အင်တာနက်ပေါ်က စက္ကန့် ၆၀

ဒီကနေ့ခေတ်မှာ အင်တာနက်ကိုအခြေပြုပြီး နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုက အံ့မခန်းပါပဲ။ အင်တာနက်ပေါ်မှာ စီးပွားရှာလို့ရသလို၊ အင်တာနက်ကောင်းမှုနဲ့ အိမ်ထောင်လည်းကျသွားနိုင်တယ်၊ ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုလည်း ခံယူလို့ရတယ်၊ အိမ်မှာအသုံးမလိုတဲ့ ပစ္စည်းတွေကိုလည်း ရောင်းချင်ရောင်းနိုင်သေးရဲ့။

ဒါတွေတင်မကပါဘူး နှစ်သက်ရာပညာတွေကို သင်ယူလေ့လာလို့ရသလို စိတ်များပါမယ်ဆိုရင် နိုင်ငံရေးကမ်ပိန်းတွေဆိုတာလည်း လုပ်ချင်တဲ့ဆန္ဒသာရှိ အပြင်လောကမှာထက် ပိုပြီးကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်သေးတယ်။

အင်တာနက်နည်းပညာက လူတစ်ဦးချင်းစီတိုင်းရဲ့ နေ့စဉ်ဘဝမှာ ခုလိုမျိုး အရေးပါလာတဲ့အခါ လူသန်းပေါင်းများစွာရဲ့ ဘဝလမ်းကြောင်းတွေကို ထိန်းကျောင်းမောင်းနှင်တဲ့အရာပါဖြစ်လာတော့တာပါပဲ။

လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ အင်တာနက်က ဘယ်လောက်တောင် နေရာယူထားသလဲဆိုတာကို မြင်သာအောင် ရှင်းပြချင်ပါတယ်။ လက်ရှိ ၂၀၂၀ ခုနှစ်မှာ လူတစ်ယောက်ရဲ့ အင်တာနက် အသုံးပြုချိန်က တစ်နေ့ကို ၁၈၁ မိနစ် (၃ နာရီနဲ့ တစ်မိနစ်) တိတိ ရှိပါတယ်။ ၃၈ မိနစ်က ကွန်ပျူတာနဲ့ သုံးကြတာဖြစ်ပြီးတော့ ၁၄၃ မိနစ်ကတော့ မိုဘိုင်းလ်ဖုန်းနဲ့ သုံးကြတာပါတဲ့။ အင်တာနက်ကို ကွန်ပျူတာနဲ့ အသုံးပြုနှုန်းက နှစ်စဉ်တောက်လျှောက်ကျဆင်းလာနေပြီးတော့ မိုဘိုင်းလ်ဖုန်းနဲ့ အသုံးပြုနှုန်းကတော့ တစ်နှစ်ကို ၁၀ မိနစ်ကျော် တောက်လျှောက်တိုးတက်လာနေတာ ဒီနှစ်နဲ့ဆိုရင် ၄ နှစ် ရှိပါပြီ။

ဒီလိုပါပဲ ကမ္ဘာပေါ်က လူတစ်ယောက်ချင်းစီရဲ့ ပျမ်းမျှ ဆိုရှယ်မီဒီယာ အသုံးပြုတဲ့အချိန်ကလည်း တစ်နေ့ကို ၁၄၂ မိနစ်အထိ ရှိနေပါတယ်။ ဒါက ၂၀၁၉ ခုနှစ် မှတ်တမ်းမှတ်ရာတွေအရ ဆိုပါတော့။ ကိုဗစ်ကြောင့် တစ်ကမ္ဘာလုံး အိမ်တွင်းပုန်းရတဲ့ ၂၀၂၀ မှာဆိုရင် ဒီထက် ၂ ဆ ဝန်းကျင်လောက် ပိုမြင့်တက်လာဖို့ရှိနေတာသေချာပါရဲ့။

ကျွန်တော်တို့တွေ နေ့စဉ်နဲ့အမျှ အင်တာနက်ပေါ်မှာ ဤရွေ့ဤမျှပမာဏ အချိန်တွေ ကုန်ဆုံးနေကြတာပါ။ ဒါပေမယ့် ကုန်ဆုံးသွားတဲ့အချိန်တိုင်းကို တန်ဖိုးရှိရှိဖြတ်သန်းဖြစ်ခဲ့ကြတာသေချာရဲ့လား? တကယ်အကျိုးရှိရှိ အသုံးပြုခဲ့ရဲ့လားလို့ တွေးတောမိဖူးသလား? ကျွန်တော်တို့ အသုံးပြုလိုက်တဲ့ အင်တာနက်ပေါ်က တစ်မိနစ်တိုင်းမှာ ကမ္ဘာတစ်ဝှမ်းလုံးက ကွန်ယက်ကြီးထဲမယ် ဘာတွေ ဖြစ်ပျက်နေမလဲဆိုတာက စိတ်ဝင်စားစရာမကောင်းဘူးလား?

အင်တာနက်ပေါ်မှာ တစ်မိနစ်တိုင်း ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို လေ့လာသုံးသပ်ကြည့်ကြရအောင်။

စက္ကန့် ၆၀ ဘောင်ထဲက ပြည့်သိပ်နေတဲ့ ကိန်းဂဏန်းများ

၂၀၂၀ ခုနှစ်ဟာ ကိုဗစ်ကပ်ဘေးကြောင့် တစ်ကမ္ဘာလုံးထိခိုက်မှုတွေ ရှိခဲ့ပေမယ့် တစ်ဖက်မှာလည်း ဒစ်ဂျစ်နယ်နည်းပညာလောကနဲ့ အင်တာနက်နယ်ပယ်အတွက် တိုးတက်မှုတွေ အခွင့်အလမ်းကောင်းတွေ အမြောက်အများ ဖန်တီးပေးနိုင်ခဲ့တာပါ။ အင်တာနက်အခြေပြု စီးပွားရေးလုပ်ငန်းတွေ၊ ဖန်တီးတီထွင်မှုတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေဟာ တဟုန်ထိုးတိုးပွားပေါက်ကွဲထွက်လာခဲ့ပြီး The Next Normal ဆိုတဲ့  ခေတ်ရေစီးကြောင်းသစ်ကိုပါ ဖန်တီးနိုင်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းအင်တာနက် အသုံးပြုသူအရေအတွက်လည်း ခုန်ကျော်တိုးပွားလာခဲ့ပြီး လူဦးရေ ၄.၅ ဘီလီယံအထိ ရောက်ရှိခဲ့တာပါ။ Hyper-connected Internet Era လို့ခေါ်တဲ့ ဒီခေတ်မှာ ပေါက်ကွဲတိုးပွားလာနေတဲ့ အင်တာနက်အသုံးပြုမှုတွေကို တိုင်းတာဖို့ နည်းပညာအချက်အလက်စောင့်ကြည့်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ DOMO က ကြိုးပမ်းခဲ့ပါတယ်။

သူတို့ကြိုးပမ်းမှုကြောင့် သိရှိလာရတဲ့ အင်တာနက်အသုံးပြုသူတွေရဲ့ ကိန်းဂဏန်းရလဒ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

စက္ကန့် ၆၀ တိုင်းမှာ LinkedIn မှာ အလုပ်လျှောက်ထားမှုပေါင်း ၆၉,၄၄၄ ခု၊

စက္ကန့် ၆၀ တိုင်းမှာ Whatsapp ကနေ မက်ဆေ့ချ်ပေးပို့မှုပေါင်း ၄၁,၆၆၆,၆၆၇ ကြိမ်၊

စက္ကန့် ၆၀ တိုင်းမှာ အွန်လိုင်းကနေ ဗီဒီယိုကောလ် ခေါ်ဆိုမှုပေါင်း ၁,၃၈၈,၈၈၉ ကြိမ်၊

စက္ကန့် ၆၀ တိုင်းမှာ TikTok မှာ ဗီဒီယို ဒေါင်းလုတ်ချမှုပေါင်း ၂,၇၀၄ ကြိမ်၊

စက္ကန့် ၆၀ တိုင်းမှာ Zoom မှာ အွန်လိုင်းမိတင်ပြုလုပ်မှုပေါင်း ၂၀၈,၃၃၃ ကြိမ်၊

စက္ကန့် ၆၀ တိုင်းမှာ Reddit မှာ Content ကြည့်ရှုသူပေါင်း ၄၇၉,၅၄၂ ဦး၊

စက္ကန့် ၆၀ တိုင်းမှာ Netflix မှာ ရုပ်ရှင်ကြည့်သူပေါင်း ၄၀၄,၄၄၄ ဦး၊

စက္ကန့် ၆၀ တိုင်းမှာ Facebook မှာ Upload လုပ်တဲ့ ဓာတ်ပုံပေါင်း ၁၄၇,၀၀၀ ပုံ၊

စက္ကန့် ၆၀ တိုင်းမှာ Facebook အသုံးပြုသူတွေရဲ့ ပို့စ် မျှဝေမှု (Share) ပေါင်း ၁၅၀,၀၀၀ ကြိမ်၊

စက္ကန့် ၆၀ တိုင်းမှာ Doordash မှာ ညစာမှာယူမှုပေါင်း ၅၅၅ ကြိမ်၊

စက္ကန့် ၆၀ တိုင်းမှာ Instagram ရဲ့ Stories မှာ ပို့စ်တင်မှုအကြိမ်ရေ ၃၄၇,၂၂၂ ကြိမ်၊

စက္ကန့် ၆၀ တိုင်းမှာ Instagram ရဲ့ Ads နဲ့ Business Profile ကို Click နှိပ်တဲ့အကြိမ်ရေပေါင်း ၁၃၈,၈၈၉ ကြိမ်၊

စက္ကန့် ၆၀ တိုင်းမှာ Youtube မှာ အသုံးပြုသူတွေ ဗီဒီယို Upload တင်မှုပေါင်း ၅၀၀ နာရီ၊

စက္ကန့် ၆၀ တိုင်းမှာ Twitter မှာ အသုံးပြုသူသစ် တိုးပွားမှုပေါင်း ၃၁၉ ဦး၊

စက္ကန့် ၆၀ တိုင်းမှာ အွန်လိုင်းကနေတဆင့် ငွေပေးချေဝယ်ယူမှုတန်ကြေး ဒေါ်လာ ၁၀၀,၀၀၀ ၊

စက္ကန့် ၆၀ တိုင်းမှာ Venmo အသုံးပြုသူတွေရဲ့ ငွေသားပေးချေမှုပမာဏ ဒေါ်လာ ၂၃၉,၁၉၆ ၊

စက္ကန့် ၆၀ တိုင်းမှာ Sportify မှာ သီချင်းသစ်ထပ်တိုးမှုနှုန်း ၂၈ ပုဒ် ၊

စက္ကန့် ၆၀ တိုင်းမှာ Amazon က ပစ္စည်းဖြန့်ဝေမှုပေါင်း ၆၆၅၉ ခု၊

စက္ကန့် ၆၀ တိုင်းမှာ Mobile Phone application တွေအတွက် ငွေကြေးသုံးစွဲမှုပေါင်း ဒေါ်လာ ၃၈၀၅ ပါတဲ့။

ဒါတွေအားလုံးဟာ စက္ကန့် ၆၀ တစ်မိနစ်တိုင်းမှာ အင်တာနက်ပေါ်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက် အကြောင်းအရာတွေကို DOMO က လေ့လာသုတေသနပြုခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်အတွက် တွက်ချက်ထားတဲ့ အချက်အလက်တွေဖြစ်တာမို့ ရှေ့လာမယ့်နှစ်တွေမှာဆိုရင် အချက်အလက်တွေဟာ ပိုပြီးတိုးတက်လာဦးမယ့် နိမိတ်လက္ခဏာတွေရှိနေပါသေးတယ်။

စက္ကန့် ၆၀ စာ အတွေးများ

ဒီနေရာမှာ ပြောစရာရှိတာက DOMO ရဲ့အချက်အလက်တွေဟာ သာမန်လူတစ်ယောက်အတွက်တော့ အံ့သြဖွယ်ရာ ကိန်းဂဏန်းတွေသက်သက်သာဖြစ်နေနိုင်ပေမယ့် အင်တာနက်ကနေ အခွင့်အလမ်းတွေ၊ အကျိုးစီးပွားတွေ ရှာဖွေချင်နေသူတွေအတွက်ကတော့ အပြောကျယ်လှပြီး အခွင့်အလမ်းတွေ အလျှံအပါယ်ရှိနေတဲ့ ဈေးကွက်ကြီးတစ်ခုကို မျက်စိတဆုံး မြင်လိုက်ရတာဖြစ်ပါတယ်။

တချို့တွေက ဒီကိန်းဂဏန်းတွေဟာ သမိုင်းဝင်ဖြစ်ရပ်တွေလို့ ဆိုကြပါတယ်။ တချို့ကတော့ အင်တာနက်စီးပွားရေးနယ်ပယ်ထဲကို စတင်ဝင်ရောက်လာမယ့် လူသစ်တွေအတွက် ခွန်အားတွေ ဒါမှမဟုတ် အခွင့်အလမ်းတွေ၊ မက်လုံးတွေလို့ ဆိုကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အင်တာနက်ပေါ်က ဒီအချက်အလက်တွေဟာ အသုံးချနိုင်စွမ်းရှိသူတွေအတွက် အဆုံးမဲ့အခွင့်အလမ်းတွင်းကြီးဆိုတာကို ငြင်းဆိုလို့မရပါဘူး။

ဒီနေရာမှာ အားလုံးကထောက်ပြလာတာက “New Thing” တွေအကြောင်းပါ။ New Thing ဆိုတာက အင်တာနက်ပေါ်မှာ ခေတ်စားနေတဲ့ Trends တွေဖြစ်ပြီး ဒီလုပ်ငန်းတွေနဲ့ ဆက်စပ်လုပ်ငန်းတွေကို စတင်တိုးဝင်လုပ်ကိုင်သင့်တာတွေပေါ့။

၂၀၂၀ အတွက် New Thing တွေကတော့ အွန်လိုင်းငွေကြေး လွှဲပြောင်းမှု ဝန်ဆောင်မှုတွေ (Cash Transfers)၊ (Online Shop တွေလို) e-Commerce လုပ်ငန်းတွေ၊ Zoom တို့ Meet တို့လို Collaboration tools တွေလို့ဆိုပါတယ်။ တကယ်လို့ ကိုယ်က အင်တာနက်အခြေပြု စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ဖို့ စိတ်ကူးနေမယ်ဆိုရင် ဒီလုပ်ငန်းတွေနဲ့ ဆက်စပ်လုပ်ငန်းတွေကနေ စတင်သင့်တယ်ဆိုပါတော့။

မြန်မာနိုင်ငံမှာဆိုရင်လည်း လွန်ခဲ့တဲ့ ၃၊ ၄ နှစ်အတွင်း အရှိန်တစ်ခုရလာနေတဲ့ အွန်လိုင်းရှော့ပင်လုပ်ငန်းတွေဟာ ခုလိုကိုဗစ်ကပ်ဘေးနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ကာလတွေမှာ ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့တာကို မြင်တွေ့ကြရမှာပါ။

ရုပ်ပိုင်းဆိုင်ရာအခြေပြု လုပ်ငန်းတွေ ရောဂါကပ်ဘေးကြောင့် ရပ်ဆိုင်းနေရချိန်မှာ အပြည့်အဝ e-Commerce အနေအထားမဟုတ်သေးပေမယ့်လည်း သူ့နည်းသူ့ဟန်နဲ့တော့ တိုးတက်မှုကို ရှာဖွေနိုင်ခဲ့ကြပါတယ်။ လူတွေကိုယ်တိုင်လည်း အင်တာနက်အသုံးပြုမှုတွေ၊ ဆိုရှယ်မီဒီယာ အသုံးပြုမှုတွေ ပိုမိုများပြားလာခဲ့ပြီး စာသင်ကြားတာ၊ ဈေးရောင်းတာ၊ Review Blog လေးတွေ လုပ်တာ၊ ကျွမ်းကျင်မှုတွေကို ပြသတာ၊ ဗီဒီယို၊ စာပေ Content တွေနဲ့ Influencer Business တွေ ဖန်တီးပြီး အကျိုးအမြတ်ရှာဖွေတာတွေလိုမျိုး အင်တာနက် အခြေပြုလုပ်ငန်းတွေ ပိုမိုလုပ်ကိုင်လာကြတာကို ထင်ရှားစွာ မြင်တွေ့နေရပါတယ်။

Content Regulation၊ Cyber Crime Law နဲ့ တိကျခိုင်မာတဲ့ e-Commerce ဆိုင်ရာ ဥပဒေမျိုးတွေ မရှိသေးတာမို့ ဘေးထွက်ဆိုးကျိုးတွေ ရှိနေပေမယ့် ဒီအွန်လိုင်းအခြေပြုလုပ်ငန်းလေးတွေဟာ အတိုင်းအတာတစ်ခုအထိတော့ အကျိုးစီးပွားရှာဖွေနိုင်တဲ့ အခွင့်အလမ်းတွေပေါ်လာခဲ့သလို လူထုရဲ့ လိုအပ်ချက်ကိုလည်း တစ်စိတစ်တစ်ပိုင်းအားဖြင့် ဖြည့်ဆည်းနိုင်ခဲ့ကြပါရဲ့။ 

ဒါပေမယ့် ဒီအခြေအနေကနေ နောက်တစ်ဆင့်ကို မြှင့်နိုင်ဖို့၊ တကယ့် ခိုင်မာအားကောင်းတဲ့ လုပ်ငန်းအဆင့်၊ အောင်မြင်တဲ့အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်တဲ့အဆင့်တစ်ခုဆီကို တက်လှမ်းနိုင်ဖို့ဆိုရင်တော့ အထက်မှာဖော်ပြခဲ့သလို အချက်အလက်တွေကို ကိုင်တွယ်အသုံးချနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အသုံးချနိုင်စွမ်းရှိနေသူတွေရော ကျွန်တော်တို့ တိုင်းပြည်မှာ ရှိနေပြီလားဆိုတာကို သိချင်စိတ်လည်း ဖြစ်မိပါတယ်။

ဒီလိုအခွင့်အလမ်းတွေနဲ့အတူ စိန်ခေါ်မှုတွေကလည်း ကပ်လျက်ပါရှိလာပါတယ်။ နည်းပညာနဲ့ စွန့်ဦးတီထွင်လုပ်ငန်းတွေ ကြီးစိုးတဲ့ခေတ်မှာ တကယ့်စိန်ခေါ်မှုက ခိုင်မာမှုနဲ့ ရပ်တည်နိုင်စွမ်းဖြစ်ပါတယ်။ အိုင်ဒီယာအသစ်အဆန်းတွေဟာ နေရာတကာကနေ ပေါ်ထွက်လာနေပေမယ့် တကယ့်လုပ်ငန်းအဖြစ် ရှင်သန်လာချိန်မှာတော့ ရေရှည်ရပ်တည်နိုင်ချိန် နည်းပါးလာနေတာကို အချက်အလက်တွေက ထောက်ပြနေကြပါတယ်။

ဥပမာပေးရရင် အောင်မြင်တဲ့ကုမ္ပဏီတစ်ခုရဲ့ ပျမ်းမျှ သက်တမ်းက ၁၉၆၄ ခုနှစ်တုန်းက ၃၃ နှစ်ဖြစ်ပေမယ့် ၂၀၁၆ မှာ ၂၄ နှစ်ဖြစ်သွားပြီး လာမယ့် ၂၀၂၇ မှာဆိုရင် ၁၂ အထိ ကျဆင်းလာဖို့ရှိနေတာမျိုးပါ။ ကိုယ့်လုပ်ငန်းက ဝင်ငွေလေး ပုံမှန်ဝင်နေရုံနဲ့ ဖက်တွယ်ပြီး ရပ်တည်နေဖို့ ဒီခေတ်မှာ မလွယ်ကူတော့ပါဘူး။ အထူးသဖြင့် အင်တာနက်ပေါ်မှာဆိုရင်ပိုပြီး ဆိုးပါတယ်။

ကိုယ့်အိုင်ဒီယာကို နှစ်ပေါင်းများစွာ ဆွဲဆန့်ထားနိုင်ဖို့ မလွယ်ကူတော့တာမို့ အိုင်ဒီယာအသစ်အဆန်းတွေကို ဆက်တိုက်ထုတ်ဖော်နိုင်ဖို့က မဖြစ်မနေလိုအပ်ချက်ပါ။ အင်တာနက်ပေါ်မှာ စက္ကန့် ၆၀ အတွင်း ဖြစ်ပျက်နေတာတွေကို မြင်ယောင်ကြည့်ပါ၊ နေ့မြင်ညပျောက်ဖြစ်သွားတဲ့ အရာတွေကို တွေးကြည့်ပါ။ အင်တာနက်ပေါ်မှာ တစ်မိနစ်အတွင်း အရာရာဖြစ်ပျက်သွားနိုင်တယ်ဆိုတဲ့ အသိတစ်ခုကို ဆုပ်ကိုင်ထားနိုင်ဖို့တော့ မဖြစ်မနေလိုပါလိမ့်မယ်။

ဒီစိန်ခေါ်မှုတွေကို ကျော်လွှားပြီး အင်တာနက်ပေါ်က တစ်မိနစ်မှာ ဘယ်သူတွေ ဉာဏ်အလင်းပွင့်သွားမလဲ၊ ဘယ်သူတွေ ထွန်းတောက်သွားမလဲ၊ ဘယ်သူတွေ အကျိုးအမြတ်ရသွားမလဲ။ ဒီတစ်မိနစ်အတွင်းက ကိန်းဂဏန်းတွေကို အသုံးချပြီး ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို ဘယ်အထိ ဆွဲမြှင့်နိုင်မလဲ၊ ကိုယ့်လုပ်ငန်းတိုးတက်သွားအောင် ဘယ်လို တွန်းတင်ကြမလဲဆိုတာကို ကျွန်တော် တကယ်စိတ်ဝင်စားပါတယ်။

အင်တာနက်ပေါ်က တစ်မိနစ်ဟာ ကိန်းဂဏန်းတွေတင်မဟုတ်ပါဘူး။ မေးခွန်းကောင်းတွေပါ ပေးသွားခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီ တစ်မိနစ်ကို အသုံးချနိုင်တဲ့ အိုင်ဒီယာမျိုး ပိုင်ဆိုင်ထားသူတွေ ကျွန်တော်တို့တိုင်းပြည်မှာ ရှိနေဖို့ မျှော်လင့်မိပါရဲ့။

မောင်မိုးဇွန်

The Voice Weeky

11-17/January/2021

Vol. 16/ Issue 47

Ref: World Economic Forum

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *