ထုံးစံအတိုင်း မျက်စိ နှစ်လုံးစပွင့်တာနဲ့ အိပ်ယာ ခေါင်းရင်းက ဖုန်းကို စစမ်းတယ်။ အချိန်ကိုကြည့်လိုက်တော့ မနက် ၃ နာရီနဲ့ ၂၈ မိနစ်။ မျက်လုံးရဲ့ အကြည့်တွေက နာရီဂဏန်းတွေရဲ့အောက်က နေ့စွဲအရောက်မှာ ရပ်သွားတယ်။
မတ်လ ၅ ရက်နေ့ …
ပါးစပ်ကနေ ‘Shit’ လို့ မကျေမချမ်း ရေရွတ်မိလိုက်တယ်။ ဟုတ်တယ်။ ခုဆို နင် ငါ့ကို ချန်ထားရစ်ခဲ့တာ ၆ နှစ်တောင်ရှိခဲ့ပြီပဲ။ ငါ ဘာလို့ မေ့နေခဲ့တာလဲလို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်။ တကယ်ဆို ငါ ဒီလို အခိုက်အတန့်မျိုးကို မေ့စရာအကြောင်းမှမရှိတာ။
နင်မရှိတော့ဘူးဆိုတဲ့ ခံစားချက်ကို ပြန်ခံစားမိတဲ့အခါ နင် ငါ့ကို ထားသွားတဲ့ အဲ့ဒီနေ့ကို ပြန်အမှတ်ရမိနေတုန်းပဲ။ ထုံးစံအတိုင်း ညမှာများသွားလို့ ငါ ရုံးနောက်ကျတဲ့ ရက် တရက်ပေါ့။ မဂရင်းဖုန်းဆက်တော့ ငါမယုံခဲ့ဘူး။ ဘတ်စ်ကားပေါ်မှာ ငါ ရီနေခဲ့တယ်။ ဒါဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ပဲ ငါတွေးနေခဲ့တာ။ ကုန်ကုန်ပြောရရင် နင့်အလောင်း မီးသဂြိုဟ်စက်ထဲ ဝင်သွားတဲ့အချိန်မှာတောင် နင်ပြန်ထလာဦးမလားလို့ ငါမျှော်လင့်နေခဲ့မိတာ။ ဒါ အားလုံးဝိုင်းနောက်နေကြတာလို့ ငါယုံကြည်နေခဲ့တာ။ ငါ ရူးများသွားသလားဟာ။
နင် စဉ်းစားကြည့်လေ။ နင်က ဘယ်အချိန်မဆို ငါ့အတွက် အကောင်းဆုံး သူငယ်ချင်းရယ်။ ငါ အကူအညီလိုတိုင်း နင်ကူညီတယ်။ ငါ ဆိုးသမျှ နင်ဆုံးမတယ်။ လိုအပ်ချိန်တိုင်းမှာ ဖေးမတယ်။ ဂရုစိုက်တယ်။ မရှိ လို့ ငတ်ပြတ်နေရင်တောင် နင့်ရှိတာတွေ ခွဲခြမ်းမျှဝေ ကျွေးတယ်။
ဒါပေမယ့် နင့်အတွက် ငါ ဘာပြန်လုပ်ပေးနိုင်ခဲ့လို့လဲ။ နင် လိုချင်တဲ့ ငါ့ဆီက စာအုပ်လေးတွေတောင် ပေးငှားဖို့ ပျက်ကွက်ခဲ့တယ်။ နင် စားချင်တာတွေ ကျွေးဖို့ထက် ၁၉ လမ်းက အရက်ဝိုင်းတွေမှာပဲ နှစ်ပေါက်အောင် ပေနေခဲ့တယ်။ နင်လိုအပ်ချိန်တိုင်း ငါမရှိခဲ့ဘူး။ နင့်ရဲ့ နောက်ဆုံးအချိန်တွေမှာ မိသားစုနဲ့ အဆင်မပြေဖြစ်နေတယ်၊ Stress တွေများနေခဲ့တယ် ဆိုတာကိုတောင် နင်ဆုံးပြီးမှ ငါသိခဲ့ရတယ်။ ငါ ဘယ်လောက် ညံ့ဖျင်းလိုက်သလဲ။
အမှန်အတိုင်းပြောရရင် ငါ အခုအထိ အဲ့ဒီနောင်တတွေကို တွယ်ငြိနေတုန်း။ ငါ ရုံးမထွက်နိုင်သေးဘူး။ နောက်ပြီး ငါ ရုံးမထွက်ချင်ဘူး။ အရာရာကို မေ့တတ်လို့ နင်အမြဲဆူခဲ့တဲ့ငါက နင့်ကို ခုထိ သတိရနေတုန်းဆိုတာ နင်သိနိုင်ပါ့မလား။ ဒီလိုကြားတော့ နင်ရီနေမောနေမလား။
အခုတော့ ၆ နှစ်ကြာခဲ့ပြီ။ ငါတို့ကို နင်စွန့်ခွာသွားပြီ … အရင်နှစ်တွေကဆို နင်ကောင်းရာ မွန်ရာရောက်ဖို့ ငါ စိတ်ထဲကနေ ဆုတောင်းပေးနေကြ။ ဒီနေ့တော့ ငါမရောက်ဖြစ်တာ ကြာတဲ့ အိမ်ဦးခန်းက ဘုရားစင်ရှေ့ကို ရောက်တယ်။ ငါ ဘုရားနဲ့ တရားနဲ့ မနေတော့တာ ဘယ်လောက်ကြာပြီလဲ နင်သိမှာပါ။ နင်သာ ခုချိန်ရှိနေရင် ငါ့ကို ဆူနေမလားပဲ။ ထားပါ။ ဒီနေ့ ငါ ဆုတောင်းဖြစ်ခဲ့တယ်။ ဆုတောင်း ပြောင်းခဲ့တယ်။ ငါ့ကို စောင့်နေပါလ်ု့။ ငါ အရမ်း အတ္တကြီးသွားသလား။ တကယ်ပါ။ ငါ နင့်ကို သတိရတယ်။ ငါ အခက်ကြုံနေချိန်တွေမှာ နင်ရှိနေရင် နင်ဘယ်လို တရားချမလဲ ငါ အမြဲတွေးမိတယ်။ ဖြစ်နိုင်ရင် တကယ်ပြန်ဆုံချင်လို့ပါ။
ခုတော့ အရင်နှစ်တွေတုန်းကလိုပါပဲ။ ဒီအချိန်ရောက်တိုင်း ငါ မျက်ရည်ကျတယ်။ ငါ့ကို ဆူပါ၊ ဆဲပါ။ ငါ့ကို စောင့်နေပါ။ တနေ့တော့ ငါလည်း နင့်ဆီ လိုက်လာခဲ့ပါ့မယ်။
နင့် သူငယ်ချင်း
မာဖီယိုဆို
၅၊ မတ်၊ ၂၀၂၀
တောရေးတောင်ရေး