“ကာဘရီယိုမှ မက်ဟက်တန်သို့” ကန့်လန့်ဖြတ် အမေရိကခရီး – ၂

ဖို့တ် ရို့စ်ခရမ်စ် အမျိုးသား စစ်သင်္ချိုင်းအတွင်းက မိသားစုဝင်တစ်ဦး

‘စစ်သားဟောင်းကြီးများ ဘယ်တော့မှ မသေ’

ကျွန်တော် ဆန်ဒီယေဂိုရောက်ချိန်က နွေဦးမို့ ရာသီဥတုက အတော်သာယာပြီး နေလို့ကောင်းတယ်။ ဆောင်းလေခပ်အေးတွေ ကျန်နေသေးသလို နေခြည်နွေးနွေးတွေလည်း ယှက်ဖြာနေတဲ့ကာလပေါ့။ တစ်နှစ်လုံးမှာ အသာယာဆုံးအချိန်လို့ လူတိုင်းပြောကြတယ်။

ဆန်ဒီယေဂိုကမ်းခြေဟာ မြင်သာအောင်ပြောရရင် ကလောနဲ့ ငပလီပေါင်းစပ်ထားသလိုပဲ။ ဒီဒေသမှာ နွေဦးကာလဆိုရင် လမ်းဘေးဝဲယာတွေမှာ အလေ့ကျပေါက်နေတဲ့ ခရမ်းသွေးရောင် ကာလီဖိုးနီးယားဘိန်းပန်းတွေ၊ ဒုဓလီပန်း ဝါဝါလေးတွေ၊ ပြာလဲ့လဲ့ ချီကိုရီပန်းလေးတွေပြည့်နှက်နေတတ်တယ်။

အထူးသဖြင့် ကာလီဖိုးနီးယားဘိန်းပန်း (California Poppy) လို့ခေါ်တဲ့ Eschscholzia Californica တွေဟာ မြို့ရဲ့နေရာအနှံ့မှာ အရောင်အသွေးစုံစုံနဲ့လှပလို့နေတော့တာပါပဲ။ အနီ၊ လိမ္မော်၊ အဝါနဲ့ ခရမ်းရောင်စသဖြင့် အရောင်အဆင်းအမျိုးမျိုးပွင့်တတ်တဲ့ ဒီပန်းတွေဟာ ကာလီဖိုးနီးယားပြည်နယ်ရဲ့ အထိမ်းအမှတ်ပန်းမျိုးစိတ်ပါ။ ၁၉၀၃ ခုနှစ်ကတည်းက သတ်မှတ်ခဲ့တာပေါ့။

ကာလီဖိုးနီးယားမှာတော့ ဒီပန်းကို အလေးထားကြသလို  နာမည်လည်း အမျိုးမျိုးမှည့်ခေါ်ကြပါတယ်။ Golden Poppy၊ California Sunlight၊ Cup of Gold စသဖြင့်အမျိုးမျိုးပါပဲ။ နာမည်မှာ ဘိန်းပင်ဆိုတာပါနေတဲ့အတိုင်း ဘိန်းနွယ်ဝင်အပင်ဖြစ်ပြီးတော့ ပွင့်ဖတ်တွေကို ဆေးဝါးနဲ့ အစားအစာတစ်ချို့မှာ ထည့်သွင်းအသုံးပြုကြပါတယ်တဲ့။

ကျွန်တော်တည်းခိုနေထိုင်တဲ့ ဘယ်လ်ဘိုအာရိပ်သာ (Balboa Avenue) ကနေ မြို့ရဲ့အရှေ့ဘက်ကို ထွက်တဲ့ လမ်းဘေးဝဲယာတစ်လျှောက်မှာ ကာလီဖိုးနီးယားဘိန်းပန်းတွေအပါအဝင် အလေ့ကျပန်းပင်လေးတွေ သဘာဝအတိုင်း ဖွေးဖွေးလှုပ် ပွင့်နေတတ်တယ်။

လမ်းတစ်ဖက်တစ်ချက်စီမှာ အရိုင်းပန်းတွေနဲ့အပြိုင်နေရာယူထားတာက စစ်တပ်ဧရိယာတွေနဲ့ တားမြစ်နယ်မြေဖြစ်ကြောင်း သတိပေးဆိုင်းဘုတ်တွေပါပဲ။ ကိုယ်တွေတိုင်းပြည်မှာ တပ်မြေကိစ္စ ဟိုအသံဒီအသံတွေထွက်နေပေမယ့် အမေရိကမှာတော့ စစ်တပ်ရှေ့မှာ ကားတောင်ပျက်ခွင့်မရှိဘူးလို့ ဒေသခံတွေက ပြောပြကြတယ်။

နယ်စပ်မြို့ဖြစ်တဲ့အပြင် ပင်လယ်ပြင်ထွက်ပေါက်လည်းရှိတဲ့ ဆန်ဒီယေဂိုမြို့မှာ စစ်တပ်အခြေစိုက်စခန်း ၇ ခုတောင်ရှိပါတယ်။ မီရမာ လေတပ်အခြေစိုက်စခန်း (Marine Corps Air Station Miramar)၊ ပန်ဒယ်လ်တန် လေတပ်အခြေစိုက်စခန်း (Marine Corps Base Camp Pendleton)၊ ဆန်ဒီယေဂို ရေတပ် စစ်သားစုဆောင်းရေး တပ်ရင်း (Marine Corps Recruit Depot San Diego)၊ ကိုရိုနာဒို ရေတပ် အခြေစိုက် စခန်း (Naval Base Coronado)၊  ပွိုင့် လိုမာ ရေတပ် အခြေစိုက် စခန်း (Naval Base Point Loma)၊ ဆန်ဒီယေဂို ရေတပ် အခြေစိုက် စခန်း (Naval Base San Diego) နဲ့ အမေရိကန် ကမ်းခြေစောင့်တပ် စခန်း (US Coast Guard Station San Diego) တို့ပါပဲ။

ကျွန်တော်နေတဲ့ ဘယ်လ်ဘိုအာရိပ်သာနားမှာ မီရမာ မရင်းတပ်ဖွဲ့လေတပ်စခန်းရှိပြီး အိမ်ကလည်း တောင်ကုန်းခပ်မို့မို့ပေါ်မှာဆိုတော့ လက်နက်အပြည့်အစုံနဲ့ ပျံတက်လာတဲ့ F-15 Eagle တိုက်လေယာဉ်တွေကို နေ့စဉ်နဲ့အမျှ မြင်ရတွေ့ရတာပေါ့။ တကယ်တမ်းအားဖြင့် မီရမာစခန်းဟာ သမိုင်းဝင် လေ့ကျင့်ရေး တပ်စခန်းတစ်ခုဖြစ်ပြီးတော့ ဒုတိယကမ္ဘာစစ်ကာလကနေစတင်ပြီး ဒီကနေ့ချိန်အထိ လေသူရဲ စစ်သည်တော်ပေါင်းမြောက်များစွာကို လေ့ကျင့်မွေးထုတ်ပေးခဲ့တဲ့ သင်တန်းကျောင်းတစ်ခု ဖြစ်ပါတယ်။

မီရမာ စစ်စခန်းမှ အမေရိကန်တိုက်လေယာဉ်များ

မီရမာမှာ ဒီထက်ပိုထူးခြားတဲ့ ကိစ္စတစ်ခုရှိနေပါသေးတယ်။ အသက် ၂၄ နှစ်အရွယ် လူပျိုချောလေး တွမ်ခရုစ်ကို နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကမ္ဘာကျော်ရုပ်ရှင်မင်းသား ဖြစ်သွားစေခဲ့တဲ့ Top Gun လေတပ်ရုပ်ရှင်ကို လူတော်တော်များများ မှတ်မိကြမယ်ထင်ပါတယ်။ တကယ့် Top Gun Program ဟာ မီရမာအခြေစိုက်စခန်းမှာ တည်ရှိပါတယ်။ ၁၉၈၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ တွမ်ခရုစ်ရဲ့ ရုပ်ရှင်ကတော့ တွမ်ခရုစ်ကိုတင် နာမည်ကြီးစေခဲ့တာမဟုတ်ပါဘူး။ အမေရိကန် ရေတပ်မှာ လေသူရဲ ပိုင်းလော့ လုပ်ဖို့ လျှောက်ထားသူအရေအတွက် ၅၀၀% တိုးသွားစေတဲ့အထိလည်း အကျိုးပြုခဲ့ပါသေးတယ်။

ခုတော့ ဒီဇာတ်ကားရဲ့ နောက်ဆက်တွဲ ဇာတ်ကားဖြစ်တဲ့ Top Gun: Maverick ကို ပထမကားထွက်ပြီး ၃၃ နှစ်အကြာမှာ ဆက်လက်ရိုက်ကူးနေပြီဖြစ်ပါတယ်။ ကားသစ်ဟာ ၂၀၂၁ မှာ ရုံတင်မှာပါ။

နောက်ထပ်ထူးခြားတဲ့ တပ်စခန်းတစ်ခုကတော့ ကိုရိုနာဒို ရေတပ် အခြေစိုက် စခန်း (Naval Base Coronado) ပါပဲ။ အမေရိကန် အနောက်ဘက်ကမ်းခြေကို နိုင်ငံတော်သမ္မတ လာရောက်တဲ့အခါမှာ သမ္မတရဲ့ Air Force One လေယာဉ်ဟာ ဒီစခန်းမှာပဲ ရပ်နားလေ့ရှိတာကြောင့်ပါ။ နောက်ပြီး ရုပ်ရှင်တွေထဲမှာ မကြာခနမြင်တွေ့ရလေ့ရှိတဲ့ SEAL အဖွဲ့တွေနဲ့ Special Boat Units တွေဟာလည်း ဒီစခန်းထဲမှာပဲ ရှိပါတယ်။ သမ္မတလာတဲ့နေ့တွေဆိုရင် ရုံးစောစောဆင်းရတယ်လို့ အဲ့ဒီစခန်းမှာ နှစ် ၂၀ ကျော်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အန်တီလဲ့ရဲ့ ခင်ပွန်းဖြစ်သူ အန်ကယ်က အရွှန်းဖောက်ပြောပြဖူးပါတယ်။

ဒါပေမယ့် ကိုရိုနာဒိုစခန်းကို ကျွန်တော်သဘောကျရတဲ့အချက်က ခုနကပြောပြခဲ့တဲ့ အချက်တွေကြောင့် တစ်ခုမှမဟုတ်ပါဘူး။ ဒီစခန်းကို ဆန်ဒီယေဂိုနဲ့ ကိုရိုနာဒို မြို့ငယ်လေးတို့အကြားက ပင်လယ်ဝထဲမှာ တည်ရှိနေတဲ့ ကုန်းခေါင်ခေါင် နော့သ်အိုင်လန်းကျွန်းကြီးပေါ်မှာ တည်ဆောက်ထားတာပါ။ ကိုရိုနာဒို တံတားပေါ်ကနေဖြစ်ဖြစ်၊ ကာဘရီယိုအငူ အမှတ်တရပြတိုက်နောက်ကျောကနေဖြစ်ဖြစ် လှမ်းကြည့်ရင် ဒီကျွန်းကြီးနဲ့ ဒီတပ်စခန်းကို လှမ်းမြင်နိုင်ပါတယ်။ အတော်ကို လှတဲ့ ရှုခင်းပါ။

မြင်ကွင်း တစ်ခုလုံးကို ခြုံပြောရမယ်ဆိုရင် တစ်ဖက်မှာ ခေတ်မှီမြို့ပြအသွင်သဏ္ဍာန်တွေနဲ့ ဆန်ဒီယေဂို မြို့ဘယ်ခေါင်တည်ရှိနေမှာဖြစ်ပြီး တခြားတစ်ဖက်မှာတော့ ရိုးရှင်းလှတဲ့ ကိုရိုနာဒိုမြို့လေးရှိနေမှာပါ။ အလယ်တည့်တည့်မှာတော့ ပစိတ်ဖိတ်သမုဒ္ဒရာဆီထွက်တဲ့ ပင်လယ်ဝနဲ့ ကိုရိုနာဒိုတပ်စခန်းတည်ရှိရာ ကျွန်းပြောင်ပြောင်ကြီးပါပဲ။ ကျွန်တော်က ကာဘရီယိုအငူတောင်ကုန်းပေါ်ကနေ ဒီစခန်းရဲ့ ရှုမျှော်ခင်းကို လှမ်းကြည့်ရတဲ့ အရသာကို အင်မတန်သဘောကျခဲ့တာပါ။

ဆန်ဒီယေဂိုက သမိုင်းအစဉ်အဆက် အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးလုပ်ငန်းတွေအတွက် အရေးပါတဲ့မြို့ ဖြစ်ခဲ့ပါတယ်။ ဒီမြို့မှာ အမေရိကန်အနောက်ဘက်ကမ်းရိုးတန်းရဲ့ အကြီးဆုံး မရင်းတပ်ဖွဲ့နဲ့ ရေတပ် အခြေစိုက်စခန်းတွေ အခြေစိုက်ထားပါတယ်။  ရေတပ်စခန်းဌာနချုပ်တစ်ခုတည်းမှာတင် တပ်ဖွဲ့ဝင် ၂ သောင်းနဲ့ အရပ်သားဝန်ထမ်း ၆၀၀၀ ရှိပါတယ်။ ဆန်ဒီယေဂို မရင်းတပ်ဖွဲ့ စစ်သားစုဆောင်းရေးစခန်းဟာ တစ်နှစ်ကို တပ်သားသစ် ၂၁၀၀၀ ကို ပုံမှန် လေ့ကျင့်မွေးထုတ်ပေးနေတာပါ။ 

အမေရိကန် ကမ်းခြေစောင့်တပ်သားများ

ပွိုင့်လိုမာရေတပ်စခန်းဆိုရင်လည်း ရေမြှုပ်မိုင်းနဲ့ ရေငုပ်သင်္ဘောရန်ကာကွယ်ရေးတာဝန်ယူထားရတဲ့ တပ်မဟာ ၃ ရေတပ်အုပ်စုရဲ့ တပ်မှူးအခြေစိုက်ရာစခန်းဖြစ်ပါတယ်။ ဒီစခန်းကနေ လေကြောင်းနဲ့ရေကြောင်း ကာကွယ်ရေးစနစ်တွေကို ညွှန်ကြားပါတယ်။ ဒီမြို့မှာရှိတဲ့ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု၊ ရှော့ပင်းမောလ်၊ စားသောက်ဆိုင် စတာတွေမှာ စစ်သားတွေအတွက် သီးခြားဝန်ဆောင်မှုတွေ ရှိတယ်။

ဆန်ဒီယေဂို အပါအဝင် အမေရိကန် အနောက်ဘက် ကမ်းရိုးတန်းက မြို့ကြီးတွေရဲ့ ဖွံ့ဖြိုးလာမှုသမိုင်းမှာ တပ်နဲ့ တပ်မိသားစုဝင်တွေရဲ့ ပါဝင်ပတ်သက်မှုက အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ သမိုင်းပညာရှင် ဂရက်ဂ် ဟန်နဆေး (Greg Hennessey) က ရေးသားခဲ့ဖူးတယ်မဟုတ်လား။

ဒေသရဲ့ နာမည်ကျော် ရပ်ကွက်ကြီးတစ်ခုဖြစ်တဲ့ ပွိုင့်လိုမာရိပ်သာ (Point Loma Avenue) ဘက်မှာဆိုရင် ရေတပ်ကပိုင်ဆိုင်ထားတဲ့နေရာက အချက်အခြာအကျဆုံးဧရိယာဖြစ်ပါတယ်။ အဲ့ဒီမှာ အရာရှိရိပ်သာတွေ အခိုင်အမာ ဆောက်ထားတာပါ။

နာမည်ကျော် ခရီးသွားဧရိယာတစ်ခုဖြစ်တဲ့ ကာဘရီယိုကျွန်းဆွယ်မှာဆိုလဲ ကမ်းခြေစောင့်တပ်ဖွဲ့ အခြေစိုက်ထားပြီး မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်တွေ မရှိတာကြောင့် ဖုန်းလိုင်းမမိပါဘူး။

နောက်ပြီး ဆန်ဒီယေဂိုရဲ့ ထူးခြားချက်က အမေရိကရဲ့ ထိပ်သီးမြို့ကြီးတွေထဲမှာ တရုတ်တန်းမရှိတဲ့မြို့ ဖြစ်နေတာပါပဲ။ အာရှနွယ်ဖွား ၁၀% ကျော်နေထိုင်တဲ့ မြို့မှာ တရုတ်တန်းမရှိတာဟာ အင်မတန် ထူးခြားတဲ့အချက်ပါ။ ဒါကလည်း စစ်တပ်မြို့မို့ ပေးမတည်တာလို့ ပြောကြတာမျိုးတွေ ရှိပါတယ်။ နယူးယောက်ခ်မှာဆို တရုတ်တန်းချည်း ၂ ခုတောင်ရှိတာပါ။

ဆန်ဒီယေဂိုကို ရောက်ရောက်ခြင်း နောက်ထပ် သတိထားမိတာက မြို့တစ်ခွင်လုံးမှာ အမှိုက်မရှိတာပါပဲ။ ဒီအချက်ကို ဒေသခံတွေကလည်း အတော်ဂုဏ်ယူကြပါတယ်။ အရှေ့ဘက်ကမ်းခြေ နယူးယောက်ခ်သွားဖို့ရှိနေတဲ့ ကျွန်တော့်ကို နယူးယောက်ခ်မှာဆို ရန်ကုန်နဲ့နင်လားငါလား နေရာတွေ မြင်ရလိမ့်မယ်လို့ အိမ်ရှင်တွေက သတိပေးပါတယ်။ အထူးသဖြင့် တရုတ်တန်းဘက်မှာတဲ့။

အိမ်ဈေး မြေဈေးကြီးပြီး ကြေးရတက်လူတန်းစားအများစုနေထိုင်ကြတဲ့ ဆန်ဒီယေဂိုရဲ့ မြို့တဝက်လောက်က ဆိတ်ငြိမ်တဲ့တောင်ပေါ်မြို့လေးနဲ့တူပေမယ့် တခြားတဝက်ကတော့ အမေရိကရဲ့ ထိပ်တန်းမြို့တော်တစ်ခုပီပီ ခေတ်မှီဖွံ့ဖြိုးလှတဲ့ မက်ထရိုဧရိယာကြီးပါ။

ကာဘရီယို အထိမ်းအမှတ်ကျောက်တိုင်ရှိရာ တောင်ကုန်းထိပ်ကနေကြည့်ရင် ဆန်ဒီယေဂို မြို့လယ်ခေါင်ကို ရင်သပ်ရှုမောဖွယ် မြင်ရပါလိမ့်မယ်။ မိုးထိအောင်မြင့်လှတဲ့ အထပ်မြင့်အဆောက်အအုံတွေနဲ့ ခေတ်မှီမြို့ပြဖွဲ့စည်းမှုပုံစံကို ဒီတောင်ကုန်းပေါ်ကနေ စိတ်အေးလက်အေး ထိုင်ကြည့်ရတာဟာ စိတ်ချမ်းမြေ့စရာ အခိုက်အတန့်ပါ။

ဖို့တ် ရို့စ်ခရမ်စ် အမျိုးသား စစ်သင်္ချိုင်း

ကာဘရီယိုကနေ ဆန်ဒီယေဂိုမြို့ဆီ ပြန်တော့ လမ်းမှာ ဖို့တ် ရို့စ်ခရမ်စ် အမျိုးသား စစ်သင်္ချိုင်း (Fort Rosecrans National Cemetery) ကို ဖြတ်ပြီးပြန်ရပါတယ်။ ၁၈၈၂ ခုနှစ်ကတည်းက ရှိနေတဲ့ ဒီသင်္ချိုင်းဟာ ၃၁ ဧက ကျယ်ပြီး နယ်နမိတ်ပတ်ပတ်လည်ကို တိုင်းကြည့်မယ်ဆိုရင် ၁၀ မိုင်ကျော်ရှိပါတယ်။ ကာဘရီယိုလမ်းမကျယ်ကြီးရဲ့ တဖက်တချက်စီမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၀ ကျော်အတွင်း အမေရိကန်ပြည်ထောင်စု စစ်တပ်အတွက် တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သား ၁ သိန်းကျော်ရဲ့ အုတ်ဂူတွေကို စီတန်းနေရာချထားတာပါ။

ပစိဖိတ်သမုဒ္ဒရာကိုမေးတင်နေတဲ့ ကုန်းကမူလေးပေါ်မှာ စစ်သားဟောင်းကြီးတွေ လဲလျောင်းနေကြပြီး မိသားစုဝင်တွေရဲ့ အမှတ်တရ ပန်းစည်းလေးတွေကို ဟိုတခုဒီတခု မြင်ရတာက လွမ်းစရာပါပဲ။

မြစိမ်းရောင် မြက်ခင်းပြင်ကမ္ဗလာနဲ့ ပြာလဲ့လဲ့သမုဒ္ဒရာတို့ရဲ့ အနားသတ်မျဉ်းပေါ်မှာ သူတို့တွေ ငြိမ်းချမ်းစွာ အနားယူနေကြတာကိုမြင်ပြီး ကိုယ့်တိုင်းပြည်က လက်နက်ကိုင်တိုက်ပွဲတွေမှာ အယူအဆအသီးသီးအတွက် လက်နက်စွဲကိုင်တိုက်ခိုက်ကြရင်း အသိအမှတ်ပြုမှုမရှိပဲ လူမသိ သူမသိ ကျဆုံးသွားသူတွေအကြောင်း ကျွန်တော် တွေးနေမိပါတယ်။ ခရီးသွားဖော်တယောက်ကတော့ စစ်သင်္ချိုင်းကြီးကိုကြည့်ရင်း ဒါကမှ တကယ့်ကို ငြိမ်းချမ်းစွာ အနားယူခြင်း အစစ်လို့ ပြောဆိုသံကို အမှတ်မထင်ကြားလိုက်မိပါတယ်။

ကျွန်တော်ကတော့ ဗိုလ်ချုပ်ဒေါက်ဂလပ်စ် မက်အာသာ (General Douglas MacArthur) ရဲ့ စစ်သားဟောင်းကြီးများ ဘယ်တော့မှမသေ (Old soldiers never die) ဆိုတဲ့စကားကိုပဲ နားထဲ အထပ်ထပ်စွဲထင်နေမိတော့တာပါ။

သင်္ချိုင်းအုတ်ဂူတွေထဲက စစ်သားကြီးတွေဟာ သေဆုံးသွားကြပြီဖြစ်ပေမယ့် သူတို့ကို အမှတ်ရမှုတွေ အသိအမှတ်ပြု ဂုဏ်ပြုမှုတွေနဲ့ သက်ဆိုင်သူတွေရဲ့ နှလုံးသားထဲမှာ ဆက်လက်ရှင်သန်နေကြဆဲဖြစ်ပါတယ်။

1 Comment

Leave a Reply

Your email address will not be published. Required fields are marked *