နို့တိုက်မိခင်တစ်ယောက်အနေနဲ့ အာဟာရပြည့်ဝမျှတအောင် စားသောက်ဖို့က အရေးကြီးလှပါတယ်။ အကြောင်းကတော့ မေမေက အာဟာရပြည့်ဝမှ ကလေးတစ်ယောက် ကြီးထွားဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ ထောက်ပံ့ပေးနိုင်ပြီး ဘေဘီလေးကို ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးစေမှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ နို့တိုက်မိခင်တို့အတွက် မေမေရော ဘေဘီလေးအတွက်ပါ အာဟာရ ပြည့်ဝစေမယ့် ပန်းကန်တစ်ချပ်အကြောင်း ပြောပြပေးချင်ပါတယ်။
နို့တိုက်မိခင်တို့အတွက် အာဟာရပြည့်ဝစေမယ့် ပန်းကန်တစ်ချပ်
နို့တိုက်နေချိန်မှာ မေမေရော ဘေဘီလေးပါ အာဟာရပြည့်ဝစေဖို့ဆိုရင်တော့ နေ့စဉ်စားသုံးမှုတွေမှာ အခုလို အစားအစာလေးတွေ ပါဝင်အောင် ပြင်ဆင်ဖို့ လိုပါမယ်။ နို့တိုက်နေချိန်မှာ အစားတွေကို ပုံမှန်ထက် အများကြီး ပိုစားဖို့ မလိုပေမယ့် နေ့စဉ် စားသုံးမှုမှာ ကယ်လ်လိုရီ ၃၄၀ ကနေ ၄၀၀ လောက်အထိတော့ ပိုမို စားသုံးဖို့ လိုပါမယ်။
ဒါကြောင့် နို့ချိုထွက်ရှိမှု ကောင်းစေဖို့အတွက်ရော မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက်ဆိုရင်တော့ နေ့စဉ် စားသုံးမှုမှာ အာဟာရပြည့်ဝစေဖို့အတွက် ဆန်၊ ဆန်လုံးညို၊ ပေါင်မုန့်ညို၊ ငှက်ပျောသီး၊ ပန်းသီး။ နို့နဲ့နို့ထွက် ပစ္စည်းတွေ၊ အဆီမပါတဲ့ အသား၊ ဥအမျိုးမျိုး၊ ရေချိုငါး၊ ပဲနီလေး စတာတွေကို သင့်တင့်မျှတစွာ စားသုံးဖို့ လိုပါမယ်။
ဒီအစားအစာတွေအပြင် အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ မြေပဲထောပတ် စတာတွေကိုလည်း စားသုံးဖို့ လိုပါမယ်။ အာဟာရကို ပြည့်ဝအောင် စားသုံးတာအပြင် အာဟာရလိုအပ်ချက် ကင်းစေဖို့အတွက် အားဆေး ဒါမှမဟုတ် ဖြည့်စွက်စာတစ်ရပ်ရပ်ကို စားပေးဖို့ လိုပါမယ်။
ဘေဘီလေးကို နို့ချိုတိုက်ကျွေးရချိန်မှာ ရေကို လုံလောက်အောင် သောက်ဖို့ လိုပါမယ်။ ဆီးကို ကြည်နေတဲ့ အခြေအနေမျိုး ဖြစ်တဲ့အထိ ရေကို လုံလုံလောက်လောက် သောက်ဖို့ လိုပါမယ်။ နို့တိုက်နေရချိန်မှာ သကြားကဲ တဲ့ သောက်စရာတွေ၊ ဂတ်စ်ပါတဲ့ အချိုရည်တွေ၊ ကဖင်းပါတဲ့ အစားအသောက်တွေကို မစားဖို့ လိုပါမယ်။ ဒီအစားအစာတွေက ကလေးကို နေရထိုင်ရ မသက်မသာဖြစ်စေပြီး ကလေးရဲ့ အိပ်စက်မှုကို ထိခိုက်စေနိုင် ပါတယ်။
နို့တိုက်နေချိန်မှာ အရက်၊ ဆေးလိပ်၊ Vape စတာတွေကို ရှောင်ဖို့ လိုပါမယ်။ ပြဒါးများတဲ့ ပင်လယ်ငါးတွေ ကိုလည်း ရှောင်ဖို့ လိုပါမယ်။ ရေဆာတိုင်းမှာလည်း ရေသောက်ဖို့ လိုပါမယ်။
အစားအစာ ရွေးချယ်တဲ့အခါ ဒါလေးတွေ သတိထားပေးပါ
အစားအစာတွေကို ရွေးချယ်တဲ့အခါ သံဓာတ်၊ ပရိုတင်းနဲ့ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အသီးအရွက်တွေနဲ့ အစားအစာတွေကို ရွေးချယ်ဖို့ လိုပါမယ်။ အစားအစာတွေမှာ ပါတဲ့ သံဓာတ်တွေကို ခန္ဓာကိုယ်က ပြည့်ပြည့်ဝဝ စုပ်ယူနိုင်စေဖို့အတွက်လည်း ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးဖို့ လိုပါမယ်။ ဥပမာ – အချဉ်ပါတဲ့ သံပုရာသီး၊ မာလကာသီးလိုမျိုး အသီးတွေကို စားပေးလို့ ရပါတယ်။
အသား၊ ငါး၊ ဥအမျိုးမျိုး စတာတွေကိုလည်း စားပေးဖို့ လိုပါမယ်။ တကယ်လို့ အသား၊ ငါးစားရတာကို သဘောမကျဘူးဆိုရင်တော့ သံဓာတ်ကြွယ်ဝတဲ့ ပဲအမျိုးမျိုး၊ အစေ့အဆန်တွေ၊ အခွံမာသီးတွေကို စားပေးဖို့ လိုပါမယ်။ ဥအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေကိုလည်း စားပေးဖို့ လိုပါမယ်။
တကယ်လို့ ငါးမစားဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး omega-3 supplement ကို သောက်ပေးဖို့ လိုပါမယ်။ ဗီတာမင် D ရရှိစေဖို့အတွက်လည်း မနက်ခင်း နေရောင်ခြည်ကို ခံပေးဖို့ လိုပါမယ်။ မေမေက ဗီတာမင် D ပြည့်ဝမှ ဘေဘီလေးမှာ အရိုးပျော့တာလိုမျိုး ကျန်းမာရေးပြဿနာတွေကို မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ နို့တိုက်နေချိန်မှာ ပင်လယ်စာတွေကို ရှောင်ဖို့ လိုပါမယ်။ ဒါမှ ပြဒါးအဆိပ်သင့်တာမျိုး မဖြစ်မှာပါ။
ဒီနေရာမှာ ပြောချင်တာက နို့တိုက်မေမေအနေနဲ့ အခုပြောခဲ့တဲ့ အစားအစာတွေကို ရှောင်တာအပြင် ကလေးကို ထိခိုက်စေတယ်လို့ ယူဆရတဲ့ အချို့သော အစားအစာတွေကိုလည်း ရှောင်ဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
မိခင်နို့ချိုတိုက်ကျွေးတာက ကလေးနဲ့ မိခင်ကြားမှာ ချစ်ခြင်းမေတ္တာ တိုးပွားစေသလို ကလေးကို ကျန်းမာစေဖို့နဲ့ ကောင်းမွန်စွာ ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်မှာပါ။ နို့ချိုတိုက်ကျွေးချိန်မှာ မေမေတို့အနေနဲ့လည်း နေ့စဉ် စားသုံးမှုမှာ အာဟာရ ပြည့်ဝလုံလောက်အောင် စားသောက်ဖို့ လိုပါမယ်။