မြန်မာနိုင်ငံမှာ ဆေးဖက်ဝင် အပင်တော်တော်များများ ပေါက်ရောက်လျက်ရှိရာ အခုတစ်ခေါက်မှာတော့ မြွေနိုင်ပင် ( Abroma Augustum) အကြောင်းမျှဝေပေးချင်ပါတယ်။
မြွေနိုင်ပင် ( Abroma Augustum) ဆိုတာ
မြွေနိုင်ပင်ဆိုတာက အပင်ငယ်တစ်မျိုးပါ။ အရွက်က အပင်ပေါက်စမှာ ပဒုမ္မာကြာရွက်ခန့် ကြီးမားပါတယ်။ အရွက်ပုံစံကတော့ ဝါရွက်တို့ သုံးပန်လှပင်အရွက်တွေနဲ့ ခပ်ဆင်ဆင်တူပါတယ်။ အပွင့်ပွင့်တတ်ပြီး အပွင့်ပွင့်ချိန်၊ အသီးသီးချိန်တွေမှာ အရွက်ပုံစံက သရက်ရွက်လိုမျိုး ရှည်မြောမြောပုံစံကို ပြောင်းသွားတတ်ပါတယ်။
အပွင့်တွေကလည်း အေးတဲ့ ရာသီဥတုအခြေအနေမှာ နီရဲတဲ့ အရောင်နဲ့ ပွင့်တတ်ပြီး စစပွင့်ပြီး နောက်ရက်တွေမှာ ခရမ်းရောင်ရင့်ရင့် ( မရမ်းစေ့ရောင်) ကို ပြောင်းသွားတတ်ပါတယ်။ ရာသီဥတု ပူတဲ့ အချိန်မှာတော့ ပွင့်တဲ့ အပွင့်တွေကအကိုင်းကနေ တွဲလွဲကျတဲ့ အနေအထားနဲ့ ပွင့်တတ်တဲ့ အပွင့်က အပေါ်ဘက်ကို ထောင်ပြီး ခေါက်ထီးကို ပြောင်းပြန်ဖွင့်ထားတဲ့ ပုံစံမျိုးနဲ့ ပွင့်တတ်ပါတယ်။
အသီးထဲမှာ အကန့် ၅ ကန့် ပါနေပြီး မုန်လာစေ့နဲ့ ခပ်ဆင်ဆင် အစေ့လေးများကို အမွေးအမျှင်တွေနဲ့ ဖုံးအုပ်နေတာကို တွေ့ရတတ်ပါတယ်။
မြွေနိုင်ပင် ( Abroma Augustum) ဆေးဖက်ဝင်သလား!
မြွေနိုင်ပင် ဆေးဖက်ဝင်သလားဆိုတော့ အခုလိုမျိုး ဆေးဖက်ဝင်ပါတယ်။
- မေမေဖြစ်နိုင်မယ့် အခွင့်အလမ်း တိုးစေတယ်
မြွေနိုင်ပင်က ကျန်းမာရေး ကောင်းကျိုးများပေမယ့် လူသိအများဆုံး ကောင်းကျိုးကတော့ မေမေဖြစ်နိုင်တဲ့ အခွင့်အရေးကို တိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- မီးယပ်ရောဂါတွေ သက်သာစေတယ်
မြွေနိုင်ပင်က အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ မီးယပ်ရောဂါတွေကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
- ရာသီမလာခင် နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်တယ်
မြွေနိုင်ပင်က လေဒီလေးတိုင်း လစဉ်လိုလို ခံစားရလေ့ ရှိတဲ့ ရာသီမလာခင် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်သလို ရာသီလာချိန် နာကျင်ကိုက်ခဲတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
- သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်
မြွေနိုင်ပင် အမြစ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်သလို ဆီးချိုရောဂါကို သက်သာစေဖို့ အသုံးပြုကြတာမျိုးလည်း ရှိပါတယ်။ ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ဖို့လည်း သုံးစွဲတာမျိုး ရှိပါတယ်။
- အဆစ်ရောင်တာကို သက်သာစေနိုင်တယ်
မြွေနိုင်ပင်ရဲ့ နောက်ထပ် ကျန်းမာရေးကောင်းကျိုး တစ်ခုကတော့ အရောင်ကျစေနိုင်သလို အဆစ်တွေ နာကျင်ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် လေးဖက်နာ ခံစားနေရသူတွေ အနေနဲ့ အသုံးပြုပေးတာမျိုးလည်း ရှိပါတယ်။
- စိတ်ဖိစီးမှု ပြေလျော့စေတယ်
မြွေနိုင်ပင်က နာတာရှည် စိတ်ဖိစီးတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်သလို အာရုံကြောကို ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ စိတ်အနားရစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ကော်တီစော ဟော်မုန်းပမာဏကို ထိန်းညှိပေးနိုင်ပြီး စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- အိပ်ပျော်စေတယ်
မြွေနိုင်ပင်က စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်သလို ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ အာရုံကြောစနစ်ကို အနားရစေပြီး ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော် စေဖို့ ထောက်ကူပေးပါတယ်။
- သွေးတွင်း သွေးနီဥပမာဏတိုးစေနိုင်တယ်
မြွေနိုင်ပင်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် သွေးတွင်းအောက်ဆီဂျင်တိုးစေဖို့ ထောက်ကူပေးသလို သွေးထဲက သွေးနီဥ ပမာဏတိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် မြွေနိုင်ပင်က သွေးအားနည်းရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့နဲ့ သွေးနီဥနည်းတာကြောင့် ခံစားရနိုင်တဲ့ ခြေကုန်လက်ပမ်း ကျတာကို သက်သာစေဖို့နဲ့ အသက်ရှူရ ပြတ်တောင်းတောင်း ဖြစ်တာကို သက်သာစေဖို့ပါ အသုံးပြုပေးလို့ ရပါတယ်။
ဘယ်လို အသုံးပြုလို့ရလဲ
မြွေနိုင်ပင်ကို လတ်လတ်ဆတ်ဆတ်လည်း သုံးလို့ ရသလို အခြောက်ခံပြီးမှ သုံးလည်း ရပါတယ်။ အပွင့်နဲ့ ပွင့်ချပ်တွေထက် အရွက်လေးတွေနဲ့ အမြစ်ကိုလည်း သုံးပေးလို့ ရပါတယ်။ အသုံးပြုတဲ့အခါ ရေနွေးဆူဆူထဲကို ထည့်ပြီး သုံးလို့ ရပါတယ်။
သတိထားစရာ ဘေးထွက်ဆိုးကျိုးများ
မြွေနိုင်ပင်က ဆေးဖက်ဝင်တဲ့ သဘာဝ အပင်တစ်မျိုးဖြစ်တယ်ဆိုပေမယ့်
- ကိုယ်ဝန်ဆောင်နေချိန်နဲ့
- မိခင်နို့တိုက်ကျွေးနေရချိန်မှာ
- သွေးရောဂါ တစ်မျိုးမျိုးရှိနေတာ
- ခွဲစိတ်ကုသမှု ခံယူစရာ ရှိနေတာမျိုး
- ဓာတ်မတည့်ပြဿနာ ရှိနေတာမျိုး
- နာတာရှည် ရောဂါတွေ ရှိနေမယ်ဆိုရင် အသုံးမပြုသင့်ပါဘူး။
သဘာဝဆေးဖက်ဝင်တွေက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ရောဂါတွေအတွက် ဆေးနေရာမှာ အစားထိုးအသုံးပြုတာမျိုး မလုပ်ဖို့တော့ အကြံပြုချင်ပါတယ်။