ဆီးချိုရှိတယ်နော် အချိုတွေ အများကြီး မစားနဲ့ သွေးချိုတက်လိမ့်မယ်ဆိုတာကို ဆီးချိုရောဂါ ရှိသူတွေရဲ့ မိသားစုဝင်တွေက ဆီးချိုရှိသူကို သတိထားရန် မှာတတ်ကြတာကို ခဏခဏ ကြားဖူးကြမယ် ထင်ပါတယ်။ ဒီလိုဆိုရင် မေးစရာရှိနိုင်တာက ဆီးချိုရှိတယ်ဆိုရင် အချိုရှောင်လိုက်တာနဲ့ သွေးချိုကို ထိန်းနိုင်ရောလား ဆိုတာပါ။ ဒီအကြောင်းလေးကို သိရှိသတိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
အချိုရှောင်ရုံနဲ့ သွေးချိုက ကျရောလား!
ဆီးချိုရှိသူတွေမှာ သွေးတွင်းသကြားဓာတ်အပေါ်ကို အစားအသောက်က အဓိကသက်ရောက်မှု ရှိနေတယ် ဆိုတာကတော့ ထွေထွေထူးထူး ပြောစရာမလိုပါ။ ဒါကြောင့်လည်း ဆီးချိုရောဂါ ရှိနေတယ်ဆိုရင် အစားအသောက်ကို ဂရုစိုက်ကြဖို့ မှာကြတာပေါ့။
အစားအသောက်ဆိုတဲ့နေရာမှာလည်း အဓိက အချိုကိုရှောင်ခိုင်းကြတာ များပါတယ်။ ဆီးချိုရှိမယ်ဆိုရင် ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့အတွက် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ စေးကပ်မှုကင်းတဲ့ အသီးအရွက်တွေ၊ နှံစားသီးနှံတွေ၊ အဆီနည်းတဲ့ ပရိုတင်းတွေ၊ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေလိုမျိုး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။
ကစီဓာတ်များတဲ့ အစားအစာတွေနဲ့ သကြားတွေ၊ သန့်စင်ထားတဲ့ နှံစားသီးနှံတွေကို အခြေခံပြီး ထုတ်ထားတဲ့ အစားအစာတွေကိုတော့ အနည်းအကျဉ်းပဲ စားသင့်ပါတယ်။
တကယ်ကတော့ အချိုရည်တွေ၊ သကြား၊ နို့ဆီနဲ့ အချိုပါတဲ့ အစားအစာတွေကမှ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတာမျိုး မဟုတ်ဘဲ ကစီဓာတ်များတဲ့ အစားအစာတွေ ကောက်ညှင်း၊ သန့်စင်ထားတဲ့ ဆန်၊ ပေါင်မုန့်ဖြူ၊ ကိတ်မုန့်တို့လိုမျိုး ဂျုံကို သန့်စင်ပြီး လုပ်ထားတဲ့ အစားအစာတွေ၊ စေးကပ်တဲ့ အသီးအနှံတွေကို ရှောင်ဖို့ လိုပါမယ်။ လက်ဖက်ရည်၊ ကော်ဖီတွေကိုမှ အသင့်ဖျော်ထုပ်တွေကို ရှောင်သင့်ပါတယ်။
ဒါတွေအပြင် သကြားလုံး၊ ကွတ်ကီးနဲ့ အချိုစွက်ထားတဲ့ စီရီယယ်တွေ၊ အဆီပြည့် နို့တွေ၊ ဒိန်ချဉ်နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ဖို့လိုပါမယ်။ သစ်သီးဖျော်ရည်၊ အားဖြည့်အချိုရည်တွေနဲ့ sports drinks တွေကိုလည်း ရှောင်ဖို့ လိုပါမယ်။ ပြည့်ဝဆီပါဝင်နေတဲ့ စားစရာတွေကို ရှောင်ဖို့လိုသလို ပြုပြင်ထားတဲ့ အသင့်စား အစားအစာတွေကိုလည်း ရှောင်ဖို့ လိုပါမယ်။
ဆားများတဲ့ အစားအစာတွေ၊ အငန်ကဲတာတွေကိုလည်း ရှောင်ဖို့ လိုပါမယ်။ အရက် သောက်တတ်မယ် ဆိုရင်လည်း ရှောင်ဖို့လိုပါမယ်။
နေ့စဉ်စားသောက်မှုမှာ သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှု ရှိနိုင်တာက အချိုတစ်မျိုးတည်း မဟုတ်ဘဲ ပြည့်ဝဆီ၊ ဆိုဒီယမ်၊ ကစီဓာတ်တွေကပါ သက်ရောက်နိုင်တာပါ။ အမျှင်ဓာတ် မလုံလောက်တာ၊ ရေဓာတ် မလုံလောက်တာတွေကြောင့်လည်း သွေးတွင်းသကြားဓာတ်က မြင့်တက်နိုင်ပါသေးတယ်။
ဆီးချိုရှိရင် ကျန်းမာစေဖို့ ဘယ်လို စားသောက်နေထိုင်ရမလဲ!
ဆီးချိုရှိမယ်ဆိုရင် ကျန်းမာစေဖို့ ရေများများ သောက်ဖို့ လိုသလို အမျှင်ဓာတ် ကြွယ်ဝတဲ့ အသီးအနှံတွေကို စားပေးတာ၊ ဆန်လုံးညို၊ ဂျုံကြမ်းပေါင်မုန့်၊ မပြည့်ဝဆီ၊ အဆီနည်းတဲ့ အသား၊ ကြက်သား (အရေခွံ မပါတာ)၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးတို့ကို စားပေးတာ၊ ရေနွေးကြမ်းသောက်တာ၊ အဆီထုတ်နို့နဲ့ အသင့်ဖျော်မဟုတ်တဲ့ ကော်ဖီ၊ လက်ဖက်ရည်တွေကို သောက်ပေးလို့ ရပါတယ်။
ညတိုင်းမှာ အိပ်ရေးဝဝအိပ်ပြီး နေ့တိုင်းမှာ နာရီဝက်ထက်မနည်း ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ၊ စိတ်ဖိစီးမှုတွေကို လျှော့ချတာမျိုးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။ ဒါတွေအပြင် ဆေးပုံမှန်သောက်တာ၊ လိုအပ်တဲ့ စစ်ဆေးကုသမှုတွေကို ခံယူတာမျိုးတွေ လုပ်ဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ဆီးချိုက အချိုစားလို့ ဖြစ်တာမဟုတ်သလို ဆီးချိုရှိနေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ ဆိုပြီး အချိုတစ်ခုတည်းကိုပဲ လျှော့စားရုံနဲ့ လုံလောက်မယ်လို့ မဆိုနိုင်ပါဘူး။ နေ့စဉ်တိုင်းမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေမယ့် အလေ့အထတွေကို လိုက်နာရင်း အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသုံးမှု ပုံစံကို လိုက်နာဖို့လည်း လိုပါမယ်။ ဆေးကို ပုံမှန်သောက်တာ၊ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်တာမျိုးတွေ ကိုလည်း သေချာလေး လုပ်ဆောင်ကြဖို့ လိုပါမယ်လို့ အကြံပြုလိုက်ပါရစေ။




