ဗီတာမင် E (Vitamin E)

ဗီတာမင် E (Vitamin E)
ဗီတာမင် E (Vitamin E)

ဗီတာမင်တွေကို ပုံမှန်အားဖြင့် နေ့စဉ်စားသုံးတဲ့အစားအစာတွေကနေ သဘာဝအတိုင်းရနိုင်ပေမယ့် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းစွာလည်ပတ်နိုင်စေဖို့အတွက် လိုအပ်တဲ့ ပမာဏနဲ့ကိုက်ညီအောင် ရရှိဖို့ခက်ခဲတာမျိုးတော့ ရှိနိုင်ပါတယ်။ ခန္ဓာကိုယ်က ပုံမှန်အားဖြင့် ဗီတာမင် ၁၃ မျိုးကို လိုအပ်ပါတယ်။ ဒါတွေကတော့ ဗီတာမင် A၊ ဗီတာမင် B အုပ်စုကတော့ ၈ မျိုး၊ ဗီတာမင် C၊ ဗီတာမင် D၊ ဗီတာမင် E နဲ့ ဗီတာမင် K တို့ပဲဖြစ်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ဗီတာမင် E အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။

ဗီတာမင် E (Vitamin E) ဆိုတာ

ဗီတာမင် E ဆိုတာက အဆီမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် တစ်မျိုးပါ။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဗီတာမင် E က ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေအတွက် အတော်လေးကို အရေးပါပါတယ်။ အာရုံကြောတွေ ကျန်းမာစေဖို့၊ ကြွက်သားတွေ လုပ်ဆောင်မှု ကောင်းစေဖို့၊ သွေးမခဲစေဖို့ နဲ့ ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးပါတယ်။ 

ဗီတာမင် D (Vitamin D)

 

ဗီတာမင် E အခန်းကဏ္ဍ

ဗီတာမင် E က 

  • ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုး ဖြစ်တယ် – ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တာကြောင့် ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်နိုင်ခြေကနေ လျှော့ချပေးပြီး ဆေးလိပ်ငွေ့တွေနဲ့ ဓာတ်ရောင်ခြည်တွေကြောင့် ထိခိုက်တာ၊ အရွယ်မတိုင်ခင် အိုမင်းတာ၊ နာတာရှည် ကျန်းမာရေးပြဿနာတွေနဲ့ ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ နှလုံးကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။
  • ဆဲလ်တွေ ကျန်းမာစေတယ် – ဆဲလ်အမြှေးပါးတွေကို ကျန်းမာစေပြီး ကျန်းမာတဲ့ ဆဲလ်တွေ ဖြစ်ပေါ်စေဖို့ လုပ်ဆောင်ပေးပါတယ်။ 
  • အာရုံကြော နဲ့ ကြွက်သားတွေ ကျန်းမာစေတယ် – အာရုံကြောတွေကို ကျန်းမာစေဖို့နဲ့ ကြွက်သားတွေ လှုပ်ရှားမှု ကောင်းစေဖို့ ထောက်ကူပေးပါသေးတယ်။ 
  • သွေးမခဲစေဖို့ လုပ်ဆောင်ပေးတယ် – ဗီတာမင် E က ကိုယ်တွင်းမှာ ပုံမှန်ထက် ပိုပြီး သွေးခဲတာမျိုး အခြေအ‌နေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ 
  • မျက်စိကျန်းမာစေတယ် – အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံကျဆင်းတာနဲ့ အမြင်အာရုံဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ဗီတာမင် E အာဟာရ အရင်းအမြစ်များ

ဗီတာမင် E ကို အဓိကအားဖြင့်ကတော့ ဟင်းသီးဟင်းရွက်ကနေရတဲ့ အဆီတွေဖြစ်ကြတဲ့ 

  • Canola oil
  • သံလွင်ဆီ
  • အခွံမာသီးတွေ
  • အစေ့အဆန်တွေ
  • အနီရောင်အသား
  • နို့ထွက်ပစ္စည်းတွေ
  • အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။

ဗီတာမင် E ပြည့်ဝခြင်းရဲ့ ကောင်းကျိုးများ

လေ့လာမှုတွေအရ သိရတာက သဘာဝအတိုင်း ရရှိတဲ့ ဗီတာမင် E ပြည့်ဝမယ်ဆိုရင် 

  • အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေကို လျှော့ချနိုင်မယ်
  • အသည်းရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးပြီး အသည်းကျန်းမာစေမယ်။
  • ကိုယ်ဝန်ဆိပ်တက်တာ မဖြစ်အောင် ကာကွယ်ပေးတယ်။
  • ဆီးကျိတ်ကင်ဆာ ကာကွယ်ပေးတယ်။

ဗီတာမင် E လွန်ကဲမယ်ဆိုရင်

ပုံမှန်အားဖြင့်တော့ ဗီတာမင် E က ဘေးကင်းတယ်ဆိုပေမယ့် ဖြည့်စွက်ဆေးဝါးအနေနဲ့ အလွန်အကျွံ သောက်သုံးမိမယ်ဆိုရင်တော့ – 

  • ဗိုက်အောင့်တာ
  • ဝမ်းပျက်တာ
  • ဗိုက်ရစ်နာတာ
  • ပင်ပန်းတာ
  • အားနည်းတာ
  • ခေါင်းကိုက်တာ
  • အမြင်အာရုံတွေ ဝေဝါးတာ
  • အဖုအပိမ့်တွေ ထွက်တာနဲ့ အဆိုးဆုံးအခြေအနေမှာ အသက်အန္တရာယ် ထိခိုက်တာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ 

ဗီတာမင် C (Vitamin C)

ဗီတာမင်  E ချို့တဲ့မှုအတိုင်းအတာ

ဗီတာမင် E ချို့တဲ့မှုက ဖြစ်ခဲပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ဗီတာမင် E ချို့တဲ့မှုကို တွေ့ရှိနေရဆဲဖြစ်ပြီး ဗီတာမင် E ချို့တဲ့မယ်ဆိုရင် အာရုံကြောထိခိုက်တာ၊ ကြွက်သားဆိုင်ရာ ပြဿနာ၊ အမြင်အာရုံဆိုင်ရာနဲ့ အခြားသော ကျန်းမာရေး အခြေအနေတွေကို ခံစားရနိုင်ပါတယ်။

ဗီတာမင် E လိုအပ်မှု အတိုင်းအတာ

ဗီတာမင် E လိုအပ်မှုက အသက်အရွယ်၊ ကျား/မ ကွာခြားချက်၊ ခန္ဓာကိုယ် အလေးချိန်၊ စားသောက်မှုပုံစံတွေ အပေါ်လိုက်ပြီး တစ်ဦးနဲ့ တစ်ဦး ကွာခြားနိုင်ပါတယ်။ 

Lotoshinn ရဲ့ စကားလက်ဆောင်

ဗီတာမင် E က ခန္ဓာကိုယ် ကျန်းမာလှပဖို့ရာ အရေးပါတဲ့ ဗီတာမင် တစ်ရပ် ဖြစ်တာကြောင့် နေ့စဉ် စားသုံးမှုမှာ ထည့်သွင်းစားသုံးဖို့လိုပါမယ်။ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကို ပြည့်မီစေဖို့ စားသုံးပေးသင့်သလို အစားရွေးတာမျိုး၊  ဗီတာမင် E  ပါတဲ့ အစားအစာတွေကို မစားဖြစ်တာမျိုး၊ မကြိုက်တာမျိုး ဖြစ်မယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်သူနဲ့ သေချာလေး တိုင်ပင်ပြီး ဖြည့်စွက်အာဟာရ မှီဝဲဖို့ အကြံပြုလိုက်ပါရစေ။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *