ရာသီလာတယ်ဆိုတာက မိန်းကလေးတစ်ယောက် အရွယ်ရောက်ပြီဆိုတာကို ဖော်ပြနေတဲ့ သရုပ်သကန်တစ်ခုပါ။ လေဒီလေးစဖြစ်ပြီလို့ဖော်ပြနေတဲ့ သဘာဝတရားတစ်ခုဆိုလည်း မမှားဘူးပေါ့။ ရာသီလာပြီဆိုရင် ရာသီအကြိုလက္ခဏာတွေကို ခံစားရလေ့ရှိတာကြောင့် ဘာကြောင့် ခန္ဓာကိုယ်မှာ ဒီလက္ခဏာတွေကို ခံစားရတာလဲဆိုတာကို သိထားပြီး ဖြစ်တာကြောင့် အရမ်းစိတ်ဖိစီးတာမျိုး မဖြစ်ဘူးပေါ့။
ဒါပေမယ့် တစ်ခါမှရာသီမလာဖူးသေးတဲ့ လေဒီလေးတွေအတွက်ကတော့ ပထမဆုံး ရာသီမလာခင်မှာ ဘယ်လို လက္ခဏာတွေ ခံစားရလဲဆိုတာကို မသိတော့ အတော်လေးကို စိတ်ဖိစီးစရာကောင်းတာပါ။ ဒါကြောင့် ပထမဆုံးအကြိမ် ရာသီလာတော့မယ်ဆိုရင် ဘယ်လိုတွေ ခံစားရနိုင်လဲဆိုတာကို သိရှိနိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်။
ပထမဆုံးအကြိမ် ရာသီလာတော့မယ်ဆိုရင် ဘယ်လိုတွေ ခံစားရနိုင်လဲ!
ပထမဆုံးအကြိမ်ရာသီလာတော့မယ်ဆိုရင် အပျိုဖော်ဝင်တာကို ပြသတဲ့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို ခံစားရပါတယ်။ ဒီလို ပြောင်းလဲမှုတွေထဲမှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေအနေနဲ့ ရင်သားပြောင်းလဲမှုတွေကစလို့ ဆီးခုံမွေးတွေ၊ ချိုင်းမွေးတွေထွက်လာတာမျိုးတွေနဲ့ မိန်းမကိုယ်ကနေ အဖြူရောင် ဒါမှမဟုတ် အဝါရောင် အကျိအချွဲလေးတွေ ဆင်းတာမျိုးလည်း တွေ့ရနိုင်ပါတယ်။
အချို့သူတွေမှာတော့ နာကျင်ကိုက်ခဲတာ၊ လေပွတာ၊ စိတ်အတက်အကျမြန်တာ၊ ခေါင်းကိုက်တာ၊ ခြေကုန်လက်ပမ်းကျတာ နဲ့ ဝက်ခြံပေါက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
- ရင်သားတွေ ပြောင်းလဲလာမယ်
ရာသီလာတော့မယ်ဆိုရင် လေဒီလေးတွေမှာ ရင်သားလေးတွေ ပြောင်းလဲတာမျိုး စဖြစ်လာပါတော့တယ်။ ရင်သားတွေ စတင်ကြီးထွားလာပြီး အမျိုးသမီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ သိသာတဲ့ ပြောင်းလဲမှု တစ်ခုဖြစ်လာတော့ တာပေါ့။ ပထမဆုံး ရာသီမလာခင် ၂ နှစ်လောက်ကစပြီး ရင်သားတွေက စတင်ပြောင်းလဲလာတာပါ။
- ချိုင်းမွေးတွေထွက်လာမယ်
ချိုင်းမွေးတွေကလည်း ချိုင်းတွေမှာ စတင်ဖြစ်လာပါပြီ။ အမွေးတွေက ကြမ်းထော်ထော်တွေ မဟုတ်ဘဲ အမွေးနုလေးတွေ စထွက်လာတာပါ။ ဒီလိုထွက်လာတာအပြင် ချိုင်းချွေးနံ့လေးတွေ စပြီး ထွက်လာတတ်ပြီပေါ့။
- ဆီးခုံမွေးတွေ စထွက်လာမယ်
အပျိုဖော်ဝင်တော့မယ်၊ ရာသီသွေးစပေါ်တော့မယ်ဆိုရင်တော့ သိသာမြင်သာတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တစ်ခုအနေနဲ့ ဆီးခုံမွေးတွေ စထွက်လာပါတော့တယ်။
- အဖြူဆင်းသလို အကျိအချွဲတွေ ဆင်းမယ်
ရာသီလာတော့မယ်ဆိုရင် မိန်းမကိုယ်ကနေ အဖြူရောင် ဒါမှမဟုတ် အဝါရောင် အကျိအချွဲလေးတွေ ဆင်းလာတတ်ပါတယ်။ ဒါကလည်း ရာသီလာသွေး စဆင်းတော့မယ်ဆိုတာကို ဖော်ပြနေတာပါ။
- ဟော်မုန်းပြောင်းလဲမယ်
ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲတာတွေ စတင်ဖြစ်လာပါပြီ။ ဒီလို ဟော်မုန်းပြောင်းလဲတဲ့အခါ စိတ်ခံစားမှု ပြောင်းလဲတာ၊ ဝမ်းနည်းသလိုလို ခံစားရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။
- ဝက်ခြံတွေ ထွက်လာမယ်
ရာသီစပေါ်တော့မယ်ဆိုရင် ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲမှု ဖြစ်ပြီး ဝက်ခြံတွေ ထွက်လာတာမျိုးလည်း ခံစားရနိုင်ပါတယ်။
- ဗိုက်အောင့်မယ်
ရာသီအကြိုလက္ခဏာ တစ်ခုဖြစ်တဲ့ ဗိုက်အောင့်တာကို ပထမဆုံး ရာသီသွေးစပေါ်တော့မယ်ဆိုရင်လည်း ခံစားရနိုင်ပါတယ်။ ဗိုက်အောင့်တာအပြင် လေပွတာ၊ ဝမ်းခဏခဏ သွားတာမျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။
- ခြေကုန်လက်ပမ်းကျမယ်
ရာသီလာချိန်မှာမှ ခြေကုန်လက်ပမ်းကျတာကို ခံစားရတာ မဟုတ်ပါဘူး။ ရာသီသွေး ပထမဆုံး စပေါ်တော့မယ်ဆိုရင်လည်း ခြေကုန်လက်ပမ်းကျတာကို ခံစားရနိုင်ပါတယ်။
- ခေါင်းကိုက်မယ်
ရာသီသွေး စပေါ်တော့မယ်ဆိုရင် ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်ပေါ်တာကြောင့် ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။
ရာသီလာတော့မယ်ဆိုရင်တော့ ပထမဆုံး ရာသီသွေး မပေါ်ခင်မှာ အခုလို လက္ခဏာလေးတွေကို ခံစားရနိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ရာသီလာတော့မယ်ဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်တာကြောင့် ဒီလို ကာလမှာ ကလေးကို အာဟာရပြည့်ဝအောင် ကျွေးပေးတာ၊ အိပ်ရေးဝဝ အိပ်စေတာ၊ လိုအပ်တဲ့ ဖြည့်စွက်အာဟာရတွေကို ပြင်ဆင်ပေးတာမျိုးတွေကို လုပ်ပေးဖို့ လိုပါမယ်။ နောက်တစ်ချက်ကတော့ ရာသီလာချိန်မှာရော ပုံမှန်နေ့ရက်တွေမှာပါ လေဒီလေးတိုင်း လိုက်နာသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထတွေကို သေချာလေး ပြောပြသင်ကြားပေးဖို့ အကြံပြုလိုက်ပါရစေ။