မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူများ ရင်ဆိုင်ရနိုင်သည့် စိန်ခေါ်မှု ၆ ချက်

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အင်္ဂလန် အခြေစိုက် Oxford Business Group က The Report Myanmar 2014 ကို ထုတ်ပြန် ခဲ့ပြီး အဆိုပါ အစီရင်ခံစာတွင် မြန်မာ့စီးပွားရေးသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသော်လည်း ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ်များအတွင်း ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများ အတွက် စိန်ခေါ်မှု ၆ ခုရှိနေသည် ဟုဆိုသည်။

၁။ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း ပြောင်းပြန်အနေအထားဖြစ်နိုင်ခြင်း

ပထမအချက်အနေဖြင့် ပြုပြင်ပြောင်းလဲရေးအနေအထား နောက်ပြန်လှည့်မလှည့်သည် အရေးအကြီဆုံးအချက်ဟု The Report Myanmar 2014 အစီရင်ခံစာကဆိုသည်။

အဆိုပါအစီရင်ခံစာက ကချင်၊ ရှမ်းနှင့် ကရင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် အပြီးသတ် ငြိမ်းချမ်းရေးမရရှိသေးခြင်းကို ထောက်ပြထားပြီး ယင်းအနေအထားသည် လက်ရှိပြုပြင်ပြောင်းလဲရေးလမ်းကြောင်းတွင် အရေးအကြီးဆုံးအချက်ဖြစ်ပြီး လက်ရှိအခြေအနေကို အချိန်မရွေးပြောင်းပြန်ဖြစ်သွားစေနိုင်သည်။

အဆိုပါဒေသများသည် ၁၉၄၈ ခုနှစ် အင်္ဂလိပ်အစိုးရထံမှ လွပ်လပ်ရေး ရရှိပြီးကတည်းက လက်နက်ကိုင်တိုက်ပွဲများနှင့် ပြည့်နှက်နေခဲ့သော ဒေသများဖြစ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပေ။

အဆိုပါဒေသများသည် တရုတ်၊ ထိုင်းအစရှိသော အဓိက နယ်စပ်ကုန်သွယ်ရေးဒေသများဖြစ်ပြီး တိုင်းပြည်ဧရိယာ၏ သုံးပုံ တစ်ပုံ ခန့်ကျယ်ဝန်းသော ဒေသကြီးဖြစ်သည်။ လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အပေါင်းလက္ခဏာဆောင်နေပြီး အချို့လက်နက်ကိုင်တပ်ဖွဲ့များနှင့် နီးနီးကပ်ကပ် ဆက်ဆံနိုင်နေပြီဖြစ်သကဲ့သို့ လုံးဝငြိမ်းချမ်းရေးရရှိနိုင်ရန် အလားအလာကောင်းများလည်း မြင်တွေ့နေရပြီဖြစ်သည်။

သို့သော်လည်း ပြီး ခဲ့သော နှစ်များအတွင်စဖြစ်ပွားခဲ့သည့် ဘာသာရေးဆက်နွယ်သော ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်နေမှုတွင် အနှောင့်အယှက်များပေါ်ပေါက်လာနိုင်သကဲ့သို့ ရင်းနှီးမြှုပ်နှံသူအချို့အနားယူသွားပြီဖြစ်သော စစ်ခေါင်းဆောင်များက နောက်ကွယ်မှ ကြိုးကိုင်နေဆဲဟု ယုံကြည်နေကြသေးသည်။

၂။ ဘဏ်စနစ်၊ ငွေလဲနှုန်း၊ ငွေကြေးဖောင်းပွမှု အခြေအနေ

ငွေကြေးဏ္ဍဖွံ့ဖြိုးရေး Master Plan ကြောင့် ဘဏ်များသည်လည်း လျင်လျင်မြန်မြန်ဖွံ့ဖြိုးလာနေသော်လည်း ATM စက်သစ်များကို မြို့ကြီးများတွင်သာ တွေ့နိုင်သေးပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လည်း ဘဏ်များတွင် ငွေကြေးအပ်နှံသူ (သို့) ဘဏ်ဝန်ဆောင်မှု သုံးစွဲသူ လူဦးရေမှာ အလွန်နည်းပါးနေသေးခြင်းသည် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။

၂၀၁၃ ခုနှစ်အတွင်း ဗဟိုဘဏ်ကိုလည်း သီးခြားလွပ်လပ်သော အဖွဲ့အစည်းတစ်ခုအဖြစ်အသွင်ပြောင်းခဲ့ပြီး ဖြစ်သော်လည်း ငွေကြေးဖောင်းပွမှုနှုန်းနှင့် ငွေလဲနှုန်းတည်ငြိမ်မှုရှိစေရန် ဆောင်ရွက်ရဦးမည်ဖြစ်သကဲပသို့ ပီပြင်ထိရောက်သည့် Stock Exchange အကောင်အထည်ပေါ်ရေးသည်လည်း စီးပွားရေးလုပ်ငန်းရှင်များ အတွက် အရေးပါပေသည်။

ဘဏ်လုပ်ငန်းစနစ်ကို နိုင်ငံတကာအဖွဲ့အစည်းများအကူအညီဖြင့်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသကဲ့သို့ VISA ၊ Master၊ JPU အစရှိသော နိုင်ငံတကာငွေပေးမှုကတ်စနစ်များလည်း အသက်ဝင်လာကြပြီဖြစ်သောကြောင့် မြန်မာ့ငွေကြေးနှင့် ဘဏ်လုပ်ငန်းသည် အခက်အခဲနှင့် စိတ်ခေါ်မှုများရှိနေသော်လည်း အပေါင်းလက္ခဏာဆောင်လာပြီဖြစ်သော်လည်း စောင့်ကြည့်ရဦးမည်ဖြစ်သည်။

၃။ ပညာရေးနှင့် အခြေခံအဆောက်အအုံ ကွာခြားချက်များ

ပြီးခဲ့သော နှစ်များအတွင်းက နိုင်ငံတကာပိတ်ဆို့အရေးယူမှုများနှင့် နည်းပါးလှသော ရင်းနှီးမြှုပ်နှံမှုများကြောင့် မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံကဏ္ဍသည် ကြီးကြီးမားမား အဆင့်မြှင့်တင်ခြင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ခြင်းများ အကောင်အထည်ဖော်ရန်လိုအပ်နေသေးသည်။

ဥပမာအနေဖြင့် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးမြို့တော် ရန်ကုန်တွင် မြို့နေလူထုသည် အာဏာပိုင်များက အကန့်အသတ်ဖြင့်သာ စွမ်းဆောင်နိုင်မှုကြောင့် စနစ်မကျသည့် မိလ္လာနှင့် ရေဆိုးထုတ်စနစ်၊ ခေတ်မှီသည့်ဆက်သွယ်ရေးကွန်ယက်နှင့် ဆိုးဝါးလှသည့် လမ်းပိတ်ဆို့မှုများကို ကြုံတွေ့ခံစားနေရသည်။

ထို့ကြောင့် ပြီးခဲ့သည့် ဆက်သွယ်ရေးလိုင်စင် တင်ဒါတွင် အဆိုပါအခြေခံအဆောက်အအုံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ပြည်ပဆက်သွယ်ရေးကုမ္ပဏီများကို ရွေးချယ်ခဲ့ပြီး ကမ္ဘာပေါ်တွင် တယ်လီဖုန်းသုံးစွဲသူ ရာခိုင်နှုန်း အနည်းဆုံးရှိသည့် တိုင်းပြည်ကို ပြောင်းလဲရန်ကြိုးစားခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ၂၀၃၀ ခုနှစ်မတိုင်မှီ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၆၅၀ ဘီလီယံအထိလိုအပ်နေပြီး ယင်းပမာဏထဲမှ တစ်ဝက်ခန့်ကို အခြေခံအဆောက်အအုံဖွံ့ဖြနုးရေးအတွက် မဖြစ်မနေအသုံးချရမည်ဖြစ်ကြောင်း စီးပွားပေညာရှင်များက သုံးသပ်ထားသည်။

၄။ ဒေသတွင်း နိုင်ငံများ၏ အားပြိုင်မှု

အချက်အခြာကျသည့် တရုတ်နှင့် အိန္ဒိယအကြားတွင် တည်ရှိနေသော အာဆီယံဥက္ကဌ မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်း၌ လူတစ်ဦးချင်း GDP အနည်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်နေသကဲ့သို့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း အထိုက်အလျောက်တိုးတက်လာသည်မှာလည်း မကြာသေးပေ။ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ဒေသတွင်းနိုင်ငံများနှင့် ဈေးကွက်ဝေစု အပြိုင်အဆိုင်လုရမည်ဖြစ်သောကြောင့် စီးပွားရေးပိုင်းအရ ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာဖွယ်ရှိနေသည်။
နယ်နိမိတ်ခြင်းစပ်ဆက်နေသောနိုင်ငံအချို့နှင့် အပြန်အလှန် Migrant ပြဿနာကြောင့် အားပြိုင်မှုများရှိသကဲ့သို့ အာရှပစိဖိတ်ဒေသအတွင်း အချက်အခြာကျလာသည့် အာဆီယံ၏ အခန်းကဏ္ဍအပါအဝင်၊ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေးပြဿနာအမျိုးမျိုးကြောင့် အာဆီယံဒေသတွင်းနိုင်ငံများအချင်းချင်းတွင်လည်း အတန်အသင့်တင်းမာမှုအချို့ရှိနေသည်။

အာဆီယံဒေသအတွင်းလွပ်လပ်စွာကုန်သွယ်ခွင့်ပြုရန် ပြင်ဆင်နေပြီး အာဆီယံစီးပွားရေးအသိုက်အမြုံတည်ထောင်ရန် လည်း ဆောင်ရွက်နေကြသော်ငြားလည်း တိုင်းပြည်တစ်ခုခြင်းစီ၏ ဖွံ့ဖြိုးမှုမညီမျှမှုများကြောင့် တစ်နိုင်ငံကတစ်နိုင်ငံကို အမြတ်ထုတ်သွားမည်ကိုလည်း ဖွံ့ဖြိုးမှုနည်းပါးသော နိုင်ငံများက သံသယရှိနေကြသည်။

၅။ စီးပွားရေးလုပ်ငန်းများ အတွက် လုပ်ငန်းလုပ်ကိုင်စရိတ်

လုပ်ငန်းကုန်ကျစရိတ်များသည် ဒေသတွင်း အခြားနိုင်ငံများထက် ပိုမိုကုန်ကျလေ့ရှိခြင်းမှာ မြန်မာနိုင်ငံတွင်းရှိ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များအတွက် အနှောင့်အယှက်တစ်ခု အဖြစ် ဖြစ်နေသေးသည်။
အခြေခံအဆောက်အအုံအားနည်းချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးမဖွံ့ဖြိုးမှု၊ ခေတ်မမှီသည့် ဆက်သွယ်ရေးစနစ်ကိုပင် နိုင်ငံအတွင်း အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်မှု၊ အင်တာနက်ဆက်သွယ်ရေးစနစ် ညံ့ဖျင်းမှု၊ အဂတိလိုက်စားမှုနှင့် ကဏ္ဍအများစုတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စီးပွားရေးပတ်ဝန်းကျင် မဖန်တီးနိုင်သေးမှုတို့ကြောင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် လုပ်ငန်းအသီးသီးတွင် အပိုကုန်ကျစရိတ်များ (Transaction Costs ) ကုန်ကျနေပြီး ကုန်ထုတ်လုပ်သူများအနေဖြင့်လည်း ပြည်ပထုတ်ကုန်များနှင့် ဈေးနှုန်းပိုင်း မယှဉ်ပြိုင်သည့်အနေအထားတွင် ကြုံတွေ့နေရဆဲဖြစ်သည်။

၆။ သယံဇာတခွဲဝေမှုပြဿနာ

သယံဇာတခွဲဝေမှုသည် မြန်မာနိုင်ငံကဲ့သို့သော တိုင်းပြည်တစ်ခုအတွင်းမြေမျက်နှာ သွင်ပြင်ကွာခြားချက်ကြီးများပြီး တိုင်းရင်းသားအစုအဖွဲ့များပြားသည့်နိုင်ငံတစ်တစ်ခုအတွက် ခက်ခဲရှုပ်ထွေးသည့် ပြဿနာကြီးတစ်ခုဖြစ်သည်။

အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုနည်းပါးသည့် တိုင်းရင်းသားအများစုနေထိုင်ရာဒေသများတွင် တိုင်းပြည်၏ အရင်းအမြစ်သယံဇာတများ အဓိကတည်ရှိနေခြင်းနှင့် အပြီးသတ်ငြိမ်းချမ်းရေးမရရှိသေးခြင်း၊ ဘာသာရေးနွယ်သည့်အကြမ်းဖက်မှုများကြောင့် သယံဇာတခွဲဝေမှုပိုင်းတွင် အခက်အခဲများဖြစ်ပေါ်စေပြီး အဆိုပါပြဿနာသည် ရေရှည်ပြဿနာတစ်ရပ်ဖြစ်ပေသည်။

ဗဟိုအစိုးရနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲများ၏ အာဏာခွဲဝေမှုပုံစံမျှတမှုမရှိသကဲ့သို့ ပြည်နယ် အစိုးရများကိုယ်တိုင်လက်ရှိရရှိထားသော လုပ်ပိုင်ခွင့်များကို ကိုယ်တိုင်ပိုင်ပိုင်နိုင်နိုင်စွမ်းဆောင်နိုင်သည့် အရည်အချင်းမရှိခြင်းကြောင့်လည်း သယံဇာတကြွယ်ဝသည့် ဒေသများမှ ဒေသခံများအတွက် အငြင်းပွားစရာ ပြဿနာများကြုံတွေ့နေရသည်။ ဥပမာ မြစ်ဆုံ၊ လက်ပတောင်းတောင်၊ ထားဝယ်အထူးစီးပွားရေးဇုန် နှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းကဲ့သို့သော ပြဿနာများဖြစ်သည်။

ဤကဲ့သို့သောစိန်ခေါ်မှုများရှိနေသော်လည်း မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သင့်သည့် ထိပ်ဆုံးနိုင်ငံများတွင်ပါဝင်နေသကဲ့သို့ စိန်ခေါ်မှုများသည်လည်း တွန်းအားများဖြစ်လာနိုင်ပေသည်။ ယခုနှစ်အတွင်းဖြစ်ပေါ်နေသော ဘဏ်လုပ်ငန်းနှင့် ဆက်သွယ်ရေးကဏ္ဍ အပြောင်းအလဲများသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါပြီး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုနှင့် စီးပွားရေးအသွင်အပြင်သစ်ကို ရေရှည်တွင် ဖန်တီးလာနိုင်ဖွယ်ရှိပေသည်။

ရဲဇှနျအောငျ
အောက်တိုဘာ၊ ၂၀၁၄
The Voice Weekly

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *