သံပုံးတွေ
သံပုံးတွေ
ထူးထူးဆန်းဆန်း အော်သံ ပိစိလေးကြောင့် ကျွန်တော် နားစွင့်မိလိုက်တယ်။ အိမ်ခေါင်းရင်းအိမ်က ၃ နှစ်သမီးလေး အော်နေသံဗျ။ ရုတ်တရက်ဆိုတော့ ခေါင်းထောင်သွားတယ်။ ဒီကလေး ဘာတွေ အော်နေတာပါလိမ့်ပေါ့။
နားကို သေချာစွင့်မိတော့မှ ကလေးမလေးကို မိခင်လုပ်သူက ဘုရားစာ တိုင်ပေးနေတဲ့ အသံကို ကြားရတယ်။ အသံက ခပ်တိုးတိုး ငြင်ငြင်သာသာလေးရယ်။ … “သမ္ဗုဒ္ဓေ အဌဝီသဉ္ဇ ဒွါဒသဉ္ဇ သဟဿကေ” တဲ့… အော် သမ္ဗုဒ္ဓေဂါထာတော်ရယ်ပဲ။ ကလေးကို ဘုရားစာ သင်ပေးနေတာပ…
လူမှုဘဝမှာ ကိုယ့်အပူတွေနဲ့ကိုယ်မို့ ဘုရာ တရားဆိုတာလဲ ဝေးနေခဲ့တာကြာပြီပဲဆိုပါတော့။ ခုလို ကလေးမလေးရဲ့ ဘုရားစာဆိုသံကြားတော့ မထင်မှတ်ပဲ ဆက်နားထောင်နေမိတယ်။
မပီကလာပီကလာနဲ့ ရွတ်နေတဲ့ ကလေးမလေးရဲ့ ရွတ်ဆိုသံဟာ ဌာန်ကရိုဏ်းမကျပေမယ့် ကြည်ကြည်မြမြလေးရယ်။ ရုတ်တရက် စိတ်ကလေး အေးချမ်းသွားသလို “ဖရဏပီတီ ဂွမ်းဆီထိသို့ ပီတိသဉ္စန ဝမ်းမြောက်ရအံ့” ဆိုတဲ့ သီတဂူဆရာတော်ဘုရားကြီးရဲ့ စာချိုးလေးကိုလည်း သွားသတိရမိစေတယ်။
တစ်ဆက်စပ်တည်း ကိုယ်တွေးမိတာလေးက။ ကုသိုလ်အကြောင်း။ စိတ်ကြည်လင်သန့်စင်မှုအကြောင်း။ ငြိမ်းအေးမှုအကြောင်း။ အတွင်းစိတ်ထဲမှာတော့ ကိုယ့်သဘောနဲ့ကိုယ် အဓိပ္ပါယ်တွေ ဖွင့်ဆိုမိနေတော့တာပါပဲ။
တကယ်ပါ။ ကိုယ်ဉာဏ်မှီသလောက် တွေးမိတာလေးက ဒီအချက်တွေအားလုံးကို ဘယ်စည်းဘောင် ကန့်သတ်ချက်တွေကမှ ဖန်တီးယူပေးလို့မရနိုင်ဘူးဆိုတာပဲ။ သန့်စင်တဲ့ နှလုံးသွင်းမှုကနေသာ ဖြစ်တည်လာတယ်ဆိုရမလားပဲ။ ဒါကြောင့်လဲ လူတွေဟာ နှုတ်ကပတ်တော်တွေကို တတွင်တွင်ရွတ်ဖတ်ကြရင်း ဘဝကူးလွဲနေကြတာ ဖြစ်ပါလိမ့်မယ်။ မြန်မာပြည် ပညာရေးစနစ်လိုပေါ့ … စာတွေ ကျက်ရင်း ဘာမှရမသွားတာမျိုး …
ကျွန်တော်လည်း ပိစိသေးသေး ဦးနှောက်လေးနဲ့ မဆန့်တာတွေကို တွေးရင်းတောရင်း ကလေးမလေးရဲ့ အသံကို ဆက်နားထောင်နေမိတယ် …
ကလေးမလေးကလည်း ဆက်ဆိုနေဆဲပဲ … သူ့ရဲ့ အသံသေးသေးလေးနဲ့ ပေါ့
သံပုံးတွေ
သံပုံးတွေ
မာဖီယိုဆို
၂၀၊ ဒီဇင်ဘာ၊ ၂၀၁၉