သစ်ရွက်ခြောက်တို့ကြွေ၍ တောင်လေပူတို့ တလွင့်လွင် တလူးလူး မြူးထူးကြသော နွေရာသီ တစ်ရက်ဖြစ်လေသည်။ ရန်ကုန်နွေသည် လူကိုအရည်ပျော်သွားစေတော့မည့်အလား ထင်မှတ်မှားစေပြန်၏။
ရုံးပိတ်ရက်မို့ သူမ အိမ်တွင် တယောက်တည်း ပျင်းပျင်းရှိနေသည်။ နေ့လယ်နေ့ခင်း အပူဒါဏ်ကို ရှောင်လွဲရင်း အပန်းဖြေရန် လက်လှမ်းမှီရာ စာအုပ် တစ်အုပ်ကို ဆွဲယူပြီး အိမ်ရှေ့ရှိ ပိတောက်ပြာပင်အောက်သို့ သူမ ထွက်ခဲ့သည်။
နွေဦးရောက်ပြီမို့ ပိတောက်ပြာပင်ကြီးအောက်တွင် သစ်ရွက်ခြောက်တို့ ဖွေးဖွေးလှုပ် အတုန်းအရုံး။ ရွှေအိုရောင်သစ်ရွက်ခြောက်လေးများကို အုန်းလက်ခြောက်တံပျက်စီးနှင့်လှဲသည်။ ခြံထောင့်တွင် အကျအနပုံလိုက်သေးသည်။ ပြီးနောက် အရိပ်ကောင်းလှသည့် ပိတောက်ပြာပင်ကြီးအောက် သံမံတလင်းတွင် နေသားတကျထိုင်၍ လက်ထဲမှ စာအုပ်ကို ဖတ်ရန်ပြင်တော့သည်။ စာအုပ်၏ အမည်ကား “မင်းလူ၏ ဝတ္ထုတိုပေါင်းချုပ်” ဟူသတတ်။
ဦးစွာ မာတိကာကို သူမ ကြည့်လိုက်၏။ ယင်းနောက် မဖတ်ရသေးသည့် ဝတ္ထုတိုတပုဒ်ကို ကောက်လှန်ကြည့်ပြန်၏။ ဝတ္ထုခေါင်းစဉ်က “အငိုမတတ်ခင် ငိုကြည့်စေချင်တယ်” ဆိုပါကလား။ စာဖတ်မြန်သည့် သူမအတွက် ဒီဝတ္တုတိုလေးကို ဖတ်ရသည်မှာ ဘာမျှမကြာ။ သို့သော် ဖတ်ခဲ့ပြီးသည့်တိုင် သူမ စာမျက်နှာပေါ်က စာတွေကို ဆက်ပြီး ငေးနေမိသည်။
ခေါင်းကို တချက်ရမ်းလိုက်သည်။ ယင်းနောက် စိတ်အာရုံကို လွှဲရန် ကြိုးစားရင်း စာအုပ်ကို ပိတ်လိုက်သည်။
နောက် … ခပ်ဝေးဝေးသို့ ခြံအပြင်ဘက်သို့ ငေးသည်။ အိမ်ရှေ့ ခြံစည်းရိုးတန်းကလေး၊ နှင်းဆီခြုံကလေး၊ အပွင့်အဖူးတို့ ဝေဆာနေသည့် သရက်ပင်ပျိုကလေး၊ သရက်ပင်ခွဆုံကြားမှ ဘာမှန်းမသိသော သစ်ခွပင်အုံကလေးတွေ … ထိုမှတဖန် ဘယ်ဆီ ဘယ်ဝယ်မှန်းမသိရသည့် အတွေးတိမ်မျှင်စများဆီသို့ …
အချိန်အတော်ကြာ ဆက်ပြီးငေးနေမိသည် … ခေါင်းထဲမလဲ အတွေးစတချို့ ရစ်ပတ်ထွေးငင်လျက်…
ဆေးလိပ်ကို စွဲစွဲလမ်းသောက်သဖြင့် နှင်းဆီသွေးရောင်ဖျော့ပြီး အမှိုင်းဆင်ဖြစ်နေသည့် သူမ၏ နှုတ်ခမ်းဖျားလေးမှာ တဆတ်ဆတ်တုန်ရီလာသည်။ ကျေနပ်နှစ်သိမ့်ခြင်းနှင့် ဝမ်းနည်းပူဆွေးခြင်းတို့ တလှည့်စီ တကွက်စီ၊ ရုပ်ရှင်ပိတ်ကားချပ်တွင် အရုပ်ထင်နေသည့်နှယ်။
သူမ၏ အတွေးတွေက ထားရစ်ခဲ့သူတဦးအကြောင်း၊ ရောက်မလာနိုင်တော့သည့် အနာဂတ်တွေအကြောင်း၊ စားနေကျ အသုပ်ဆိုင်လေးအကြောင်း၊ သွားနေကျ စေတီအိုလေးအကြောင်း၊ ချစ်ခရီး ၂ နှစ်တာကာလအတွင်း ရှားရှားပါးပါးရခဲ့ဖူးသည့် Tory Burch အိတ်ကလေးအကြောင်း စသည် စသည်။
စာအုပ်ကို ဆုပ်ကိုင်ထားသည့် သူ့ လက်ပေါ် နွေးခနဲဖြစ်သွား၏။ ရွှန်းစိုနေသည့် သူ့မျက်ဝန်းလေးဖြင့် လက်ဖမိုးလေးကို ငုံ့ကြည့်လိုက်မိ၏။ အော်… မျက်ရည်စတွေ။
တုန်ရီနေသည့် နှုတ်ခမ်းဖျားကနေ စကားတခွန်းကို မနည်းအားယူပြောလိုက်မိသည်။ “ကိုယ့်ဆရာရယ်၊ ရှင် ကျမကို မျက်ရည် ဝဲ စေ ပြန် ပြီ နော်” …
သို့သော် စကားသံတို့ အမှန်တကယ်တော့ ထွက်မလာခဲ့ချေ။ သူမ၏ လည်ချောင်းအတွင်း ပြန်လည် ခုန်ဝင်သွားခဲ့ကြသည်။ သူမသည်သာ မျက်ရည်စတွေကို သုတ်ရင်း အိမ်ထဲ ပြန်ဝင်လာခဲ့ရတော့သည်။
နွေသည် ပူသည်။ သူမလည်း ပူလောင်နေဆဲ။
မာဖီယိုဆို
၁၄၊ မတ်၊ ၂၀၂၀
တောရေးတောင်ရေး