့။ ကျွန်တော်တို့ ဒီလိုဆော့ခြင်းအားဖြင့် Game Developer တွေကို ကူညီရာလည်းရောက်တယ်။ ဂိမ်း Developer တွေ များလာတာနဲ့ အမျှ ဂိမ်းဈေးကွက် ကျယ်ပြန့်လာတာနဲ့အမျှ သူတို့ဆီကနေ အမိုက်စားဂိမ်းတွေ ထပ်ထွက်လာမယ်။ အခုတော့ “သမိန်ပေါသွပ်” နဲ့ “လမ်းမတော် ဖိုးတုတ်” ဂိမ်းတွေထွက်လာမယ့်နေ့ကို မျှော်နေတယ်ဗျာ” ဟု ၎င်းကဆိုလိုက်သည်။
ရဲဇွန်အောင်
မေ၊ ၂၀၁၄
The Voice Weekly