တရုတ်နိုင်ငံတွင် Chikungunya ဖြစ်ပွားမှု ၈,၀၀၀ ကျော်တွေ့ရှိ

တရုတ်နိုင်ငံတွင် Chikungunya ဖြစ်ပွားမှု ၈,၀၀၀ ကျော်တွေ့ရှိ
တရုတ်နိုင်ငံတွင် Chikungunya ဖြစ်ပွားမှု ၈,၀၀၀ ကျော်တွေ့ရှိ

တရုတ်နိုင်ငံမှာရှိတဲ့ ကျန်းမာရေးအရာရှိတွေက နိုင်ငံတွင်းမှာ အဖျားတက်ပြီး အဆစ်တွေကို နာကျင်စေနိုင်တဲ့ ခြင်ကနေတဆင့် ကူးစက်နိုင်တဲ့ Chikungunya ဖြစ်ပွားမှု ၈,၀၀၀ ကျော် တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

ဒီဖြစ်ပွားမှုဟာ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ လူဦးရေ ၁၀ သန်းနီးပါး နေထိုင်ကြတဲ့ Guangdong စီရင်စုမှာရှိတဲ့ Foshan မြို့မှာ အများဆုံး ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ Foshan မြို့မှ မြောက်ဘက် မိုင် ၄၀၀ အကွာမှာ တည်ရှိတဲ့ ဟောင်ကောင်၊ မကာအိုနဲ့ ဟူနန်စီရင်စုတို့မှာလည်း ရောဂါဖြစ်ပွားမှုတွေ ရှိနေတယ်လို့ ထုတ်ပြန်မှုတွေ ရှိနေပါတယ်။ 

ဒီအခြေအနေတွေကြောင့် အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) က တရုတ်နိုင်ငံနဲ့ ဘိုလီးဗီးယား၊ ကင်ညာ၊ မက်ဒါကာစကာ၊ ဆိုမာလီယာ၊ သီရိလင်္ကာ၊ ရီယူနီယံ၊ Mauritius၊ Mayotteတို့ အပါအဝင် ရောဂါဖြစ်ပွားနေတဲ့ နေရာတွေနဲ့ ထိစပ်နေတဲ့ နေရာတွေဆီကို သွားရောက်ကြမယ့် ခရီးသွားတွေကို သတိပေးချက်တွေ ထုတ်ပြန်နေပါတယ်။ 

Chikungunya က ပြင်းထန်တဲ့ နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့်တော့ အဆစ်တွေမှာပါ။ ဒီအဖျားရောဂါကို ခံစားရပြီဆိုရင် အဆစ်တွေနာကျင်ကိုက်ခဲတာကို ရက်သတ္တပတ်အတော်ကြာ ဒါမှမဟုတ် လနဲ့ချီ၊ နှစ်နဲ့ချီပြီး ကြာနိုင်ပါတယ်၊ လို့ ဆန်ဖရန်စ္စကိုမှာ ရှိတဲ့ ကယ်လ်လီဖိုးနီးယားတက္ကသိုလ်မှ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ Chin-Hongက ဝါရှင်တန်ပို့စ်မှာ ပြောကြားခဲ့ပါတယ်။ 

Chikungunya ဘာကြောင့်ဖြစ်ရတာလဲ!

Aedes aegypti နဲ့ Aedes albopictus ဆိုတဲ့ ခြင်အမျိုးအစား ၂ မျိုးကြောင့် Chikungunya ဗိုင်းရပ်စ်က ကူးစက်ပျံ့နှံ့ရတာပါ။ ဒီဗိုင်းရပ်စ်က များသောအားဖြင့် ပူနွေးတဲ့ဒေသတွေ ဖြစ်ကြတဲ့ အာရှ၊ အာဖရိကနဲ့ အမေရိကတို့မှာ ဖြစ်ပွားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားပါတယ်။ 

ခြင်တွေက ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့သူကို ကိုက်မိပြီး အခြားတစ်ယောက်ကို ကိုက်ရာကနေတဆင့် အခြားသူဆီကို ကူးစက်ရတာပါ။ ခြင်ကိုက်ရာကနေတဆင့် အသစ်သစ်သောသူတွေဆီကို ကူးစက်ရတာပါ။

ဒီဗိုင်းရပ်စ်က ရောဂါပိုး ရှိနေတဲ့ သွေးသွင်းတာကနေတဆင့်ကူးစက်ခံရတာပါ။ ရောဂါပိုးရှိသူ နှာချေတာ၊ ချောင်းဆိုးတာ၊ ထိတွေ့ကိုင်တွယ်မိတာတွေကြောင့်တော့ မကူးစက်နိုင်ပါဘူး။ 

ရောဂါပိုးသယ်ဆောင်လာတဲ့ ခြင်ကိုက်ခံရပြီး ၃ ရက်ကနေ ၇ ရက်အတွင်းမှာ ရောဂါလက္ခဏာတွေ စပြပါတယ်။ ဒီလက္ခဏာတွေကတော့ အဖျားတက်တာ၊ အဆစ်နာတာ၊ ခေါင်းကိုက်တာ၊ အင်ပြင်တွေထွက်တာနဲ့ အခြားသော လက္ခဏာတွေလည်း ရှိနိုင်ပါတယ်။ 

Chikungunya ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးတာမျိုး ဖြစ်နိုင်ခြေ တော်တော်ကို နည်းပေမယ့် အဆစ်တွေနာတာတော့ ကာလရှည်ကြာ ခံစားရနိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ နာတာရှည် ကျန်းမာရေးပြဿနာရှိသူတွေမှာ အဖျားက ပိုပြင်းထန်နိုင်ပါတယ်။

ဇူလိုင်လအထိ ကမ္ဘာတလွှားမှာ ယခုနှစ်အတွင်း Chikungunya ဗိုင်းရပ်စ် ကူးစက်ခံရမှု ၂၄၀,၀၀၀ခန့်အထိ ရှိခဲ့ပြီး ဒီထဲက ၉၀က သေဆုံးခဲ့ပါတယ်လို့  European Center for Disease Prevention and Control က ထုတ်ပြန်ခဲ့ပါတယ်။

ယခုအချိန်ထိ Chikungunya ဗိုင်းရပ်စ်ကို ကုသနိုင်တဲ့ ဆေးဝါး မရှိသေးပါဘူး။ ဒါပေမယ့် ကာကွယ်ဆေး ၂ မျိုးကို အမေရိကန် ပြည်ထောင်စုမှာ အတည်ပြုထားပြီး ဖြစ်ပြီး ၂၀၂၃ ခုနှစ်က ပထမဆုံး ကာကွယ်ဆေး ထိုးနှံခွင့်ပြုခဲ့ပါတယ်၊ လို့လည်း ဝါရှင်တန်ပို့စ်မှာ ဖော်ပြထားပါတယ်။

တရုတ်မှာ ကာကွယ်ဆေးတွေ ထိုးနှံပေးတာမျိုး မရှိသေးပေမယ့် ကျန်းမာရေးတာဝန်ရှိသူတွေကတော့ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်မယ့် အခြားနည်းလမ်းတွေကို အသုံးပြုနေပါတယ်။ ဒရုန်းတွေကို သုံးပြီး ခြင်နိုင်ဆေးဖြန်းတာမျိုး၊ ခြင်သားလောင်းတွေကို သုတ်သင်နိုင်ဖို့ ကန်တွေထဲကို ငါးလွှတ်တာမျိုး လုပ်နေကြပါတယ်။ 

ခြင်ကိုက်ခံရတာကို ကာကွယ်ဖို့အတွက် အင်္ကျီလက်ရှည် ဘောင်းဘီရှည်ဝတ်တာ၊ အပြင်ထွက်တဲ့အခါတိုင်းမှာ လည်း ခြင်ကိုက်ခံရတာကို တတ်နိုင်သမျှ ကာကွယ်ဖို့ လိုပါမယ်။ ခြင်ဆေးတွေ သုံးတာ၊ လေအေးပေးစက် ဖွင့်ထားတဲ့ အခန်းထဲမှာ နေတာ၊ ခြင်လုံဇကာတွေ တပ်ဆင်တာမျိုးတွေ လုပ်ဖို့ လိုပါမယ်၊ လို့ CDC က အကြံပြု ထားပါတယ်။

အမေရိကန် ပြည်ထောင်စုကနေ ရောဂါဖြစ်ပွားနေတဲ့ ဒေသတွေကို သွားရောက်ကြမယ့်သူတွေ အနေနဲ့လည်း Chikungunya ကာကွယ်ဆေးတွေကို ထိုးနှံသွားကြဖို့လည်း CDC က တိုက်တွန်းထားပါတယ်။ ကာကွယ်ဆေးက အထိရောက်ဆုံး ကာကွယ်နည်းတစ်ခုပါ။ 

[Ref: medicinenet: 11; August; 2025]

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *