ရေဝဲ၊ သဲဝဲ ဘာကြောင့်ဖြစ်ရတာလဲ!

ရေဝဲ၊ သဲဝဲ ဘာကြောင့်ဖြစ်ရတာလဲ!
ရေဝဲ၊ သဲဝဲ ဘာကြောင့်ဖြစ်ရတာလဲ!

ရေဝဲ၊ သဲဝဲဖြစ်တာက အတော်လေးကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသလို မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ရေဝဲ၊ သဲဝဲ ဘာကြောင့် ဖြစ်ရတာလဲ။ ဘယ်လိုတွေအရာတွေကို သတိထားရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ရေဝဲ၊ သဲဝဲ ဆိုတာ ဘာများလဲ!

ရေဝဲနဲ့ သဲဝဲဆိုတာက အဖြစ်များတဲ့ အရေပြား ပိုးဝင်ကူးစက်မှုတစ်မျိုးပါ။ အရွယ်တိုင်းရော ကျား/ မ မရွေးမှာပါ ဖြစ်နိုင်ပါတယ်။ မှိုပိုး ကူးစက်တာကြောင့် ဖြစ်တဲ့ အရေပြားပြဿနာပါ။ မှောင်မိုက်စိုစွတ်တဲ့ ပတ်ဝန်းကျင်တွေ မှာ ပေါက်တဲ့မှိုပိုးကြောင့်ဖြစ်တာပါ။

အဆိုပါမှုပိုးတွေက ခန္ဓာကိုယ် အရေပြားအတွန့်အခေါက်တွေကြား၊ ပေါင်ခြံကြား၊ ခြေချောင်းကြားတွေမှာ အဖြစ်များပါတယ်။ ခြေဖဝါးမှာလည်း ဖြစ်နိုင်ပါတယ်။ ရေဝဲ၊ သဲဝံက အရမ်းပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပေမယ့် ဆီးချိုလိုမျိုး နာတာရှည် ရောဂါ တစ်ခုခု ရှိနေတာ၊ ကိုယ်ခံအားနည်းနေတာမျိုး ဖြစ်မယ်ဆိုရင်တော့ ကုသဖို့ ခက်ခဲတာမျိုး ဖြစ်နိုင်ပါတယ်။

ရေဝဲ၊ သဲဝဲ ဘာကြောင့်ဖြစ်ရတာလဲ!

ရေဝဲ၊ သဲဝဲ ဖြစ်ရတာက ခြေဝါးမှာ tinea fungus လို့ခေါ်တဲ့ မှိုပိုးကြောင့် ဖြစ်ရတာပါ။ ဒီမှိုပိုးရှိတဲ့ လူနဲ့ ထိတွေ့မိတာလည်း သဲဝဲ၊ ရေဝဲဖြစ်စေနိုင်ပါတယ်။ နောက်တစ်ခုကတော့ ရေဝဲ၊သဲဝဲဖြစ်စေတဲ့ မှိုပိုးတွေ ရှိနေတဲ့ မျက်နှာပြင်တွေကို ထိတွေ့မိတာကြောင့်ပါ။ အဆိုပါ မှိုပိုးတွေက ပူနွေးစိုထိုင်းတဲ့ ပတ်ဝန်းကျင်မှာပေါက်ရောက် ကြပါတယ်။ အဆိုပါ မှိုပိုးတွေကို ရေချိုးခန်း၊ ရေကူးကန်ဝန်းကျင်တဝိုက်မှာ ပေါက်ဖွားနိုင်ပါတယ်။ 

ဘယ်သူတွေမှာ ဖြစ်နိုင်ခြေများလဲ!

ရေဝဲ၊ သဲဝဲတွေက အချို့သော အခြေအနေတွေကြောင့် မကြာခဏဖြစ်တာမျိုး ကြုံရနိုင်ပါတယ်။ ဘယ်လို အခြေအနေတွေက ရေဝဲ၊ သဲဝဲကို ဖြစ်စေနိုင်လဲဆိုတော့ – 

  • စိုစွတ်တဲ့ ပတ်ဝန်းကျင်နဲ့ ထိတွေ့မှု များတဲ့သူတွေ

တစ်ချိန်လုံး ခြေထောက်တွေက ရေစိုနေတာ၊ စိုထိုင်းဆများတဲ့ နေရာတွေမှာ အမြဲလိုလို လှုပ်ရှားသွားလာ နေရသူတွေက သဲဝဲ၊ ရေဝဲတွေ ခံစားရနိုင်ခြေ များပါတယ်။ 

  • ဆီးချိုရောဂါ ရှိနေတဲ့သူတွေ

ဆီးချိုရောဂါရှိသူတွေက သွေးတွင်းသကြားဓာတ် တည်ငြိမ်မှု မရှိသလို ကိုယ်ခံအားလည်း မကောင်းတာကြောင့် ခြေထောက်မှိုပိုးဝင်တာကို ဖြစ်စေနိုင်ပြီး ရေဝဲ၊ သဲဝဲဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။ 

  • ကိုယ်ခံအားနည်းနေတဲ့သူတွေ

ကိုယ်ခံအားနည်းတာက ခန္ဓာကိုယ်ကို ပိုးဝင်ကူးစက်ခံရနိုင်ခြေ များသလို ခြေထောက်တွေမှာလည်း မှိုပိုးဝင်ရောက် ကူးစက်ခံရနိုင်ပါတယ်။

  • မိသားစုနဲ့ အတူနေတဲ့သူတွေမှာ သဲဝဲ၊ ရေဝဲရှိတဲ့သူတွေ

မိသားစုဝင်တစ်ဦးဦး ဒါမှမဟုတ် တစ်အိမ်တည်း အတူနေတဲ့သူမှာ သဲဝဲ၊ ရေဝဲရှိနေတာမျိုးဆိုရင်လည်း ရေဝဲ၊ သဲဝဲ ဖြစ်တာမျိုးခံစားရနိုင်ပါတယ်။ 

  • ခြေထောက်မှာ ကွဲရာ၊ ရှရာတွေရှိတဲ့သူတွေ

ခြေထောက်မှာ ကွဲရာ၊ ရှရာ ရှိမယ်။ မှိုပိုး ကူးစက်ခံရနိုင်တဲ့ ပတ်ဝန်းကျင်မှာ ထိတွေ့နေထိုင်တာမျိုး ရှိမယ်ဆိုရင်လည်း ကွဲရာ၊ ရှရာတွေကနေ မှိုပိုး ကူးစက်ခံရနိုင်ပြီး သဲဝဲ၊ ရေဝဲ ဖြစ်စေနိုင်ပါတယ်။

  • အသက်အရွယ် အရမ်းကြီးရင့်နေတဲ့သူတွေ

အသက်အရွယ်ရလာပြီဆိုရင် အရေပြားပေါ်က အတားအဆီးအလွှာလေးက အားနည်းလာပြီး အရေပြားက ထိခိုက်လွယ်တာ၊ အရေပြားခြောက်တာ၊ ပါးတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီအခြေအနေက အရေပြားကို အားနည်းစေပြီး မှိုပိုး အလွယ်တကူ ဝင်ရောက်ကူးစက်ခံရပြီး သဲဝဲ၊ ရေဝဲတွေ ဖြစ်စေနိုင်ပါတယ်။ 

  • ခြေဗလာနဲ့ သွားလာတတ်တဲ့သူတွေ

ခြေဗလာနဲ့ သွားလာနေတာက ခြေထောက်ကို အလွယ်တကူ ထိခိုက်စေနိုင်ပြီး မှိုပိုးဝင်ရောက် ကူးစက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ ခြေဗလာနဲ့ သွားလာနေတာကလည်း သဲဝဲ၊ ရေဝဲတွေကို ဖြစ်စေနိုင်ပါတယ်။

  • ဖိနပ်ကျပ်ကျပ်တွေ စီးတဲ့သူတွေ

ဖိနပ်တွေကို ခပ်ကျပ်ကျပ် စီးတာ ခြေထောက်နဲ့ ဖိနပ်ကြားမှာ နေရာလပ်မရှိအောင် တင်းကျပ်တဲ့ အနေအထားမျိုးနဲ့ ဖိနပ်ကို စီးတာကလည်း ခြေထောက်မှာ ထိခိုက်ပွန်းရှတာတွေ ဖြစ်စေပြီး မှိုပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။ 

  • ခြေထောက်မှာ ချွေးထွက်များတဲ့သူတွေ

ခြေထောက်မှာ ချွေးထွက်များတဲ့သူတွေမှာလည်း ခြေဖဝါးမှာ စိုထိုင်းဆများပြီး မှိုပိုးတွေ ပေါက်ဖွားစေပြီး ရေဝဲ၊ သဲဝဲဖြစ်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ 

  • ခြေအိတ်တွေ၊ ဖိနပ်တွေကို မျှဝေသုံးစွဲတဲ့သူတွေ

ခြေအိတ်တွေ၊ ဖိနပ်တွေကို အခြားသူတွေနဲ့ မျှပြီးသုံးတာ အထူးသဖြင့် မှိုပိုးရှိသူတွေနဲ့ ခြေထောက်မှာ ဝတ်ဆင် အသုံးပြုရတဲ့ အရာတွေကို မျှဝေသုံးစွဲတာကလည်း ရေဝဲ၊ သဲဝဲဖြစ်စေနိုင်ပါတယ်။

ဘယ်လိုလက္ခဏာတွေ ရှိနိုင်လဲ!

သဲဝဲ၊ ရေဝဲ ခံစားနေရပြီဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ 

  • ခြေချောင်းတွေကြားနဲ့ ခြေဖဝါးတို့မှာ ယားယံတာ၊ တဆစ်ဆစ်နဲ့ ဆူးသလိုလို ခံစားရတာ၊ ပူစပ်ပူလောင် နာကျင်တာမျိုးတွေ ခံစားရပါတယ်။ 
  • ခြေထောက်မှာ ယားယံတဲ့ ရေကြည်ဖုတွေ ပေါက်တာ
  • ခြေဖဝါးမှာ ကွဲတာ၊ အရေခွံတွေ လန်တာ
  • ခြေဖဝါးအောက်ဖက်နဲ့ ဘေးဖက်တွေမှာ အသားအတွေခြောက်တာ
  • ခြေဖဝါးမှာ အသားနီလန်တာ
  • ခြေသည်းတွေ အရောင်ပြောင်းတာ၊ ထူတာ၊ ကြွပ်ဆတ်လာတာ
  • ခြေသည်းပန်းကုံးတွေနဲ့ ခြေသည်းကြားမှာ ဟလာတာတွေ တွေ့ရနိုင်ပါတယ်။ 

နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်လဲ!

ရေဝဲ၊ သဲဝဲဖြစ်တဲ့အခါ နောက်ဆက်တွဲ အနေနဲ့ သိပ်မပြင်းထန်တဲ့ အခြေအနေမျိုးမှာဆိုရင် မှိုပိုးကြောင့် ခြေထောက် လက်စတာတွေမှာ ရေကြည်ဖုတွေ ဖြစ်တာ၊ အရှင်းမပျောက်ဘဲ ခဏခဏ ပြန်ဖြစ်တာမျိုး ဖြစ်ိနုင်ပါတယ်။

အရမ်းပြင်းထန်တဲ့ အခြေအနေမျိုးမှာ ဆိုရင် မှိုပိုးကြောင့် ဘက်တီးရီးယားကူးစက်မှုကို ဖြစ်စေပြီး ခြေထောက်တွေ ရောင်တာ၊ နာကျင်တာ၊ ပူတာမျိုးအပြင် ပြည်တည်တာ၊ အနာရည်တွေ ထွက်တာ၊ အဖျားတက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

နောက်ထပ်ဖြစ်နိုင်တာ တစ်ခုက ဘက်တီးရီးယားတွေက ပြန်ရည်စနစ်ထဲဝင်ရောက်သွားတာမျိုးပါ။ ဒီအခြေအနေက အရေပြားပိုးဝင်ကူးစက်တာမျိုး ဖြစ်နိုင်ခြေ များသွားစေပါတယ်။ 

ဘယ်လို ကာကွယ်လို့ရမလဲ!

ရေဝဲ၊ သဲဝဲ မဖြစ်အောင် ကာကွယ်ဖို့ဆိုရင်ဖြစ်ဖြစ် ထပ်ခါထပ်ခါ  ခံစားရတာမျိုး မဖြစ်စေဖို့ဆိုရင် ဖြစ်ဖြစ် အခုပြောပြတဲ့ နည်းလမ်းလေးတွေကို လိုက်နာဖို့ လိုပါမယ်။ 

  • ခြေထောက်တွေကို ခြောက်သွေ့သန့်ရှင်းအောင် ထားပါ
  • ဖိနပ်ကစလို့ ခြေထောက်မှာ အသုံးပြုရတဲ့ အရာတွေကို မျှဝေသုံးစွဲတာမျိုး မလုပ်ပါနဲ့
  • ချွေးစုပ်တဲ့ ဖိနပ်ဝတ်ပါ
  • လေဝင်လေထွက်ကောင်းတဲ့ ဖိနပ်မျိုးကို ရွေးချယ်ပါ
  • ခြေအိတ်ကို မကြာခဏ လဲလှယ်ပေးပါ
  • ခြေထောက်ကို နေရောင်နဲ့ ထိတွေ့စေပါ
  • ခြေဗလာနဲ့ သွားလာတာတွေ မလုပ်ပါနဲ့ (အထူးသဖြင့် အများသုံးနေရာတွေ)
  • ခြေသည်းတွေကို ပုံမှန် ညှပ်ပါ
  • ခြေထောက်သန့်ရှင်းရေး ဂရုစိုက်ပါ
  • ခြေထောက်လေးကို အမြဲ စစ်ဆေးပါ။ 

Lotoshinn ရဲ့ စကားလက်ဆောင်

ရေဝဲ၊ သဲဝဲ ဖြစ်တာက နေ့စဉ်ဘဝမှာ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သလို သေချာ ဂရုမစိုက်ဘူးဆိုရင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ဝေဒနာတွေကို ခံစားရနိုင်တာကြောင့် ခြေထောက်သန့်ရှင်းရေးကို သေချာ ဂရုစိုက်လို့ ကိုယ်ခံအားကိုလည်း အားဖြည့်ပေးဖို့ အကြံပြုလိုက်ပါရစေ။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *