ဗီတာမင်တွေကို ပုံမှန်အားဖြင့် နေ့စဉ်စားသုံးတဲ့အစားအစာတွေကနေ သဘာဝအတိုင်းရနိုင်ပေမယ့် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းစွာလည်ပတ်နိုင်စေဖို့အတွက် လိုအပ်တဲ့ ပမာဏနဲ့ကိုက်ညီအောင် ရရှိဖို့ခက်ခဲတာမျိုးတော့ ရှိနိုင်ပါတယ်။ ခန္ဓာကိုယ်က ပုံမှန်အားဖြင့် ဗီတာမင် ၁၃ မျိုးကို လိုအပ်ပါတယ်။ ဒါတွေကတော့ ဗီတာမင် A၊ ဗီတာမင် B အုပ်စုကတော့ ၈ မျိုး၊ ဗီတာမင် C၊ ဗီတာမင် D၊ ဗီတာမင် E နဲ့ ဗီတာမင် K တို့ပဲဖြစ်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ပျော်ရွှင်စေတဲ့ ဗီတာမင်လို့ လူသိများကြတဲ့ ဗီတာမင် D အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။
ဗီတာမင် D (Vitamin D) ဆိုတာ
ဗီတာမင် D ဆိုတာက ကယ်လ်ဆီယမ်နဲ့အတူ အရိုးတွေကို တည်ဆောက်ဖို့ ကျန်းမာကြံ့ခိုင်စေဖို့ လိုအပ်တဲ့ ဗီတာမင်တစ်ရပ်ပါ။ ကယ်လ်ဆီယမ် နဲ့ ဖော့စဖရိတ် စုပ်ယူနိုင်စွမ်းကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ကိုယ်ခံအားကောင်းစေဖို့၊ ကြွက်သားတွေသန်မာစေဖို့တဲ့ ဦးနှောက်ဆဲလ်တွေကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဗီတာမင် D ကို နေရောင်ခြည်ကို ရရှိနိုင်သလို အချို့သော အစားအစာတွေနဲ့ ဖြည့်စွက်စာတွေကနေလည်း ရရှိနိုင်ပါတယ်။
ဗီတာမင် D အခန်းကဏ္ဍ
ပျော်ရွှင်စေတဲ့ ဗီတာမင်လို့ သိကြတဲ့ ဗီတာမင် D က –
- အရိုးတွေသန်မာစေတယ် – ကယ်လ်ဆီယမ်စုပ်ယူမှုကောင်းစေဖို့ ခန္ဓာကိုယ်ကို ထောက်ကူပေးပြီး အရိုးနဲ့ သွားတွေ သန်မာစေဖို့ ကြံ့ခိုင်စေဖို့ ထောက်ကူပေးပါတယ်။
- ကိုယ်ခံအားကောင်းစေတယ် – ကိုယ်ခံအားကို အားဖြည့်ပေးပြီး ကူးစက်ရောဂါတွေ ကူးစက်ခံရမှုကနေ ကာကွယ်ပေးပါတယ်။
- ကြွက်သားတွေ သန်မာစေတယ် – ကြွက်သားတွေ သန်မာစေဖို့ ထောက်ကူပေးပါတယ်။
- ဦးနှောက်စွမ်းဆောင်ရည် ကောင်းစေတယ် – ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေပြီး ဦးနှောက် စွမ်းဆောင်ရည် ကောင်းစေဖို့ လုပ်ဆောင်ပေးပါတယ်။
ဗီတာမင် D အာဟာရ အရင်းအမြစ်များ
ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းစေဖို့ အရေးပါတဲ့ ဗီတာမင် D ကို အဓိကအားဖြင့် နေရောင်ခြည်ကနေ ရရှိနိုင်သလို အစားအသောက်တွေ အနေနဲ့ဆိုရင်
- အကျိုးပြုအဆီများတဲ့ ပင်လယ်ငါးတွေဖြစ်ကြတဲ့ ဆယ်လ်မွန်၊ ဆာဒင်း၊ ထရောက်၊ မက်ကာရယ်ငါးတွေကနေ ရရှိနိုင်ပါတယ်။
- အနီရောင်အသားတွေ
- ကြက်ဥအနှစ်
- အသည်း ( ကိုယ်ဝန်ဆောင်များ စားသုံးရန် မသင့်ပါ)
- ဗီတာမင် D ဖြည့်စွက်ထားတဲ့ ဆီရီရယ်၊ ပေါင်မုန့်၊ နို့ စတာတွေက ရရှိနိုင်ပါတယ်။
ဗီတာမင် D ပြည့်ဝခြင်းရဲ့ ကောင်းကျိုးများ
လေ့လာတွေ့ရှိချက် ရလဒ်တွေအရ သိရတာကတော့ ဗီတာမင် D ပြည့်ဝလုံလောက်စွာ ရရှိမယ်ဆိုရင် –
- ကင်ဆာ ဖြစ်နိုင်ခြေ လျှော့ချပေးနိုင်မယ်။
- သိမြင်မှုစွမ်းရည်ကောင်းစေပြီး အသက်အရွယ်ကြောင့် သိမြင်မှုစွမ်းရည် ကျဆင်းနိုင်ခြေကို အတိုင်းအတာ တစ်ရပ်အထိ လျှော့ချပေးနိုင်ပါတယ်။
- အရိုးကျန်းမာရေး ကောင်းစေတယ်။ မျိုးရိုးလိုက်တဲ့ အရိုးကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးတယ်။
- Multiple sclerosis ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်။
- အရိုးပျော့ဝေဒနာ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
- အရိုးပွနိုင်ခြေကို လျှော့ချပေးပြီး အရိုးသိပ်သည်းဆ ကောင်းစေပါတယ်။
- ဆိုရီရေးစစ်လို့ခေါ်တဲ့ အရေပြားကျန်းမာရေး အခြေအနေတစ်ရပ်ကို သက်သာစေတယ်။
- ကလေးငယ်တွေမှာ Rickets လို့ခေါ်တဲ့ ဗီတာမင် D ချို့တဲ့မှုကြောင့် အရိုးပျော့တာမျိုး မဖြစ်အောင် လည်း ကာကွယ်ပေးပါတယ်။
ဗီတာမင် D ကို နေရောင်ခြည်ကနေ ရရှိနိုင်တယ်ဆိုပေမယ့် နေရောင်ခြည်ကို လုံလောက်စွာ မရရှိတဲ့ အခြေအနေမျိုးနဲ့ ဗီတာမင် D ကို ပြည့်ဝလုံလောက်စွာ မစားသုံးမိတာမျိုးအတွက်ဆိုရင်တော့ ဗီတာမင် D ဖြည့်စွက်ဆေးဝါးတွေကို သောက်သုံးဖို့ လိုမှာပါ။
ဗီတာမင် D လွန်ကဲမယ်ဆိုရင်
ဗီတာမင် D ပြည့်ဖို့ လိုတယ်ဆိုပေမယ့် အလွန်အကျွံ သုံးစွဲမိမယ်။ တစ်နေ့တာကို 4,000 IU ထက်ပိုပြီး သောက်သုံးမိတယ်ဆိုရင်တော့ –
- ဗိုက်အောင့်တာ
- အော့အန်တာ
- ကြွက်သားအားနည်းတာ
- တွေးတောနိုင်စွမ်း ထိခိုက်တာ
- နှလုံးစည်းချက်ပြဿနာ
- ကျောက်ကပ်ပျက်စီးတာ
- ကျောက်ကပ်ကျောက်တည်တာတွေ ခံစားရနိုင်ပါတယ်။
ဗီတာမင် D ချို့တဲ့မှုအတိုင်းအတာ
နေရောင်ခြည်နဲ့ ထိတွေ့ခွင့်နည်းပါးတာမျိုးနဲ့ အချို့သော ကျန်းမာရေး အခြေအနေတွေက ဗီတာမင် D ချို့တဲ့မှုကို ဖြစ်စေပါတယ်။ ဗီတာမင် D ချို့တဲ့နေပြီဆိုရင် အရိုးတွေ နာတာ၊ ကြွက်သားအားနည်းတာ၊ ခြေကုန်လက်ပမ်းကျ တာမျိုးတွေကို ခံစားရနိုင်ပါတယ်။
ဗီတာမင် D ကို နေရောင်ခြည်နဲ့ အချို့သောအစားအစာတွေကနေ ရရှိနိုင်တာကြောင့် ဗီတာမင် D ချို့တဲ့မှု ဖြစ်ပွားတာက နည်းတယ်ဆိုပေမယ့် ဝင်ငွေနည်းတဲ့နိုင်ငံတွေနဲ့ ဝင်ငွေအလယ်အလတ်သာရှိတဲ့ နိုင်ငံတွေမှာတော့ ဗီတာမင် D ချို့တဲ့မှုတွေ ရှိနေပါတယ်။
ဗီတာမင် D ချို့တဲ့နေတယ်လို့ သံသယရှိမယ်ဆိုရင် တတ်ကျွမ်းနားလည်သူနဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ ကုသမှုကို ခံယူဖို့ လိုပါမယ်။
ဗီတာမင် D လိုအပ်မှု အတိုင်းအတာ
ဗီတာမင် C လိုအပ်မှုက အသက်အရွယ်၊ ကျား/မ ကွာခြားချက်၊ ခန္ဓာကိုယ် အလေးချိန်၊ စားသောက်မှုပုံစံ၊ နေထိုင်ရာဒေသ၊ အသားအရေအရောင်၊ နေ့စဉ်နေထိုင်မှုပုံစံတွေ အပေါ်လိုက်ပြီး တစ်ဦးနဲ့ တစ်ဦး ကွာခြားနိုင်ပါတယ်။ နေရောင်ကြောင့် အရေပြားကင်ဆာဖြစ်နိုင်ခြေကို ကာကွယ်ဖို့ နေလောင်ကာခရင်မ်တွေကို လိမ်းတာကလည်း အလွန်အကျွံဖြစ်မယ်ဆိုရင် အရေပြားရဲ့ ဗီတာမင် D စုပ်ယူနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ဗီတာမင် D က ခန္ဓာကိုယ် ကျန်းမာလှပဖို့ရာ အရေးပါတဲ့ ဗီတာမင် တစ်ရပ် ဖြစ်တာကြောင့် နေ့စဉ် စားသုံးမှုမှာ ထည့်သွင်းစားသုံးဖို့လိုပါမယ်။ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကို ပြည့်မီစေဖို့ စားသုံးပေးသင့်သလို အစားရွေးတာမျိုး၊ နေရောင်နဲ့ ထိတွေ့တာမျိုး မရှိတဲ့ အခြေအနေမျိုး၊ ဗီတာမင် D ပါတဲ့ အစားအစာတွေကို မစားဖြစ်တာမျိုး၊ မကြိုက်တာမျိုး ဖြစ်မယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်သူနဲ့ သေချာလေး တိုင်ပင်ပြီး ဖြည့်စွက်အာဟာရ မှီဝဲဖို့ အကြံပြုလိုက်ပါရစေ။