မိန်းမကိုယ်ကနေ လေတွေ ဘာကြောင့်ထွက်နေရတာလဲ!

မိန်းမကိုယ်ကနေ လေတွေ ဘာကြောင့်ထွက်နေရတာလဲ!
မိန်းမကိုယ်ကနေ လေတွေ ဘာကြောင့်ထွက်နေရတာလဲ!

မိန်းမကိုယ်က လေလည်သလို လေတွေထွက်တာမျိုးကို လေဒီလေးအချို့တော့ သိရှိခံစားဖူးကြမယ် ထင်ပါတယ်။ ဒါက ဘာကြောင့် ဖြစ်ရတာလဲ။ အန္တရာယ်ရှိတာလားဆိုတာကိုတော့ သိတဲ့သူ တော်တော်လေး နည်းမယ် ထင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ မိန်းမကိုယ်ကနေ လေတွေထွက်တာက ဘာကြောင့် ဖြစ်ရတာလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

မိန်းမကိုယ်က လေထွက်ခြင်း

မိန်းမကိုယ်က လေထွက်တယ်ဆိုတာကို မိန်းမကိုယ်အတွင်းမှာ ပိတ်မိနေတဲ့ လေတွေ အပြင်ဘက်ကို ထွက်လာတဲ့ အခြေအနေ တစ်ရပ်ပါ။ ဖြစ်လေ့ဖြစ်ထရှိသလို ပုံမှန်ဖြစ်ရပ်တစ်ခုလို့ပဲ များသောအားဖြင့် သတ်မှတ်လို့ ရပါတယ်။ များသောအားဖြင့်ကတော့ ကိုယ်လက်နှီးနှောပြီးချိန်နဲ့ လေ့ကျင့်ခန်းတွေ လုပ်ပြီးချိန်မှာ တွေ့ရများပြီး မီးယပ်ကျန်းမာရေးပြဿနာတစ်ရပ်တော့ မဟုတ်ပါဘူး။ 

ဘယ်လို လက္ခဏာတွေ ရှိမလဲ!

မိန်းမကိုယ်က လေထွက်တာက  သားအိမ်ခေါင်းတလျှောက်ကို လေကဖြတ်လာပြီး မိန်းမကိုယ်ကနေတဆင့် လေလည်သလို အသံနဲ့ လေတွေထွက်လာတာမျိုးပါ။ လေလည်တာနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒါပေမယ့် မိန်မကိုယ်က ထွက်တဲ့လေက လေလည်သလိုမျိုး နံတာမျိုး မရှိပါဘူး။

နာတာကျင်တာမျိုး ရှိလား!

မိန်းမကိုယ်က လေထွက်တာကြောင့် နာတာကျင်တာမျိုး မရှိပါဘူး။ တကယ်လို့ မွေးလမ်းကြောင်းနဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုခုကြားမှာ ကြွက်သားပျက်စီးမှုကြောင့် ဖြစ်တဲ့ အပေါက်ပေါက်နေတာမျိုး ဆိုရင်တော့ နာကျင်တာမျိုး ခံစားရနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးဆိုရင်တော့ ဆရာဝန်နဲ့ ပြသတာက အကောင်းဆုံး ဖြစ်မှာပါ။ 

မိန်းမကိုယ်ကနေ လေတွေ ဘာကြောင့်ထွက်နေရတာလဲ!

မွေးလမ်းကြောင်းထဲမှာ လေတွေ ပိတ်မိသွားစေနိုင်တဲ့ နည်းလမ်းတွေကတော့ အများကြီးပါ။ မွေးလမ်းကြောင်းဆိုတာက ကိုယ်တွင်းမှာရှိတဲ့ ကြွက်သားနဲ့ ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ ဒါကြောင့် ရာသီလာချိန်မှာ တမ်ပွန်သုံးတာကြောင့်ကနေစလို့ အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် မွေးလမ်းကြောင်းထဲမှာ လေဝင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလေတွေကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်တဲ့အခါ မိန်းမကိုယ်ကနေ လေလည်သလို လေတွေ ထွက်လာရတာပါ။ 

ဒီအခြေအနေကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ။ အတွေ့ရများတဲ့ အကြောင်းအရင်းတွေ ကတော့ – 

  • ကိုယ်လက်နှီးနှောတာ

ကိုယ်လက်နှီးနှောတာက မိန်းမကိုယ်ကနေ လေလည်စေတဲ့ အကြီးများဆုံးသော အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ထိုးသွင်းဆက်ဆံမှုလုပ်ဆောင်ခြင်းက မိန်းမကိုယ်ရဲ့ မွေးလမ်းကြောင်းထဲမှာ လေခိုသွားတာမျိုး ဖြစ်စေနိုင်ပါတယ်။ အချို့သော လိင်ဆက်ဆံမှု ပုံစံတွေကလည်း မွေးလမ်းကြောင်းထဲမှာ လေခိုတာမျိုး ဖြစ်စေနိုင်ပါတယ်။ 

  • တမ်ပွန် အသုံးပြုတာ

တမ်ပွန် အသုံးပြုတာ၊ ရာသီခံခွက် အသုံးပြုတာမျိုးတွေကလည်း မွေးလမ်းကြောင်းထဲ ထည့်သွင်းရတာမျိုး ဖြစ်တာကြောင့် လေခိုပြီး မိန်းမကိုယ်ကနေ လေထွက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ 

  • တင်ပဆုံကြွက်သား အားနည်းတာ

သွေးဆုံးခါနီးတာ၊ မီးဖွားထားတာနဲ့ အခြားခြားသော တင်ပဆုံကြွက်သားကို ထိခိုက်စေနိုင်တဲ့ အခြေအနေတွေကြောင့် တင်ပဆုံကြွက်သားအားနည်းပြီး မိန်းမကိုယ်ကနေ လေထွက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ 

  • မိန်းမကိုယ်စစ်ဆေးမှု ခံယူထားတာ

သားအိမ်ခေါင်းကင်ဆာ စစ်ဆေးတာလိုမျိုး မိန်းမကိုယ်အတွင်းကို စစ်ဆေးတဲ့ ကိရိယာတွေနဲ့ စစ်ဆေးရတဲ့ အခါမျိုးမှာလည်း မိန်းမကိုယ်က လေထွက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ 

  • ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်တာ

ယောဂလေ့ကျင့်တာ၊ တင်ပဆုံကြွက်သားတင်းရင်းစေမယ့် လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာ၊ အပြေးလေ့ကျင့် တာတွေက မွေးလမ်းကြောင်းထဲကို လေတွေဝင်ရောက်တာမျိုး ဖြစ်စေပြီး သားအိမ်ကနေ လေထွက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ 

  • မွေးလမ်းကြောင်း အပေါက်ဖြစ်တာ

မွေးလမ်းကြောင်းနဲ့ အစာခြေစနစ်၊ ဒါမှမဟုတ် ဆီးစွန့်ပြွန် ( ဆီးအိမ် နဲ့ အူတွေ) ကြားမှာ အပေါက်ဖြစ်နေတာ ကြောင့်လည်း မိန်းမကိုယ်က လေလည်နိုင်ပါတယ်။ များသောအားဖြင့်ကတော့ ခွဲစိတ်ကုသမှုတွေ၊ အခြားသော ရောဂါတစ်ခုခုကြောင့် ကြွက်သားမှာ အပေါက်ဖြစ်တာပါ။ မိန်းမကိုယ်က လေထွက်တာနဲ့အတူ မစင်တွေပါမယ်။ အနံ့တွေဆိုးမယ်။ တစ်ချိန်လုံး မွေးလမ်းကြောင်းကနေ မစင်တွေထွက်နေတာမျိုး ဖြစ်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုပါမယ်။

အချို့သော နေ့စဉ်လုပ်ဆောင်နေကျ အလေ့အထတစ်ခုခုကြောင့် အမှတ်တမဲ့ မွေးလမ်းကြောင်းထဲ လေဝင်တာက ထိခိုက်မှု မရှိပါဘူး။ ဒါပေမယ့် မွေးလမ်းကြောင်းထဲကို လေတွေဝင်အောင် လုပ်တာ၊ လေမှုတ်သွင်းတာမျိုးတွေကတော့ သွေးကြောတွေထဲမှာ လေတွေပိတ်မိစေတာမျိုးကို ဖြစ်စေနိုင်ပါတယ်။ 

ဘယ်လိုအခြေအနေဆို ကုသမှုခံယူဖို့ လိုမလဲ!

မိန်းမကိုယ်က လေထွက်တာနဲ့အတူ အောက်ပါ အခြေအနေတစ်ရပ်ရပ်ကို ခံစားနေရပြီဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။ 

  • ကိုယ်လက်နှီးနှောချိန်မှာ မိန်းမကိုယ်၊ သားအိမ်ခေါင်းနဲ့ မိန်းမကိုယ်နဲ့ စအိုကြား အရေပြားနေရာလေးက နာတာမျိုးဖြစ်မယ်
  • မိန်းမကိုယ်က အနံ့ဆိုးတွေ ထွက်နေမယ်
  • မကြာခဏဆိုသလို ဆီးလမ်းကြောင်း ပိုးဝင်မယ်
  • မိန်းမကိုယ်ကနေ ပြည်တွေ၊ မစင်တွေ ဆင်းနေမယ်ဆိုရင်တော့ လိုအပ်တဲ့ စစ်ဆေးကုသမှု ခံယူဖို့ အကြံပြုချင်ပါတယ်။ 

မိန်းမကိုယ်က လေထွက်တာက ပုံမှန်ဆိုရင် စက္ကန့်ပိုင်းလောက်ပဲ ကြာတတ်ပြီး နံတာမျိုး နာတာမျိုး မရှိပါဘူး။ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းပေမယ့် စိုးရိမ်စရာ မရှိပါဘူး။ ဒီလို မဖြစ်အောင် ကာကွယ်ထားလို့လည်း မရပါဘူး။ 

Lotoshinn ရဲ့ စကားလက်ဆောင်

မိန်းမကိုယ်ရဲ့  ရာသီသွေးဆင်းတဲ့နေရာကနေ လေလည်သလို လေတွေထွက်တာက ပုံမှန်အားဖြင့်ကတော့ ထိခိုက်မှု မရှိပါဘူး။ ကိုယ်လက်နှီးနှောမှုကြောင့် ဖြစ်နိုင်သလို လေ့ကျင်ွှခန်းလုပ်တာ ဒါမှမဟုတ် တင်ပဆုံကြွက်သား အားနည်းတာတွေကြောင့်လည်း မိန်းမကိုယ်က လေထွက်နိုင်ပါတယ်။ ဖြစ်တောင့်ဖြစ်ခဲအနေနဲ့ကတော့ မိန်းမကိုယ်နဲ့ အစာဟောင်းအိမ်ကြား ဒါမှမဟုတ် ကိုယ်တွင်းအင်္ဂါ တစ်ခုခုရဲ့ ကြားမှာ ပုံမှ်မဟုတ်တဲ့ အပေါက်လေး တစ်ခုဖြစ်နေတာကြောင့်လည်း မိန်းမကိုယ်ကနေ လေထွက်တာမျိုး ဖြစ်နိုင်ပါတယ်။ 

 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *