အွန်လိုင်းပေါ်မှာ ခြေများနေတဲ့ ဖုန်းနံပါတ်အပူးအလှတွေ

“အဲဒီ ၀၉၉၇၇၇၇×××× SIM Card လေးကို ၉၀၀၀ နဲ့ရမလား။ ၉၀၀၀နဲ့ ရရင်ယူမယ်။” Chat Box မှ တဆင့်ပြောကြားလိုက်သည့် အမျိုးသမီးငယ်၏ စကားစုကြောင့် တစ်ဖက်က စဉ်းစားနေဟန် တူသည်။

တစ်ခဏအကြာတွင် တစ်ဖက်က ပုဂ္ဂိုလ်က ၁၀၀၀ ကျပ် လျော့ပေးမည်ဖြစ်ကြောင်းနှင့် Delivery Charge ကို ဝယ်ယူသူဘက်က ပေးဆောင်ရမည်ဖြစ်ကြာင်း အကြောင်းပြန်လိုက်ရာ အရောင်းအဝယ် တည့်သွားလေသည်။

ဤသည်မှာ ပြည်တွင်းတွင် ခေတ်စားနေသော မိုဘိုင်းဖုန်း နံပါတ် အပူးအလှအရောင်းအဝယ်များထဲမှ ဖြစ်ရပ်တစ်ခုမျှသာဖြစ်သည်။ မိုဘိုင်းဖုန်းများ တစ်ခေတ်ဆန်းလာသောအချိန်တွင် လူအများကြား အမျိုုးမျိုးသော မိုဘိုင်းနှင့် သက်ဆိုင်သည့် ရောဂါများ စွဲကပ်လာကြသည်။ တစ်ချို့က ဖုန်းလှလှကိုင်ချင်ကြသည်။ တစ်ချို့က မျက်နှာပြင်ကျယ်ကျယ်ဖုန်းများကိုင်ချင်ကြပြန်သည်။

သို့သော် တစ်ချို့တစ်ချို့သော လူများကမူထူးခြားသည်။ တယ်လီဖုန်းနံပါတ် အပူးအလှများကိုမှ ထူးထူးခြားခြား လိုချင်ကြပြန်သည်။ အကြောင်းအရင်းမှာမူ အမျိုးမျိုးရှိကြသည်။

“တစ်ချို့တွေပိုက်ဆံရှိတော့ တန်ဖိုးကြီးကြီးပေးဝယ်ရလို့ ဂုဏ်ရှိတယ်လု့ိ ထင်ကြတယ်။ တစ်ချို့လုပ်ငန်းတွေဘာတွေကျတော့လည်း မှတ်ရလွယ်လို့ပေ့ါလေ။ တစ်ချို့ကျတော့ မွေးနေ့တို့ ဘာတို့လို အမှတ်တရနေ့ရက်တွေနဲ့ တိုက်ဆိုင်ဝယ်တာတွေလည်းရှိတယ်။ တစ်ချို့ကျတော့ အဲဒီလိုဟာမျိုးကို ရူးရူးမူးမူးကြိုက်လို့ ဝယ်ကြတာလည်းရှိတယ်။ ကံကောင်းစေတယ်လို့ ယုံတဲ့လူတွေလည်းရှိတယ်” ဟု လက်ရှိ နံပါတ်အလှဖုန်းကတ်များရောင်းချနေသည့် Yes Mobile မှ ကိုသီဟစောကဆိုသည်။

ဟိုယခင် မိုဘိုင်းဖုန်းများ မပေါများခင်ကတည်းက ယခုကဲ့သို့ အလှနံပါတ်များကို ဈေးကြီးပေးဝယ်ယူလေ့ရှိသော်လည်း ထိုစဉ်က ငွေကြေးကြွယ်ဝသူများနှင့် စီးပွားရေးလုပ်ငန်းမျာကသာ ဝယ်ယူကြလေ့ရှိပြီး လက်ရှိ လူငယ်များအကြားတွင် ယင်းသို့ ဝယ်ယူမှုများပို ခေတ်စားသည်ဟု ၎င်းက ဆိုသည်။

သမိုင်းထဲက အပူးအလှ

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းများပေါများစွာ မရရှိနိုင်သေးသည့် ကာလများကပင် ကြိုးဖုန်းများနှင့် သိန်းဆယ်ဂဏန်းတန် GSM ဖုန်းလိုင်းများမှ ထူးထူးခြားခြားနံပါတ်များကို ဈေးနှုန်းမြင့်မြင့်မားမားဖြင့် ဝယ်ယူကြမှုများရှိခဲ့ကြသည်။

“အရင်ကဆို လိုင်းဖုန်းတွေဆိုလည်း နံပါတ်ကောင်းကောင်းရချင်ကြတာမျိုးရှိတယ်။ အဲဒါမျိုးဆို ဈေးပိုပေးရတယ်။ အဲဒီတုန်းကတော့ ဖုန်းလိုင်းဆင်ပေးမယ့် ဆက်သွယ်ရေးရုံးနဲ့ နံပါတ်ရအောင်လုပ်ပေးမယ့် ဝန်ထမ်းပွဲစားကိုပေါ့လေ။” ဟု ထိုစဉ်က ယင်းကဲ့သို့ ပွဲစားအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်း ဒေါ်တင်တင်ဝင်းကဆိုသည်။

ယင်းသို့ရောင်းချခြင်းများကြောင့် အဆက်အသွယ်ကောင်းသော တစ်ချို့အရာရှိများက စိတ်ကြိုက်နံပါတ်များကို သီးခြားဖယ်ထုတ်ထားကာ အဆက်အသွယ်များမှတဆင့် လုပ်ငန်းရှင်ကြီးများနှင့် အရာရှိကြီးများထံ ရောင်းချခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သူမကဆိုသည်။

GSM ဖုန်းများ ပေါ်လာသည့်အခါ အခြေအနတွေက ပိုမိုဆိုးရွားကနု်ကြသည်။ ဖုန်းတစ်လုံး သိန်း ၃၀ ခန့် ပေါက်သည့် ခေတ်တင် စိတ်ကြိုက်နံပါတ်လှလှတစ်ခုအတွက် သိန်း ၁၀၀ ဆိုလည်းပေးမည့်သူတွေမနည်းဟု ဒေါ်တင်တင်ဝင်းကဆိုသည်။

ယင်းနောက် အစိုးရသစ်လက်ထက် ဆက်သွယ်ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီးနောက် ၅ သိန်း၊ ၂ သိန်း စသဖြင့် တန်ဖိုးကျဆင်းလာသော GSM နှင့် CDMA ဖုန်းများသည်လည်း ယင်းကဲ့သို့ နံပါတ်အပူးအလှ အမဲလိုက်ပွဲများတွင် ပါဝင်ခဲ့ကြရသည်။

“ကျွန်မ ဖုန်းနံပါတ်က ၂ သိန်းခေတ်တုန်းက လျှောက်ရင်းရထားတဲ့ ဖုန်းနံပါတ်။ ကံကကောင်းချင်တော့ နံပါတ်က နောက်ဆုံး ၅ လုံးက ပူးနေတယ်။ အဲဒီဖုန်းနံပါတ်ကို လိုချင်လို့ ဝယ်ဖို့ လာကမ်းလှမ်းတဲ့ လူတွေ ခုချိန်အထိ ရှိနေတုန်းပဲ။ SIM Card တစ်ကတ် ၁၅၀၀ ခေတ်မှာတောင် ၂သိန်း၊ ၃ သိန်း ပေးမယ်ပြောတဲ့ လူတွေ အများကြီးပဲ။” ဟု ၀၉၄၂ နှင့်စသည့် နံပါတ်အလှဖုန်းနံပါတ်တစ်ခုပိုင်ရှင် မသူဇာချိုကဆိုသည်။

ထို့နောက် ၂၀၁၃ ခုနှစ် ပတ်ဝန်းကျင်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြင်ပတွင် နံပါတ်အပူးအလှများကို ကိုယ်တိုင် ရန်ကုန်နှင့် မန္တလေးတွင် လေလံတင်ရောင်းချခဲ့သည်။ ပြင်ပတွင် ဈေးနှုန်းများဖောင်းပွနေပြီး တရားဝင်ဖြစ်စေရန်ဟု ထိုစဉ်က ကြေညာခဲ့လေသည်။

ထိုစဉ်က အမြင့်ဆုံးဈးပေါက်သော ဖုန်းနံပါတ်မှာ ကျပ် သိန်း ၅၀ ပတ်ဝန်းကျင်အထိ ဈေးနှုန်းရှိခဲ့သည်။ ထို့အပြင် ကျပ် သိန်းဆယ်ဂဏန်းဖြင့် အရောင်းအဝယ်ဖြစ်သွားသည့် ဖုန်းနံပါတ်ပေါင်းများစွာလည်း အဆိုပါလေလံတွင် ပါဝင်ခဲ့သည်။ သို့သော်လည်း ယင်းလေလံပွဲတွင် လာရောက်ဝယ်ယူသွားကြသူများမှာ ပွဲစားအများစု ဖြစ်ကြပြီး ပြင်ပဈေးကွက်တွင် ပိုမိုများပြားသည့် ဈေးနှုန်းများဖြင့် ပြန်လည်ရောင်းချခဲ့ကြလေသည်။

အွန်လိုင်းပေါ်မှာ အလုပ်ဖြစ်နေတဲ့ အလှနံပါတ်တွေ

ယနေ့ခေတ်တွင်တော့ အပြောင်းအလဲတစ်ချို့ရှိလာပြီဖြစ်သည်။ ယခင်က မိုဘိုင်းဖုန်း SIM Card များ ဈေးနှုန်းမြင့်မားမှုကြောင့် လူတိုင်းလက်လှမ်းမမှီခဲ့ကြသော်လည်း ယခုအခါ SIM Card ဈေးနှုန်းများ ကျဆင်းလာခြင်းနှင့်အတူ အပူးအလှဂဏန်များ၏ တန်ဖိုးများမှာလည်း အတန်ငယ်ကျဆင်းလာသည်။ ထို့အပြင် ယခင်က ပွဲစားများထံမှ ဝယ်ယူခဲ့ရသော်လည်း ယခုအခါတွင် မိုဘိုင်းဖုန်းဆိုင်များနှင့် အွန်လိုင်းမှ ရောင်းချခြင်းများ ပိုမိုခေတ်စားလာနေသည်။

အထူးသဖြင့် Facebook ပေါ်မှာ page များ၊ group များ မှ တဆင့် ရောင်းချခြင်းများပိုမိုခေတ်စားလာနေသည်။ အားလုံးနီးပါးမှာလည်း မိုဘိုင်းဖုန်းဆိုင်များမှ တဆင့်ဖွင့်လှစ်ထားကြခြင်းသားဖြစ်ကြသည်။

“အွန်လိုင်းကနေ ရောင်းတော့ အားသာတာတွေ အများကြီးပဲ။ အလျော့အတင်းလုပ်ဖို့ ဈေးကတော့ နည်းနည်း ပိုတင်ထားရတာပေါ့။” ဟု နံပါတ်အပူးအလှ ရောင်းချသည့် Facebook group တစ်ခုကိုတည်ထောင်ထားသူ ကိုရွှေမိုးကဆိုသည်။

ယင်းသို့ အွန်းလိုင်းမှ ရောင်းချရာတွင် ဈေးနှုန်းမှာ ၅၀၀၀ ကျပ်ခန့်မှ သိန်း ဂဏန်းအထိပေါက်ဈေးရှိသည်ဟု သိရသည်။ အရောင်းအဝယ်ဖြစ်ပါက အိမ်တိုင်ရာရောက် ပို့ပေးပြီး သယ်ယူပို့ဆောင်ခကို ဝယ်ယူသူက ကျခံရသည်။

လက်ရှိ ဈေးကွက်ထဲမှာတော့ အွန်လိုင်းက အများဆုံး ဝယ်နေကြတယ်ဗျ။ နေ့စဉ်လည်း အထိုက်အလျောက် ရောင်းနေရပါတယ်။ တစ်ချို့ နံပါတ်တွေကို Package အလိုက် ဈေးဖြတ်ပြီးရောင်းတာမျိုးတွေလည်းရှိတယ်။ ဘယ်နံပါတ်ကတေ ဘယ်နံပါတ်အထိ SIM Card ၅ ကတ်ကို တစ်သိန်းတို့ ၁၀ ကတ်ကို တစ်သိန်းတို့ပေါ့လေ” ဟု ၎င်းးက ရှင်းပြသည်။

ထို့အပြင် လက်ရှိအချိန်တွင် ပြည်ပ အော်ပရောတာများဖြစ်ကြသည့် တယ်လီနောနှင့် အူရီးဒူးတို့ကလည်း တရားဝင်အရောင်းဆိုင်များတွင် အဆိုပါ နံပါတ်အပူးအလှများကိုဈေးနှုန်းများ သတ်မှတ်ပြီးရောင်းချနေသည်။ ထိ့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း နံပါတ်အပူးအလှများကို လေလံတင်ရောင်းချနေဆဲဖြစ်သည်။

တယ်လီနောအနေဖြင့် တစ်ချို့ အထူးနံပါတ်များကို ငွေကျပ် ထောင်ဂဏန်းမှ သိန်း ၃၀ ပတ်ဝန်းကျင်အထိ ဈေးနှုန်းရှိသည့် မိုဘိုင်းဖုန်း နံပါတ်များကို ရောင်းချနေကြောင်း ထုတ်ပြန်ထားသည်။ SIM Card များကို တရားဝင်အရောင်းဆိုင်များနှင့် အွန်လိုင်းမှ တဆင့် ဝယ်ယူနိုင်စေရန် သူတို့က စနစ်တကျ စီစဉ်ထားသည်။

ဈေးကွက်ကြီးတစ်ခုဖြစ်လာတဲ့ အပူးအလှ

ယင်းသို့ အော်ပရေတာများပါ တရားဝင်ပါဝင်လာရခြင်းမှာ ဈေးကွက်အတွင်း ဝယ်လိုအားမြင့်လာသောကြောင့်ဟု မိုဘိုင်းဖုန်း SIM Card ဖြန့်ချိသူများက မှတ်ချက်ပြုကြသည်။

“ဒီမှာ SIM Card ဈေးတွေ ကျလာပြီးနောက်ပိုင်းမှာ လူတွေက နံပါတ်လှလှလေးတွေကို ပိုလိုချင်လာကြတယ်။ ပိုလည်း အရောင်းသွက်လာတယ်။ အထူးသဖြင့် လူငယ်တွေ၊ စုံတွဲတွေ စသဖြင့်ပေ့ါလေ အသက်လတ်ပိုင်းနဲ့ လူငယ်ပိုင်းတွေများတယ်။ အရင်ကလို လုပ်ငန်းအတွက် ဝယ်တာမျိုးမရှိဘူးတော့ မဟုတ်ပါဘူး ရှိပါသေးတယ်။ ဒါပေမယ့် အခက လူငယ်တွေ ဝယ်တာပိုများလာတယ်။” ဟု SIM Card နှင့် မိုဘိုင်းဖုန်း အရောင်းအဝယ် page တစ်ခု တည်ထောင်ထားသူ ကိုဇာနည်ဝင်း ဆိုသည်။

မည်သည့်အတွက်ကြောင့် ကြိုက်ကြသည်ဖြစ်စေ မည်သည့်အသက်အရွယ်များက သဘောကျကြသည်ဖြစ်စေ ရွေးချယ်ရလွယ်ကူပြီး မိမိအလိုရှိရာ မှာယူ၍ ရနိုင်သည့် အွန်လိုင်းပေါ်မှ ရောင်းချသူများမှာ အပြင်ဆိုင်များထက် အလုပ်ဖြစ်နေသည်ကတော့ အမှန်ပင်။

“လက်ရှိမှာ အပြင်မှာလည်း ကျွန်တော်ဆိုင်ဖွင့်ထားတယ်။ အွန်လိုင်းပေါ်ကလည်း ရောင်းတယ်။ အွန်လိုင်းပေါ်က ရောင်းတာက ပိုအလုပ်ဖြစ်တယ်။ အဓိက ဖောက်သည်တွေဖြစ်တဲ့ လူငယ်တွေက အင်တာနက်ပုံမှန်နီးပါး သုံးနေကြတယ်လေ။ နောက်ပြီး တစ်နေရာရာကနေ တစ်ယောက်ယောက်က ဝယ်ပြီးရင် သူ့လို စိတ်ဝင်စားတ့ တခြားတစ်ယောက်ကို လက်တို့လေ့ရှိတာကြောင့် ဈေးကွက်က ပိုပိုကျယ်လာတယ်။” ဟု ကိုဇာနည်ဝင်းက ရှင်းပြသည်။

လက်ရှိအချိန်တွင် တန်ဖိုးသောင်းဂဏန်းရှိ နံပါတ် ၄ လုံး၊ ၅ လုံးပူး ဂဏန်းများ ဝယ်ယူမှုများ၊ အမှတ်တရနေ့ရက်များနှင့် တိုက်ဆိုင်သည့်နံပါတ်များကို ရှာဖွေဝယ်ယူမှုများနှင့် ယခင် အော်ပရေတာမတူသော်လည်း နံပါတ်တစ်ခုတည်းဖြစ်လိုသာကြောင့် ရှာဖွေဝယ်ယူမှုများ ပိုမိုများပြားလာသည်။

အွန်လိုင်းဈေးကွက်တွင် မိမိအလိုရှိသည့်နံပါတ်ကို အလွယ်တကူရှာဖွေနိုင်မှုသကဲ့သို့ အိမ်တိုင်ရာရောက်ဝန်ဆောင်မှုများကြောင့် ဆိုင်များတွင် သွားရောက်ဝယ်ယူမှုများကျဆင်းလာသကဲ့သို့ အော်ပရေတာများ၏ ဆိုင်များတွင်လည်း လုပ်ငန်းများနှင့် အထူးတန်ဖိုးမြင့် နံပါတ်များကို လိုချင်သူအနည်းငယ်တို့သာလာရော ဝယ်ယူကြတော့သည်။

ဘယ်သူတွေအတွက် ကံကောင်းစေမယ့် နံပါတ်လဲ

အပူးအလှနံပါတ်များကု အွန်လိုင်းမှ ရောင်းချမှုများမှာ ပြည်ပတွင်လည်းရှိသော်လည် မြန်မာပြည်တွင်လောက် ခေတ်စားမှုမျိုးမရှိချေ။ ပြည်တွင် အော်ပရေတာများ၏ ဆိုင်များတွင် တိုက်ရိုက်သွားရောက်ဝယ်ယူမှုမျိုးက ပိုမိုများပြားသည်။

နိုင်ငံအတွင်းရှိ ဆက်သွယ်ရေးအော်ပရေတာများနှင့် ပြင်ပအရောင်းဆိုင်များက အရောင်းဆိုင် ဝန်ဆောင်မှုများ အပြည့်အဝမပေးနိုင်သေးသည့် အချိန်ဖြစ်သောကြောင့် ယခုကဲ့သို့ အွန်လိုင်းရောင်းချမှုများတွင်ကျယ်နေခြင်းဖြစ်နိုင်သည်။

အမှန်တကယ်တွင်လည်း ဆက်သွယ်ရေး အော်ပရေတာများကိုယ်တိုင်လည်း ကွန်ယက်ဖြန့်ကျက်ခြင်းကို ဥိးစားပေးဆောင်ရွက်နသေည့်အတွက် ယင်းဘက်သို့ အမှန်တကယ်ပင် အာရုံမလှည့်နိုင်သေးပေ။ ရေရှည်တွင် ကွန်ယက်လုပ်ငန်းများအပြီး ဝန်ဆောင်မှုပိုင်းဆိုင်ရာဘက်သို့ ပိုမို အာရုံပြုလာပါက အကျိုးအမြတ်များသည့် နံပါတ်အလှရောင်းဝယ်မှုများမှာ အွန်လိုင်းဈေးကွက်ပေါ်တွင် အတန်ငယ်နည်းလာရန် အခြေအနေများနေသည်။

“ကျွန်တော်တို့လည်း သိပါတယ်။ တစ်ချိန်ချိန်ကြရင် အော်ပရေတာတွေက သူတု့ိ အကျိးအမြတ်ရမယ့်ကိစ္စပဲ အာရုံစိုက်ပြီး ပြန်လုပ်လာကြမယ်ဆိုတာကိာ။ လောလောဆယ်တော့ ကျွန်တော်တို့ အတွက်အဆင်ပြေနေတယ်။ အဆင်မပြေတော့တဲ့ အထိကတော့ ဆက်လုပ်သွားမှာပေါ့။” ဟု ကိုရွှေမိုးကဆိုသည်။

လက်ရှိအချိန်တွင်တော့ ၁၅၀၀ ကျပ်သာ မူလတန်ဖိုးရှိသည့် မိုဘိုင်းဖုန်း SIM Card များသည် လူအများ၏ သတ်မှတ်ချက်များကြောင့် တန်ဖိုးများကွဲပြား၍ ခွဲခြားဆက်ဆံံနရဆဲဖြစ်သည်။ သင်္ချာနည်းအရ ဖြစ်တည်လာသော ကိန်းဂဏန်းများအပေါ်အခြေပြု၍ ဖြစ်တည်လာမှုများကို လူအများ၏ စိတ်အာရုံဖြစ်တည်မှုများကြောင့် တန်ဖိုးအမျိုးမျိုးဖြတ်ခြင်းခံနရသည်။

ယင်းသို့သော အခြေအနေကိုမှ မြတ်နိုးသူများကတော့ ဒီလိုထင်မြင်ကြပြန်သည်။

“၁၅၀၀ တန်ခြင်းတူတယ်ဆိုပေမယ့်။ ဒီလို ထူးထူးခြားခြား နံပါတ်တွေ တူညီနေတာလည်း ထူးခြားတာပဲလေ။ ဖြစ်တောင့်ဖြစ်ခဲ။ လူတိုင်းရနိုင်တာမှ မဟုတ်တာ။ ကျွန်မကတော့ ကံကောင်းခြင်းတွေဖြစ်လာစေမယ်လို့တောင် ယုံကြည်တယ်။” ဟု မသူဇာချိုကဆိုသည်။

ကံကောင်းမကောင်းမသိသော်လည်း တန်ဖိုးကောင်းကောင်းပေးလိုက်ရ၍ ကိုယ့်အိတ်ထဲက ပိုက်ဆံတော်တော်ထွက်သွားတာကတော့ အမှန်ပင်။ အဆိုပါ နံပါတ်ကြောင့် အကယ်စင်စစ်ကံကောင်းသူက ၁၅၀၀ တန်ကို သောင်းနှင့် သိန်းနှင့်ချီ ရနေသော အွန်လိုင်းအရောင်းသမားများသာဖြစ်မည်ထင့်။

ရဲဇွန်အောင်
ဇူလိုင်၊ ၂၀၁၅
Living Color Magazine

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *