Autism (အော်တစ်ဇင်)

Autism (အော်တစ်ဇင်)
Autism (အော်တစ်ဇင်)

Autism (အော်တစ်ဇင်) ဆိုတာက ကလေးရဲ့ ဦးနှောက် အလုပ်လုပ်ပုံက ပုံမှန်နဲ့မတူဘဲ ကွဲပြားနေတာပဲဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ လူမှုပေါင်းသင်းဆက်ဆံတဲ့နေရာတွေနဲ့ အချို့သော အပြုအမူတွေကို သူများနဲ့ မတူတဲ့နည်းလမ်းတွေနဲ့ ပြုမူလုပ်ဆောင်တာမျိုးပါ။ 

အော်တစ်စင်ရဲ့ အစပိုင်းလက္ခဏာတွေမှာ ဘာတွေပါနိုင်လဲဆိုတော့ မျက်လုံးချင်းဆုံတာမျိုး မလုပ်တာ၊ လုပ်ခဲတာ၊ ကိုယ်အမူအရာအားဖြင့် ထူးခြားနေတာ၊ လှုပ်ရှားမှု တစ်ခုခုကို ထပ်ခါထပ်ခါလုပ်တာ၊ စကားတစ်ခွန်းကို ထပ်တလဲလဲပြောတာမျိုးပါ။ အပြုမူပိုင်းဆိုင်ရာကုထုံးတွေနဲ့ အခြားသော ထောက်ပံ့မှုတွေက အော်တစ်ဇင်ကလေးငယ်တွေနဲ့ အော်တစ်ဇင်ခံစားနေရတဲ့ အရွယ်ရောက်ပြီးသူတွေကို သူတို့ အားသာတဲ့နေရာမှာ အကောင်းဆုံး စွမ်းဆောင်နိုင်စေဖို့နဲ့ အမျိုးမျိုးသော စိတ်ခေါ်မှုတွေကို ရင်ဆိုင်နိုင်စေဖို့ အများကြီး ထောက်ကူပေးနိုင်ပါတယ်။ 

Autism (အော်တစ်ဇင်) ဆိုတာ ဘာလဲ!

Autism (အော်တစ်ဇင်) ဆိုတာက အာရုံကြောဖွံ့ဖြိုးမှုဆိုင်ရာရောဂါတစ်ပဲဖြစ်ပါတယ်။ အော်တစ်ဇင်က Pervasive Developmental Disorders (PDD) လို့ခေါ်တဲ့ အာရုံကြောဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ 

မြင်သာတဲ့ လက္ခဏာတွေအနေနဲ့  လူမှုဆက်ဆံရေး အားနည်းတာ၊ လူမှုဆက်ဆံရေးနဲ့ အပြုအမူမျပိုင်းဆိုင်ရာမှာ ဖွံ့ဖြိုးမှု ချို့ယွင်းတဲ့ လက္ခဏာမျိုးတွေ ရှိနေတတ်ပါတယ်။ အော်တစ်ဇင်ကို ခံစားနေရသူတွေက ပုံသေ အမူအကျင့်တွေ ရှိတတ်သလို အပြုအမူ တစ်ခုခုကို ထပ်တလဲလဲ လုပ်ဆောင်နေတာမျိုးတွေလည်း ရှိနေတတ်ပါတယ်။ ကလေးဘဝ အသက် ၁ နှစ်ဝန်းကျင်လောက်မှာကတည်းက လက္ခဏာတွေ စပြတတ်သလို အသက် ၂ နှစ် ကနေ ၃ နှစ်ဝန်းကျင်ရောက်လာမှာ လက္ခဏာ ပြတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ယောက်ျားလေးတွေမှာ အော်တစ်ဇင် ခံစားရနိုင်ခြေက မိန်းကလေးတွေမှာ ခံစားရနိုင်ခြေထက် ၅ ဆလောက်ပိုများနေပါတယ်။ 

အော်တစ်ဇင်ရောဂါက အပျော့စား ကနေ အပြင်းစားအထိ အဆင့်အမျိုးမျိုးရှိနိုင်ပါတယ်။ အရမ်းပြင်းထန်တဲ့သူတွေမှာ ဉာဏ်ရည်ဉာဏ်သွေးပိုင်းဆိုင်ရာ ပြဿနာတွေကို ခံစားရနိုင်ပေမယ့် သိပ်မပြင်းထန်သူတွေမှာတော့ အထီးကျန်တာလိုမျိုး ပြဿနာလောက်ကိုပဲ ခံစားကြရပါတယ်။ 

အော်တစ်ဇင်ရောဂါကို ကုသနည်း မရှိပေမယ့် ကုသမှုကို စောစောခံယူနိုင်မယ် မူကြိုအရွယ်လောက်မှာကတည်း က ကုသမှုကို ရရှိမယ်ဆိုရင် ကလေးက ဘဝတလျှောက်မှာ ကောင်းမွန်တဲ့ တိုးတက်မှုတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ 

ဘယ်လိုလက္ခဏာတွေ တွေ့ရနိုင်လဲ!

ကလေးတစ်ယောက်က အသက်အရွယ်ရလာချိန်မှာ စကားတွေပြောတာ၊ လူတွေနဲ့ ဆက်ဆံရေးတွေ တည်ဆောက်တာမျိုးကိုလုပ်တတ်ကြပါတယ်။ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ လူမှုဆက်ဆံရေးကို တည်ဆောက်ကြပါတယ်။ ဒါပေမယ့် ကလေးက အော်တစ်ဇင်ရောဂါကို ခံစားနေရမယ်ဆိုရင်တော့ အသက်အရွယ်အလိုက် အခုလို လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ 

လမ်းလျှောက်တတ်စ အရွယ်

  • ညွှန်ပြတာတွေကို လိုက်မကြည့်တာ၊ စိုက်ကြည့်တာမျိုး မလုပ်တာ
  • နာမည်ခေါ်တာကို မတုံ့ပြန်တာ
  • အလှည့်ကျကစားရတဲ့ ဂိမ်းတွေကို ကစားဖို့ စိတ်မဝင်စားတာ
  • သူတို့တွေ့ရှိ သိရှိတာတွေကို မျှဝေဖို့မကြိုးစားတာ
  • အရမ်းအလှမ်းဝေးလွန်းတဲ့ အရာတွေကိုပဲ ကြည့်နေတာ
  • သူတို့လိုချင်တာကို ကောက်ယူဖို့ သင့်လက်တွေကို ကိရိယာတစ်ခုလို သုံးတာ
  • တစ်ယောက်တည်း ကစားတာမျိုးကို နှစ်သက်တာ
  • စကားမေး စကားဖြေမရတာ
  • အကြောင်းအရာတစ်ခုရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေးကိုပဲ ပြောပြနိုင်တာ
  • စကားပြောဖို့ စိတ်မဝင်စားတာ
  • သူတို့ရဲ့ ခံစားချက်ကို ဖော်ပြဖို့ အခက်အခဲရှိတာ၊ သူတို့ ဘယ်လိုခံစားနေရသလဲဆိုတာကို ကိုယ်တိုင်လည်း သေချာမသိတာ
  • ကိုယ်အမူအရာပြသဖို့နဲ့ အခြားသူတွေရဲ့ ကိုယ်အမူအရာတွေကို နားလည်ဖို့ ခက်ခဲတာ ှုပမာ – တစ်ယောက်ယောက်က စကားပြောနေချိန်မှာ မျက်နှာလွှဲပစ်တာမျိုး
  • စကားသံကို တစ်တန်းတည်း ခပ်တိုးတိုး ပြောနေတာ
  • လူမှုပေါင်းသင်းဆက်ဆံရေးမှာ အရိပ်အကဲ နားမလည်တာမျိုးတွေ တွေ့ရနိုင်ပါတယ်။ 

ဆယ်ကျော်သက်အရွယ်

  • အခြားသူတွေပြောတဲ့ အကြောင်းအရာကို နားလည်ဖို့ခက်တာ
  • အခြားသူတွေကို စကားစပြောဖို့ခက်တာ
  • မျက်လုံးချင်း ခဏလောက်ပဲ ဆုံတာ၊ လုံးဝမျက်လုံးချင်း မဆုံတာ
  • စကားပြောချိန်မှာ ကိုယ်အမူအရာတွေကို ထည့်သွင်းလုပ်ဆောင်ဖို့ ခက်တာ
  • ရွယ်တူတွေနဲ့ ခင်မင်ရင်းနှီးဖို့ ခက်တာ
  • အချို့သော လူမှုဓလေ့ထုံးတမ်းတွေကို မသိတာ ဥပမာ- နှုတ်ဆက်တာ၊ တခြားသူကို အနှောင့်အယှက်ဖြစ်စေမယ့် အပြုအမူတွေကို မလုပ်ရဘူးဆိုတာမျိုးတွေ
  • အခြားသူတွေနဲ့ ခပ်တန်းတန်းနေတာမျိုးတွေကို တွေ့ရနိုင်ပါတယ်။

အပြုအမူအနေနဲ့ဆိုရင်တော့ အော်တစ်ဇင် ခံစားနေရတဲ့ ကလေးငယ်တွေအနေနဲ့ အခုလို အမူအရာလေးတွေကို လုပ်ဆောင်တာမျိုး တွေ့ရနိုင်ပါတယ်။ 

လမ်းလျှောက်တတ်စအရွယ်

  • စကားလုံး၊ စကားစု တစ်ခုခုကို ထပ်ခါတလဲလဲ ပြောတာ
  • အပြုအမူတစ်ခုခုကို ထပ်ခါ ထပ်ခါ လုပ်တာ (ဥပမာ- လက်ခုပ်တွေ တစ်ချိန်လုံးတီးနေတာမျိုး)
  • သူတို့ လုပ်နေကျအတိုင်းမဟုတ်ဘဲ တစ်ခုလောက် ပြောင်းလိုက်ရင်ကို တော်တော် အဆင်မပြေဖြစ်တာ
  • အရုပ်လေးတွေ ပစ္စည်းလေးတွေကို အစီအစဉ်အတိုင်းစီရင်း တစ်ခုမှ အလွဲမခံတာ
  • အချို့သော အစားအစာတွေကို လုံးဝမစားတာ
  • အရေပြားနဲ့ ထိတွေ့ရတဲ့ အဝတ်အစားတွေကိုလည်း ပိတ်စကို ရွေးလွန်းတာ
  • အရာဝတ္ထုတစ်ခုခုအပေါ်မှာ အရမ်းအာရုံဝင်စားနေတာမျိုးတွေပါ။

ဆယ်ကျော်သက်အရွယ်

  • စာအုပ်တွေ၊ ရုပ်ရှင်တွေ၊ တီဗွီအစီအစဉ်တွေမှာ ပါတဲ့ စကားလုံးတွေကို ခဏခဏ ပြန်ပြောတာ
  • အလုပ်တစ်ခုကနေ တစ်ခုကို ပြောင်းလုပ်ဖို့ ခက်ခဲတာ
  • လုပ်နေကျ၊ ရင်းနှီးပြီးသား အခြေအနေအတိုင်းပဲ လုပ်ဖို့ စိတ်အားထက်သန်တာ
  • အချို့သော အကြောင်းအရာတွေကိုပဲ စိတ်ရောကိုယ်ပါနှစ်ပြီး အာရုံစိုက်ထားတာ
  • သူတို့ကိုယ်သူတို့နာကျင်အောင်လုပ်တာ
  • ခြေဖျားထောက်ပြီး လမ်းလျှောက်တာ
  • အလင်း၊ အသံနဲ့ အထိအတွေ့အချို့ကို sensitive ဖြစ်တာမျိုးတွေ အနေနဲ့ တွေ့ရနိုင်ပါတယ်။ 

သားသားမီးမီးတို့ရဲ့ စိတ်ခံစားမှုဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံရမှုကို သိရှိနားလည်ခြင်း

အော်တစ်ဇင်ဖြစ်ရတဲ့ အကြောင်းအရင်းများ

အော်တစ်ဇင်ဖြစ်ရတဲ့ အကြောင်းအရင်းကို တစ်ခုတည်း တိတိကျကျ အဖြေမထုတ်နိုင်ပေမယ့် အကြမ်းဖျင်းအားဖြင့် မျိုးဗီဇနဲ့ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ဖြစ်ရတာလို့ ကောက်ချက်ချလို့ ရပါတယ်။ ဒီအချက်အလက်တွေ ပေါင်းစည်းလိုက်ချိန်မှာ  ဦးနှောက်ရဲ့ ပြုမူမှုကို ပုံမှန်အခြေအနေကနေ ကွဲထွက်သွားစေပြီး အော်တစ်ဇင်လက္ခဏာတွေကို ခံစားရစေတာပါ။ 

အော်တစ်ဇင် ခံစားရစေနိုင်တဲ့ အကြောင်းရင်းခံတွေကတော့ – 

  • မိခင်က ကိုယ်ဝန်ဆောင်ချိန်မှာ အသက် ၃၅ နှစ်ကျော်နေတာ
  • ကလေးတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ၁ နှစ်တောင်မခြားဘဲ ကိုယ်ဝန်ဆောင်တာ
  • ကိုယ်ဝန်ဆောင်ဆီးချို ခံစားနေရတာ
  • ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းတာ
  • ကိုယ်ဝန်ဆောင်ချိန်မှာ (အတက်ရောဂါသောက်ဆေး) လိုမျိုး ဆေးတွေ သောက်သုံးရတာ
  • မိခင်သားအိမ်ထဲမှာ ကြီးထွားမှုဆိုင်ရာ အဟန့်အတားဖြစ်ပြီး သန္ဓေသားက ပုံမှန်ရှိရမယ့် အရွယ်အစားထက် သေးငယ်နေတာ
  • ကိုယ်ဝန်ဆောင်ထားချိန်နဲ့ မီးဖွားချိန်မှာ ကလေးက အောက်ဆီဂျင်ပြတ်လပ်မှုကို ခံစားရဖူးတာ
  • လမစေ့ဘဲ မွေးဖွားတာ
  • ယောက်ျားလေး ဖြစ်နေတာ
  • မျိုးရိုးရှိတာ
  • လေထုညစ်ညမ်းတာမျိုးတွေပါ။ 

ဒီအခြေအနေတွေက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ပြောင်းလဲစေပြီး ကလေးတွေမှာ အော်တစ်ဇင် ခံစားရတာမျိုးတွေ ဖြစ်လာစေတာပါ။

နောက်ဆက်တွဲ ဘာတွေဖြစ်မလဲ!

အော်တစ်ဇင် ခံစားရသူတွေမှာ လူမှုပေါင်းသင်းဆက်ဆံရေး ခက်ခဲကြသလို နေ့စဉ်ဘဝရဲ့ လုပ်ငန်းဆောင်တာ တွေကို ကောင်းကောင်း လုပ်ဆောင်နိုင်ဖို့လည်း ခက်ခဲပါတယ်။ ဒီအခြေအနေက နောက်ဆက်တွဲအနေနဲ့ 

  • ကျောင်းစာနဲ့ အခြားသော ဘာသာရပ်တွေကို သင်ကြားဖို့ ခက်တာ
  • အလုပ်ရဖို့ ခက်တာ
  • သူတို့ဘာသာရပ်တည်နေထိုင်နိုင်ဖို့ ခက်ခဲတာ
  • မိသားစုတွေအကြားမှာ စိတ်ဖိစီးမှု များတာ
  • တစ်ဦးတည်းသီးသန့်ဖြစ်နေတာ (အထီးကျန်တာ)
  • အခြားသူတွေရဲ့ အနိုင်ကျင့်တာကို ခံရတာပါပဲ။ 

ဘယ်လိုကာကွယ်ကြမလဲ!

အော်တစ်ဇင်ကို ကာကွယ်နိုင်မယ့် နည်းလမ်း မရှိသေးပါဘူး။ ဒါပေမယ့် လေ့လာချက်တွေအရ သိရတာက ကိုယ်ဝန်ဆောင်မဆောင်ခင်နဲ့ ကိုယ်ဝန်ဆောင်နေချိန်မှာ ဖောလစ်အက်ဆစ် အပါအဝင် ဘေဘီလေးကို အော်ဆစ်ဇင်လက္ခဏာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်တဲ့ ဖြည့်စွက်ဗီတာမင်တွေကို သောက်သုံးတာက အော်တစ်ဇင်ဖြစ်နိုင်ခြေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်တယ် ဆိုတာပါ။ 

အော်တစ်ဇင် ခံစားနေရသူတွေရဲ့ အားသာချက်က ဘာဖြစ်မလဲ!

အော်တစ်ဇင်ခံစားနေရသူတွေရဲ့ တစ်ယောက်ချင်းစီမှာ တွေ့ရနိုင်တဲ့ အားသာချက်တွေကတော့ မတူနိုင်ပါဘူး။

  • သေချာ ထိမ်းသိမ်းလမ်းညွှန်မှု ရမယ်ဆိုရင် အခြေအနေတစ်ရပ်ရပ်ကို အကောင်းဆုံး လုပ်ဆောင်နိုင်တာ
  • သူတို့ကိုယ် သူတို့ အရှိအတိုင်း၊ရိုးရိုးရှင်းရှင်း ဖော်ပြနိုင်တာ
  • တစ်ခုခုကို အာရုံစူးစိုက်လုပ်ဆောင်နိုင်တာ
  • လူအမျိုးမျိုး အသက်အပိုင်းအခြား အမျိုးမျိုးနဲ့ ပေါင်းသင်းဆက်ဆံလို့ ရတာလိုမျိုး အားသာချက်တွေလည်း ရှိနေပါတယ်။

Lotoshinn ရဲ့ စကားလက်ဆောင်

အော်တစ်ဇင်ဖြစ်ရတဲ့ အကြောင်းအရင်းတိတိကျကျကို အဖြေမထုတ်နိုင်ဘူးဆိုပေမယ့် မျိုးရိုး၊ သဘာဝပတ်ဝန်းကျင် အခြေအနေ၊ ဓာတုပစ္စည်း ထိတွေ့မှုတွေကြောင့် ဖြစ်ရတာဆိုပေမယ့် စောစောသိပြီး စောစောကုသမှု ခံယူနိုင်မယ်ဆိုရင် ကလေးတွေရဲ့ သူမတူဘဲ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ထုတ်ပေးနိုင်မှာပါ။ တကယ်လို့ ကလေးရဲ့ တိုးတက်မှု အခြေအနေက ပုံမှန် မဟုတ်တာမျိုး တစ်ခုခု တွေ့ရမယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် တတ်သိနားလည်သူတစ်ဦးဦးနဲ့ ပြသဖို့ အကြံပြုလိုက်ပါရစေ။ 

 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *