
‘ငပလီ၊ ကလော၊ မြင်းခြံ’
လော့စ် အိန်ဂျယ်လိစ်လေဆိပ် (LAX – Los Angeles International Airport) ကို ရောက်တော့ ဒီမှာ ည ၁၂ နာရီထိုးနေပြီ။ အမေရိကန် အနောက်ဘက်ကမ်းရဲ့ အလုပ်အရှုပ်ဆုံး လေဆိပ်ကြီးဟာ ကိုယ့်အတွက်တော့ ကြီးကျယ်ခမ်းနားလွန်းလှတယ်။
၁၉၃၀ ပြည့်နှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ဒီလေဆိပ်ကြီးဟာ ဧက ၃၅၀၀ ကျော်ကျယ်တယ်။ ၂၀၁၉ တစ်နှစ်တည်းမှာတင် ခရီးသည်ပေါင်း ၈၈ သန်းကျော်ဝင်ထွက်သွားလာခဲ့တယ်တဲ့။ ကိုယ်လည်းဒီအထဲမှာ တစ်ယောက်အပါအဝင်ပေါ့။ ကမ္ဘာပေါ်မှာ တတိယမြောက်အလုပ်အများဆုံးလေဆိပ်ကြီးပါပဲ။
လူဝင်မှုကြီးကြပ်ရေးဂိတ်ကို ဖြတ်ပြီးတော့ ပါလာတဲ့ သေတ္တာတွေကို သယ်ဖို့ Luggage Claim တဲ့နေရာမှာ စောင့်ရတယ်။ အမေရိကမှာ တစ်လလောက်နေမှာမို့ ကိုယ့်မှာလည်း ပါလာတဲ့ အထုပ်တွေက အများသားရယ်။ ဒီမှာပဲ ကိုယ်မထင်မှတ်ထားတာတွေကို စပြီကြုံဆုံရတာပါပဲ။
Luggage အိတ်တွေကို သယ်ပေးခိုင်းဖို့ လေဆိပ်ထဲမယ် လတ်လျားလတ်လျားလုပ်ပြနေတဲ့ ဝန်ထမ်းတွေကို မုန့်ဖိုးပေးပြီး အကူအညီတောင်းလို့ရတယ်လို့ ဒီကကိုယ့်အသိတွေက ကြိုပြောပြထားကြတယ်။ သူတို့ပြောသလိုပဲ ဝန်ထမ်းတစ်ယောက်ကို မုန့်ဖိုးနည်းနည်းပေးပြီး အိတ်တွေသယ်ခိုင်းလိုက်တယ်။ ဖော်ရွေဟန်ရှိတဲ့ ကိုရွှေလူဖြူကြီးက ပါသမျှ အိတ်တွေ အကုန်သယ်သွားပေးပါလေရော။
အံ့သြစရာက ဒီလူတွေက သယ်သွားတဲ့အထုပ်တွေကို X-Ray ထဲ ထည့်မစစ်တာပါပဲ။ တကယ်တော့ ကိုယ့်အထုပ်တွေထဲမှာ ဗမာပြည်က ထည့်ပေးလိုက်တဲ့ ငါးပိ၊ ငါးခြောက်နဲ့ ဒေသထွက် အစားအစာတွေက မနည်းမနောရယ်မဟုတ်လား။ ကိုယ့်မှာသာ ရင်တမမဖြစ်နေတာ သူတို့က အေးအေးဆေးဆေးပဲ။
LAX ရဲ့ အပြင်ဘက်ကို ထွက်လိုက်တော့ ရာသီဥတုက ခပ်စိမ့်စိမ့်။ နွေဦးကာလထဲ ချဉ်းနင်းလာနေပြီဆိုပေမယ့် ဆောင်းရိပ်ဆောင်းငွေ့ အကြွင်းအကျန်တွေက ကြီးစိုးနေဆဲ။ အပြင်မှာ မြူခိုးတွေလည်း အတန်ငယ် ဆိုင်းနေသေးရဲ့။
တကယ်တမ်းဆိုရရင် LAX ဟာ လော့စ်အိန်ဂျယ်လိစ် မြို့လယ်ခေါင် (Downtown Los Angeles) နဲ့ ၁၈ မိုင်ဝေးတယ်။ ဒါပေမယ့် ကိုယ်ကတော့ တစ်ခါဘူးမှ မရောက်ဖူးတဲ့ ဒီမြို့ကြီးကို စိတ်ကူးထဲမှာ ပုံဖော်နေမိရော။ မအူမလည် ရန်ကုန်သားရဲ့ အမေရိကခရီးစဉ် စပြီ မဟုတ်လား။ ဒါပေမယ့် ကိုယ်လာတာက LA ကိုမဟုတ်။ ဆန်ဒီယေဂိုကိုလေ။ ဒီတော့ ကိုယ်စိတ်ဝင်စားလှတဲ့ LA ကို နောက်မှပြန်လာဦးမယ်လို့ အားခဲပြီး လေဆိပ်အပြင်ကို ထွက်ခဲ့တယ်။
LA ကနေ ကိုယ်တည်းမယ့် ဆန်ဒီယေဂိုကို သွားဖို့ကြိုပြီး ငှားထားတဲ့ ချက်ဗလေကားနဲ့ ခရီးဆက်ရတယ်။ အမှန်က ဒီခရီးက လေယာဉ်နဲ့ ဆက်သွားလို့ရတယ်။ ဒါပေမယ့် လေယာဉ်တစ်ဆင့်စီးဖို့ စောင့်ရမယ့် အချိန်နဲ့၊ လက်မှတ်ခ တန်ကြေးတွေကြောင့် နည်းနည်းအပင်ပန်းခံပြီး ကားပဲ ငှားလိုက်တာ။
ယာဉ်မောင်းက အသက် ၇၀ ကျော် ဝန်းကျင် ခပ်ထွားထွား လူဖြူအဘိုးကြီးတစ်ယောက်ပါ။ အနေအထိုင် အေးဆေးဟန်တူတဲ့ သူက သူ့ရဲ့ ကားကြီးပေါ်တက်လာစဉ်တုန်းက ဖော်ဖော်ရွေရွေဆက်ဆံပေးပါတယ်။ ဒါပေမယ့် ၁၈ နာရီလောက် တောက်လျှောက်လေယာဉ်စီးလာတာမို့ ခရီးပန်လာဟန်ပေါက်နေတဲ့ ကိုယ့်ပုံကိုကြည့်ပြီး လမ်းတစ်လျှောက်လုံး အလိုက်တသိနဲ့ တိတိတ်ဆိတ်ဆိတ်လေးနေပေးရှာပါရဲ့။
သူတို့ဆီမှာ Freeway လို့ခေါ်ကြတဲ့ အမြန်လမ်းမတွေဟာ အတော်ကောင်းမွန်ဖြောင့်ဖြူးပြီး ညပိုင်းမို့ကားကလည်း ရှင်းတယ်။ ဒါကြောင့် ပုံမှန် ၃ နာရီလောက်မောင်းရမယ့် လော့စ်အိန်ဂျယ်လိစ်-ဆန်ဒီယေဂို ခရီးကို ၂ နာရီ ဝန်းကျင်လောက်ပဲ မောင်းခဲ့ရတယ်။
ယျေဘုယျအားဖြင့် အမေရိကမှာ Freeway နဲ့ Highway ဆိုပြီး အမြန်လမ်းအမျိုးအစား ၂ မျိုးရှိပြီး ကာလီဖိုးနီးယားအပါအဝင် အနောက်ဘက်ကမ်းရိုးတန်းပိုင်းက ပြည်နယ်တွေမှာ Freeway တွေကို သုံးကြတယ်။ Freeway တွေက ဘာ Toll gate မှ ဖြတ်စရာမလိုတဲ့လမ်းတွေ။ လိုအပ်တဲ့ အခွန်အခကို ပြည်နယ်အစိုးရတွေက အခွန်ထဲထည့်ပေါင်းကောက်ခံတဲ့စနစ်ကို သုံးတယ်ပေါ့။

ဆန်ဒီယေဂိုရောက်တော့ ရာသီဥတုက ပိုအေးလာတယ်။ ပုံမှန်အားဖြင့် ဆန်ဒီယေဂိုဟာ LA ထက် တောင်ဘက်ပိုကျပေမယ့် အမြင့်ပိုင်းဧရိယာတွေရှိတဲ့အပြင် ပစိဖိတ်သမုဒ္ဒရာက တိုက်ခတ်လာတဲ့ လေအေးစီးကြောင်းကြောင့်လည်း မြို့ရဲ့အစိတ်အပိုင်းအချို့က နေလို့ထိုင်လို့ကောင်းရုံလေး အေးမြနေတတ်တယ်။
ဆန်ဒီယေဂိုမှာက အမေရိကမြောက်ပိုင်းနဲ့ အရှေ့ဘက်ကမ်းကမြို့တွေလောက် ဆိုးရွားတဲ့ အအေးဒါဏ်မျိုးမရှိသလို ဆန်ဖရန်စစ္စကိုတို့ LA တို့လောက်လဲ မိုးမများဘူး။ မက္ကဆီကိုနဲ့ ကပ်နေတဲ့ နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး အမေရိကတောင်ပိုင်းဒေသတွေထဲမှာ ပါနေပေမယ့် သူ့ရာသီဥတုက တခြားတောင်ပိုင်းမြို့တွေလောက် ပျမ်းမျှ အပူချိန်လည်းမမြင့်ပါဘူး။ ဒေသခံမြန်မာတွေကတော့ ကလောနဲ့ ငပလီပေါင်းထားတဲ့မြို့လို့ ကင်ပွန်းတပ်ကြတယ်။
ဒါပေမယ့်လည်း အရီဇိုးနားဘက်နဲ့နီးတဲ့ မြို့ရဲ့ အရှေ့ဘက်ပိုင်းကို ဆက်သွားရင်တော့ အတော်ပူပြင်းတဲ့ရာသီဥတုမျိုးရှိပြီး တစ်ခါတစ်ခါ ၁၀၀ ဒီဂရီဖာရင်ဟိုက်လောက်အထိ ပူပါတယ်။ ဆန်တီယေဂိုကောင်တီရဲ့ အရှေ့ဘက်ခြမ်းမှာ အန်ဇာ-ဘိုရန်ဂို သဲကန္တာရ (Anza-Borrego Desert) က တစ်စိတ်တစ်ပိုင်း ပါဝင်နေတာမို့ အဲ့ဒီဘက်နဲ့ နီးတဲ့ ဆန်တီး (Santee) ၊ လိတ်ခ်ဆိုက် (Lakeside) ၊ အယ်ကာဟွန် (El Cajon) စတဲ့နေရာတွေမှာတော့ တခါတလေမှာ ၁၂၀ ဒီဂရီအထိ ရောက်တတ်တယ်ဆိုပဲ။ နောက်ပိုင်း အဲ့လိုအပူချိန်မြင့်တဲ့ မြို့အရှေ့ဘက်ခြမ်းက လီမွန်ဂရို့ဗ် (Lemon Grove) ဘက် သွားလည်ချိန်မှာ ကလောနဲ့ ငပလီအပြင် မြင်းခြံပါထပ်ပေါင်းရလိမ့်မယ်လို့ တွေးရင်းပြုံးမိပါသေးတယ်။
အဲ့ဒီအပူပိုင်းရောက်နေတဲ့ ဆင်ခြေဖုံးဒေသတွေမှာ ဆင်းရဲတဲ့လူဖြူတွေအများစုနေထိုင်ကြပြီး စီးပွားရေးကောင်းကြတဲ့ မြို့ပေါ်နေဒေသခံတွေက သူတို့ကို White Trash (အစုတ်အပြတ် အဖြူကောင်တွေ) လို့ ခပ်နှိမ်နှိမ်ခေါ်ကြတယ်။ အဲ့ဒီအပိုင်းမှာ အိမ်ခြေမဲ့တစ်ချို့ကိုလည်း မြင်ခဲ့ရသေးရဲ့။ ဒါပေမယ့် နောက်ပိုင်း LA ကိုရောက်တော့မှ ဆန်ဒီယေဂိုဟာ ဆင်းရဲသားတွေ အိမ်ခြေမဲ့တွေ အတော်ကို နည်းတဲ့မြို့မှန်း သိရတော့တယ်။
တကယ်တော့ ဆန်ဒီယေဂို (San Diego) ဆိုတာက စပိန်တွေပေးခဲ့တဲ့ အမည်ပါ။ စိန့် ဒီဒေးကပ် (Saint Didacus) ကို ရည်ညွှန်းတယ်လို့ အဆိုရှိပါတယ်။ လူဦးရေ ၁.၄ သန်းကျော်လောက် နေထိုင်တဲ့ ဒီမြို့ဟာ အမေရိကန်ပြည်ထောင်စုမှာ ၈ ခုမြောက်အကြီးဆုံးမြို့ပါ။ ကာလီဖိုးနီးယားမှာဆိုရင် တော့ ဒုတိယအကြီးဆုံး မြို့ပေါ့။

စပိန်အခြေချသူတွေ ဆန်ဒီယေဂိုကမ်းခြေကို ရောက်မလာခင်အချိန်တုန်းက ဒီနေရာမှာ ခူမီယိုင်း (Kumeyaay) အင်ဒီယန်းနွယ်ဖွားတွေက နေထိုင်ခဲ့ကြတာပါ။ ၁၅၄၂ ခုနှစ်မှာ ဟွမ် ရိုဒရီဂွက်ဇ် ကာဘရီယို (Juan Rodríguez Cabrillo) က ဒီနေရာကို စပိန်ပိုင် ဒေသအဖြစ် ကြေညာခဲ့တယ်။
အဲ့ဒီအချိန်ကတည်းက စပိန်အနွယ်အဆက်တွေနဲ့ မကင်းနိုင်တော့တဲ့ ဆန်ဒီယေဂိုဒေသဟာ ကာလီဖိုးနီးယားက အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်တစ်ခုဖြစ်မလာသေးခင်တုန်းက မက္ကဆီကန် အင်ပါယာထဲက ဒေသတစ်ခုဖြစ်ခဲ့သေးတယ်။ မက္ကဆီကန်-အမေရိကန် စစ်ပွဲမှာ အမေရိကန်ပြည်ထောင်စုက အနိုင်ရရှိခဲ့ပြီးတဲ့နောက် ၁၈၅၀ ခုနှစ်မှာမှ ကာလီဖိုးနီးယားနဲ့အတူ အမေရိကန်ဒေသ တစ်ခုဖြစ်လာတာပါ။
ဆန်ဒီယေဂိုဟာ စပိန်ယဉ်ကျေးမှုနဲ့ မကင်းတဲ့ သမိုင်းရှိခဲ့ဖူးတဲ့အပြင် မက္ကဆီကိုနဲ့လည်း နီးကပ်နေတဲ့ နယ်ခြားမြို့ဖြစ်တာမို့ စပိန်စကားပြောဆိုကြတဲ့ ဟစ္စပန်းနစ်နွယ်ဖွားတွေ မြို့မှာအလွန်များပါတယ်။ ဒေသလူဦးရေရဲ့ ၃၂% အထိရှိနေတာပါ။ မြို့ရဲ့ အရေးပါတဲ့အရပ်တွေဖြစ်ကြတဲ့ မြို့ဟောင်းဧရိယာနဲ့ လာဟိုယာ (အဖြူတွေက လာဂျိုလာလို့ မှားယွင်းခေါ်ဆိုကြတဲ့အရပ်ပါ) ဒေသတွေမှာ စပိန်စကားပြော မက္ကဆီကန်နွယ်ဖွားတွေ အများဆုံးရှိတယ်။ ဒါကြောင့် လူမျိုးရေး ခွဲခြားမှုနှုန်းလည်း အတော်မြင့်တဲ့မြို့ဖြစ်ပါတယ်။
ကျွန်တော်ဒီကိုမရောက်ခင်လေးမှာတင် အမေရိကန် ရှေးဟောင်းသုတေသနသိပ္ပံနဲ့ ဂန္တဝင်စာပေလေ့လာရေး အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ဒီမြို့မှာကျင်းပတဲ့ စာပေဆိုင်ရာဆွေးနွေးပွဲကြီးတစ်ခုမှာ လူမျိုးရေးခွဲခြားတဲ့ အဖြစ်အပျက်တစ်ခု ပူပူနွေးနွေးဖြစ်ထားလို့ ဂယက်ထနေဆဲပါ။
နောက်ပြီး ဆန်ဒီယေဂိုမှာ အာရှနွယ်ဖွား တစ်ချို့လည်း နေထိုင်ကြပါတယ်။ ဒေသလူဦးရေရဲ့ ၁၀.၄% အထိရှိပြီး အင်္ဂလိပ်စကားပြော လူဖြူတွေနဲ့ စပိန်စကားပြော ဟစ်ပန်းနစ်တွေပြီးရင် အများဆုံး ခြေချနေထိုင်သူတွေပေါ့။ အများစုက ဖိလစ်ပီနို၊ ဗီယက်နမ်နဲ့ တရုတ်တွေဖြစ်ကြပြီး ဗမာလူမျိုးအချို့လည်း ရှိပါတယ်။
ဆန်ဒီယေဂိုဟာ ဗီယက်နမ်စစ်ပွဲအပြီးကာလတုန်းက ဗီယက်နမ်ရွှေ့ပြောင်းခိုလှုံသူတွေကို အဓိက နေရာချထားပေးရာမြို့ဖြစ်ပေမယ့် ဒီဒေသရဲ့ နေရာထိုင်ခင်းဈေးနှုန်းကြီးမြင့်မှုနဲ့ အောက်ခြေအလုပ်အကိုင် ရှားပါးမှုကြောင့် ဘယ်သူမှကြာကြာမခံကြပါဘူး။ တခြားမြို့တွေကို အကုန်ပြောင်းပြေးကုန်ကြပါတယ်။
ဒါကြောင့် ဒီဒေသတွေမှာနေထိုင်တဲ့ အာရှနွယ်ဖွားတွေဟာ ငွေကြေးတတ်နိုင်သူတွေနဲ့ ကုမ္ပဏီကောင်းကောင်းတွေမှာ ပြည်နယ်အစိုးရက သတ်မှတ်ထားတဲ့ ဥပဒေပါအခွင့်အရေးအရ လူနည်းစုနွယ်ဝင်ဝန်ထမ်းတွေအဖြစ် ခန့်အပ်ခံထားရသူတွေသာများပါတယ်။ လူနည်းစုစာရင်းထဲမှာ အမျိုးသမီးတွေနဲ့ လူဖြူမဟုတ်တဲ့ တခြားလူမျိုးတွေပါဝင်ပါတယ်။ ကျွန်တော်တည်းခိုတဲ့ အိမ်က အန်တီလဲ့ဆိုရင် ဆန်ဒီယေဂို တက္ကသိုလ်မှာ ဌာနမှူးအဖြစ် ဆယ်စုနှစ် ၂ ခု ဝန်းကျင်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။ သူ့အထက်အရာရှိအနေနဲ့ သူ့ကိုအလုပ်ခန့်ခဲ့တာကြောင့် ခရက်ဒစ် ၂ ဆရသွားတယ်လို့ ပြန်ပြောပြပါတယ်။ အမျိုးသမီးလည်းဖြစ်၊ အာရှနွယ်ဖွားလည်းဖြစ်တာကြောင့်ပါ။
ကိုယ်ကတော့ သူပြောပြတဲ့ ဆန်ဒီယေဂိုအကြောင်း နားထောင်ရင်း သူချက်ထားတဲ့ညစာကို အသည်းအသန်ခေါင်းမဖော်တမ်း စားနေတာပေါ့။ စီးလာတဲ့ ဟောင်ကောင်လေကြောင်းလိုင်းရဲ့ အစားအသောက်နဲ့ ဝန်ဆောင်မှုက ညံ့ဖျင်းတော့ အန်တီလဲ့တို့အိမ်ကို ရောက်တော့မှ မနက်စာလား ညစာလားမကွဲတဲ့ ညလယ်စာကို အသည်းအသန် စားရတာမို့ပါ။
အိမ်ရှင်တွေကတော့ မြန်မာပြည်ကလာတဲ့ကိုယ့်အတွက် မြန်မာစာ ချဉ်ပေါင်ကြော်၊ ကြက်သားဟင်းနဲ့ အုန်းထမင်းချက်ပြီး စောင့်နေကြတာမို့ ကိုယ့်အတွက်တော့ ရေငတ်တုန်း ရေတွင်းထဲ ကျတာပါပဲ။
ကျွန်တော် ဆန်ဒီယေဂိုကိုရောက်တဲ့အချိန်က မနက် ၃ နာရီကြီးမို့ ကိုယ်လည်း ဒုက္ခရောက် အိမ်ရှင်တွေလည်း အိပ်ရေးပျက်ရတဲ့နေ့ပါပဲ။ ကိုယ်ကတော့ အားတွေနာမိပေမယ့် သူတို့ကတော့ ရှားရှားပါပါး ဗမာပြည်ကနေ လာလည်တာမို့ ပျော်နေကြပါရဲ့။ ဆန်ဒီယေဂိုဟာ ဗမာတွေ လာလည်လေ့သိပ်မရှိတဲ့မြို့ကိုး။
အိမ်ရှင်မိသားစုနဲ့ အလာပသာလာပပြောပြီး အိပ်ယာဝင်တော့ မနက် ၄ နာရီခွဲ။ အိပ်ယာပေါ်ရောက်တော့ ချက်ခြင်းအိပ်မပျော်သေး။ အချိန်မရွှေ့ရသေးတဲ့ လက်ပတ်နာရီလေးက ၆ နာရီအတိကို ပြနေတယ်။ ရန်ကုန်မှာ ညနေစောင်းဝန်းကျင်သာ ရှိပါဦးမယ်။ မအိပ်ချင်သေးတာကြောင့် ဖတ်လက်စ Where China meet India စာအုပ်ကို ကောက်ဖတ်ရင်း အတွေးနယ်ချဲ့နေမိတယ်။ နောက်နေ့တွေကျရင် အမေရိက အခြေစိုက် မြန်မာလူ့အဖွဲ့အစည်းအကြောင်း တီးခေါက်ကြည့်ဦးမယ်လို့။
