လူကြီးတွေက တစ်ခါတလေမှာ သူကတော့ဖြင့် လိမ္မာလို့ သိတတ်လို့ဆိုတဲ့ အကြောင်းပြချက်လေးတွေနဲ့ ကလေးလေးတွေကို ဆက်ဆံပုံချင်း မတူကြတာမျိုးတွေ ရှိတတ်ပါတယ်။ တကယ်တော့ ဒါက ကိုယ်တိုင်တောင် မသိလိုက်ဘဲ ဘက်လိုက်မှုကို ကျူးလွန်လိုက်တာပါ။ ဒီလိုလေး လုပ်လိုက်မိတာက လူကြီးတွေအတွက်တော့ ဘာမှ မဟုတ်ဘူးလို့ ထင်စရာ ရှိပေမယ့် ကလေးတွေအတွက်မှာတော့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ပိုင်းဆိုင်ရာကို ထိခိုက်မှုတွေ ဖြစ်စေနိုင်ပြီး ရေရှည်မှာ ကလေးရဲ့ ထူးချွန်ထက်မြက်မှု အပေါ်မှာပါ ထိခိုက်တာမျိုးတွေ ရှိလာနိုင်ပါတယ်။
ဒီတော့ ဖေဖေမေမေနဲ့ ကလေးတွေကို ထိန်းကျောင်းရတဲ့သူတွေအနေနဲ့ ကလေးတိုင်းအပေါ်မှာ မပိုမလိုစေဘဲ တူညီမျှတတဲ့ ချစ်ခြင်း ဂရုစိုက်မှုတွေ ပေးဖို့ လိုပါမယ်။ ဘက်လိုက်တယ်။ တစ်ယောက်ယောက်ကို favour ပေးပြီး အခြားတစ်ယောက်ကို အပြစ်တင်ဆူပူတယ်ဆိုတာ တကယ်တော့ မသိလိုက်ဘဲ ကလေးအပေါ်မှာ bully လုပ်လိုက်တာပါပဲ။
ဒီလိုမျိုး bully လုပ်တာက ကလေးကို ပျော်ရွှင်နေရမယ့် အချိန်မှာ စိတ်ဖိစီးတာ၊ စိုးရိမ်စိတ် လွန်ကဲစေတာနဲ့ ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးကို ဖန်တီးနိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးစေပါတယ်။ နောက်တစ်ချက် ကလေးက ကျောင်းစာမှာ အာရုံစိုက်နိုင်စွမ်း နည်းသွားသလို ပျော်ရွှင်မှုပါ ပျောက်ဆုံးတတ်သွားတတ်ပါတယ်။
ဒါကြောင့် ကလေးကို ကိုယ်တိုင်ကလည်း မကြိုက်တာကို ပြောတာမျိုး၊ ဘာလုပ်လုပ် အပြစ်မြင်တာ၊ အပြစ်တင်တာ၊ ကလေးကို ချစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်ပုနေတာကို စိတ်ညစ်နေပါတယ်ဆိုမှ ပိုစိတ်ညစ်သွားစေမယ့် စကားလုံးမျိုး ဖြစ်တဲ့ ဂျပု လို့ခေါ်တာမျိုး၊ အသားမဲတာကို ကျီးကန်းလို့ခေါ်တာမျိုးတွေက ကလေးကို ချစ်တယ်ဆိုတာထက် အရှက်ရစေဖို့က ပိုဖြစ်နိုင်တယ်ဆိုတာကို သတိချပ်စေချင်ပါတယ်။
ဒီလိုတွေ ပြောတာဆိုတာက ကလေးကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းစေသလို လူမှုပေါင်းသင်းဆက်ဆံ ရေးမှာ secure attachment တည်ဆောက်နိုင်ဖို့လည်း ခက်ခဲသွားစေမှာပါ။ ဒီအခြေအနေတွေက ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သလို ကလေးရဲ့ ကျောင်းစာအပေါ် အာရုံစိုက်နိုင်စွမ်းကိုပါ ကျဆင်းသွားစေနိုင်တာပါ။
နောက်ဖြစ်တတ်တာလေး တစ်ခုက ဆရာ၊ဆရာမတွေရဲ့ ကျောသားရင်သား ခွဲခြားဆက်ဆံမှုပါ။ ဆရာ၊ ဆရာမတိုင်း မဟုတ်ပေမယ့် အချို့သော ဆရာ၊ ဆရာမတွေကတော့ မိဘအခြေအနေ၊ ကလေးက သူ့ဆီ ကျူရှင်မတက်လို့၊ သူ့ကို သိသိတတ်တတ် လုပ်ပေးတာ ဝယ်ပေးတာမျိုး မရှိလို့ ဆိုတာမျိုး အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ ကလေးကို အပြစ်မရှိ အပြစ်ရှာတာမျိုးပါ။ ဒီလိုလုပ်ဆောင်တာက ကလေးကို စိတ်ပိုင်း ဆိုင်ရာ ခံစားချက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပြီး ကလေးရဲ့ ထူးချွန်ထက်မြက်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။
ကလေးက အခန့်မသင့်ရင် ထူးချွန်သင့်သလောက် မထူးချွန်တော့တာမျိုးတောင် ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကလေးကို စိတ်ရောကိုယ်ပါ ကျန်းမာပြီး ထူးချွန်ထက်မြက်စွာ ကြီးပြင်းလာစေချင်တယ် ဆိုရင်တော့ ကိုယ်တိုင်က ကလေးအပေါ် ဘက်လိုက်မှု ကင်းဖို့ လိုသလို ကလေးကို bully လုပ်ခံနေရတယ်လို့ ယူဆရတဲ့ အခြေအနေတွေကနေ ကာကွယ်ပေးဖို့ လိုပါမယ်။
ကလေးငယ်တိုင်း ကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်ပြီး ထက်မြက်ထူးချွန်သူလေးတွေ ဖြစ်အောင် ပျိုးထောင်နိုင်ဖို့ ကောင်းမွန်တဲ့ အလေ့အကျင့်လေးတွေကို ဒီနေ့ကစ မွေးမြူလိုက်ပါလို့ အကြံပြုလိုက်ပါရစေ။