
‘ဂရိအမည်နဲ့ ငြိမ်းချမ်းချင်သူတွေရဲ့ မြို့’
နယူးယောက်ခ်မှာ ၂ ည နေပြီးတော့ အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းဝင်မြို့ဖြစ်တဲ့ ဖီလာဒဲလ်ဖီးယားနဲ့ မြို့တော်ဖြစ်တဲ့ ဝါရှင်တန် ဒီစီ (Washington, D.C.) ကို ခရီးဆက်ပါတယ်။ နယူးယောက်ခ်မှာ ၂ ည ဆိုပေမယ့်တစ်ညက နယူယောက်ခ်အပြင်ဘက်က အက်ဒီဆင်မှာ နေတာပါ။
အက်ဒီဆင်ဆိုတာ နယူးယောက်ခ်မြို့နဲ့ မလှမ်းမကမ်းမှရှိပေမယ့် နယူးဂျာစီပြည်နယ်ထဲက မြို့လေးတစ်မြို့ဖြစ်ပြီး ခမ်းနားကြီးကျယ်ပြီး ရှုပ်ထွေးလှတဲ့လူနေမှုပုံစံနဲ့ ခေတ်မှီမြို့ပြဖွဲ့စည်းပုံမျိုးလည်း မရှိပါဘူး။ ဒါပေမယ့် ရှေ့ဆောင်းပါးမှာ ဖော်ပြခဲ့သလိုပဲ သမိုင်းတန်ဖိုးကြီးမားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့မြို့ငယ်လေးတစ်ခုပါ။ မြို့လေးက အေးအေးဆေးဆေးနဲ့ ဆိတ်ဆိတ်ငြိမ်ငြိမ်ရှိလှပြီးတော့ လူနေအိမ်ခြေလဲကျဲပါးပါတယ်။ နယူးယောက်ခ်လို ပွက်လောရိုက်နေတဲ့မြို့နဲ့ မလှမ်းမကမ်းလေးမှာတင် ဒီလို အေးအေးဆိတ်ဆိတ်မြို့လေးတစ်မြို့ရှိနေတာ အံ့သြစရာပါ။ နောက်ထပ် အံ့သြစရာက ဒီမြို့မှာ မြန်မာတွေ ရှိတာပါပဲ။
နောက်တစ်နေ့မနက် ခပ်စောစောမှာတော့ ဖီလာဒဲလ်ဖီးယားကို ခရီးဆက်ခဲ့ပါတယ်။ အဲ့ဒီနေ့ဟာ အတော်ကို အေးတဲ့နေ့တစ်နေ့လို့ဆိုရပါမယ်။ နယူးယောက်ခ်မှာ ပူခဲ့သမျှ ဖီလာဒဲလ်ဖီးယားမှာ အတိုးချအေးပြနေသလားထင်ရလောက်အောင်ပါပဲ။
ဖီလာဒဲလ်ဖီးယား (Philadelphia) ဆိုတာက ရှေးဟောင်း ဂရိစကားလုံးတစ်ခုပါ။ ညီအကိုအရင်းတမျှ ချစ်ခင်ကြတယ် (Brotherly Love) ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဂျော်ဒန်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ အမ္မန်ဟာလည်း တချိန်တုန်းက ဒီနာမည်ကို မှည့်ခေါ်ခဲ့ဖူးကြောင်း ရှေးဟောင်းခရစ်ယာန်ကျမ်းစာအုပ်တစ်ခုဖြစ်တဲ့ မျက်ဖွင့်ကျမ်းတော် (Book of Revelation) မှာ ဖော်ပြထားပါတယ်။ ဒီအချက်ဟာ ဖီလာဒဲလ်ဖီးယားမြို့သမိုင်းနဲ့ ဆက်စပ်နေတာက အံ့အားသင့်စရာကောင်းလှပါတယ်။
ဒီဒေသမှာ တချိန်တုန်းက လန်နာပီ (Lenape) လို့ခေါ်ဆိုတဲ့ အင်ဒီယန်းလူမျိုးတွေသာရှိကြပြီး ရှက်ကာမက်ဆွန် (Shackamaxon) ဆိုတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ သမိုင်းမှတ်တမ်းတွေအရတော့ ပထမဆုံး အင်ဒီယန်းတိုင်းပြည်ဖြစ်တဲ့ ဒီလာဝဲရ်တိုင်းပြည် (Delaware Nation) တည်ရှိရာနေရာလို့ဆိုကြပါရဲ့။ ၁၆၃၈ ကျမှ ဥရောပခြေချသူတွေဖြစ်ကြတဲ့ ဆွီဒင်လူမျိုး (Swedish) နဲ့ ဖင်းစ်လူမျိုး (Finns) တွေ ရောက်လာခဲ့ကြတာပါ။ သူတို့နောက်မှာ ဒတ်ချ် (Dutch) လူမျိုးတွေ ရောက်လာခဲ့ပြီး နယူးနယ်သာလန် (New Netherland) ကိုလိုနီဒေသအဖြစ် ကြေညာခဲ့ပါတယ်။ ၁၆၆၄ ခုနှစ်မှာ အင်္ဂလိပ်တွေဟာ နယူးနယ်သာလန်ကို သိမ်းပိုက်ခဲ့ကြတာမို့ ဒီဒေသဟာလည်း ဗြိတိသျှတွေလက်အောက်ကို ရောက်သွားခဲ့တာပါ။ ဒီအချိန်အထိ ဒီနေရာကို ဖီလာဒဲလ်ဖီးယားလို့ မခေါ်ဆိုသေးပါဘူး။
၁၆၈၂ ခုနှစ်မှာတော့ ပင်ဆီလ်ဗေးနီးယား သဘောတူညီချက် (Charter for Pennsylvania) အရ ဒီဒေသဟာ ကွေကာ (Quaker) ခရစ်ယာန်ဂိုဏ်းဝင်လည်းဖြစ် စာရေးဆရာနဲ့ နိုင်ငံရေးသမားလည်းဖြစ်တဲ့ ဝီလီယံ ပန်း(န်) (William Penn) ပိုင်ဆိုင်တဲ့ နယ်မြေထဲကို ရောက်လာခဲ့ပါတယ်။ ကွေကာတွေဟာ သဘောထားပျော့ပြောင်းတဲ့ ခရစ်ယာန်နွယ်ဝင်တွေဖြစ်ပြီး စစ်၊ အကြမ်းဖက်မှုနဲ့ ခဲခြားဖိနှိပ်မှုတွေကို ဆန့်ကျင်ကြသူတွေပါ။ ပန်း(န်) ကိုယ်တိုင်ကလည်း သူ့နယ်မြေဖြစ်တဲ့ ဒီဒေသမှာ လွပ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်နဲ့ ငြိမ်းချမ်းမှုတွေကို ကိုယ်စားပြုနိုင်စေဖို့ ဖီလာဒဲလ်ဖီးယားဆိုတဲ့ အမည်ကို ရွေးချယ်ပြီး မှည့်ခေါ်ခဲ့တာလို့ သမိုင်းမှတ်တမ်းတွေက ဖော်ပြကြပါရဲ့။

ဂရိရှေးဟောင်းအမည်ကို မြို့အမည်အဖြစ် အသုံးပြုထားတဲ့ ဒီမြို့ဟာ အမေရိကန် သမိုင်းကြောင်းမှာ အလွန်အရေးပါတဲ့ မြို့တစ်မြို့ပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ၆ ခုမြောက် လူဦးရေအထူထပ်ဆုံးမြို့ဖြစ်သလို ပင်ဆယ်လ်ဗေးနီးယားပြည်နယ်ရဲ့ အကြီးဆုံးမြို့လည်းဖြစ်ပါတယ်။
ဒီမြို့ဟာ လန်နာပီ လို့ခေါ်တဲ့ ဒီလာဝဲရ်အင်ဒီယန်းတွေ (Delaware Indians) ရဲ့ မူလဒေသဖြစ်သလို ဗြိတိသျှကိုလိုနီခေတ်ကတည်းကတည်ရှိနေတဲ့ မြို့ဟောင်းတစ်ခုလည်းဖြစ်ပါတယ်။ အမေရိကန်သမိုင်းမှာ အရေးပါတဲ့ လွတ်လပ်ရေးကြေညာစာတမ်းကို ၁၇၇၆ ခုနှစ်မှာကျင်းပတဲ့ ပထမအကြိမ် ကွန်ဂရက်စ်အစည်းအဝေးမှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်သလို ၁၇၈၇ မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ကွန်ဂရက်စ်အစည်းအဝေးမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြေညာခဲ့ပါတယ်။ ဒီနှစ်ခုလုံးကို ဒီမြို့မှာပဲ ပြုလုပ်ခဲ့တာပါ။ ဒါ့အပြင် လွပ်လပ်ရေးအထိမ်းအမှတ် လေဘာတီခေါင်းလောင်းဟာလည်း ဒီမြို့မှာပဲရှိနေတာပါ။
အက်ဒီဆင်ကနေ ဖီလာဒဲဖီးယားကို လာတဲ့လမ်းတစ်လျှောက်ဟာ သာမန်အမေရိကန်ပြည်ထောင်စုက အမြန်လမ်းတွေလိုပဲ စိတ်ဝင်စားစရာ သိပ်မရှိပါဘူး။ ဒါပေမယ့် ဖီလာဒဲလ်ဖီးယားနားရောက်လာချိန်မှာတော့ သမိုင်းဝင် ဟတ်ဆင်မြစ်ကြောင်းနဲ့ အပြိုင်ဖြစ်လာပြီး ရှုခင်းတွေကလှလာပါတယ်။ မြို့ထဲကို စဝင်တာနဲ့ ညီညွတ်မှုနဲ့ မျှတမှုကို ကိုယ်စားပြုထားတဲ့ ဂရာဖီတီပုံတွေကို မြို့ရဲ့ လမ်းမဘေးတွေနဲ့ နံရံတွေမှ မြင်နေရတာက ထူးခြားချက်တစ်ခုပါ။ ဝီလီယံ ပန်း(န်) ဖန်တီးချင်ခဲ့တဲ့ ရည်မှန်းချက်တွေကို ဒီမြို့မှာ ဆက်လက်ထိမ်းသိမ်းထားနိုင်ဆဲလို့ ဆိုရမယ့်ပုံပါပဲ။
ဖီလာဒဲလ်ဖီးယားအကြောင်း ပြောမယ်ဆိုရင် မဖြစ်မနေထည့်သွင်းပြောဆိုရမှာက အသင်းအဖွဲ့တွေအကြောင်းပါပဲ။ ဉာဏပစ္စည်းဆိုင်ရာအသင်းအဖွဲ့ အမြောက်အများဟာ ဒီမြို့ကနေ စတင်ပေါက်ဖွားလာခဲ့ကြဖူးပါတယ်။ ဥပမာပြောရရင် Philadelphia Society for Promoting Agriculture (၁၇၈၅) တို့ Pennsylvania Society for the Encouragement of Manufactures and တို့ Useful Arts (၁၇၈၇) တို့ Academy of Natural Sciences (၁၈၁၂) တို့ Franklin Institute (၁၈၂၄) တို့လို အဖွဲ့အစည်းတွေပါပဲ။ တစ်ချိန်တုန်းကတော့ ဒီမြို့ဟာ ဥရောပတစ်လွှားက ပညာတတ်တွေ၊ ဉာဏ်ကြီးရှင်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့မြို့ ဖြစ်ခဲ့ဖူးတယ်လေ။
ကျွန်တော်လိုက်ပါလာတဲ့ တူးရစ်ကားကြီး လွတ်လပ်ရေး ကြေညာစာတမ်းနဲ့ လေဘာတီခေါင်းလောင်းရှိရာ လွတ်လပ်ရေးအမျိုးသားသမိုင်းဝင်ဥယျာဉ်နေရာ (Independence National Historical Park) ကို ရောက်ချိန်မှာတော့ မနက် ၇ နာရီကျော် ၈ နာရီဝန်းကျင်သာရှိပါသေးတယ်။ ဒီနေရာလေးဟာ အမေရိကန်သမိုင်းရဲ့ အရေးအပါဆုံးနေရာလေးလို့ စာတွေ၊ ပေတွေမှာ ဖော်ပြတတ်ကြတဲ့နေရာပါ။ အမှတ် ၁၄၃၊ ဆောက်သ်သာ့ဒ်လမ်းမှာတည်ရှိနေတဲ့ ဒီဥယျာဉ်ထဲမှာ လွတ်လပ်ရေးခေါင်းလောင်းကြီးနဲ့ လွတ်လပ်ရေးခန်းမတို့ ရှိနေပါတယ်။

လွတ်လပ်ရေးခေါင်းလောင်းကြီး (Liberty Bell) က အမေရိကန်လွတ်လပ်ရေးရဲ့ သင်္ကေတလို့ သတ်မှတ်ခံထားရတဲ့ ပစ္စည်းတစ်ခုဖြစ်ပြီးတော့ ပြည်တွင်းစစ်အပြီး အမေရိကန်လွတ်လပ်ရေးကာလ ကြိုးပမ်းမှုတွေကို ပြန်လည်ထင်မှတ်စေတဲ့ အမှတ်တရအရာတစ်ခုဖြစ်ပါတယ်။
လွတ်လပ်ရေးခေါင်းလောင်းရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့အဆောက်အအုံကတော့ လွတ်လပ်ရေးခန်းမ (Independence Hall) ပါ။ ပင်ဆီလ်ဗေးနီးယားပြည်နယ်အစိုးရ အခြေစိုက်ခဲ့ရာရုံးဖြစ်ခဲ့ဖူးသလို ၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တုန်းက အမေရိကန်လွတ်လပ်ရေးကို ကြေညာခဲ့တဲ့နေရာပေါ့။ လွတ်လပ်ရေးကြေညာစာတမ်းကို လက်မှတ်ရေးထိုးပြီး ဂျော့ဂျ် ဝါရှင်တန်ကို ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့တာလဲ ဒီနေရာမှာပါပဲ။ ဒါကြောင့် ဒီခန်းမကြီးရဲ့ သမိုင်းတန်ဖိုးကတော့ အဖိုးဖြတ်လို့မရနိုင်တော့လောက်အောင်ပါပဲ။
ကျွန်တော်တို့ရောက်လာချိန်မှာ အရမ်းစောလွန်းနေသေးလို့ထင်ပါရဲ့ မနက်စာစားစရာဆိုင်တွေတောင် မဖွင့်ကြသေးပါဘူး။ လေ့လာရေးခရီးလာတဲ့ ကျောင်းကားတစ်စီးကလည်း စောနေတာမို့ ကိုယ်တွေလိုပဲ ယောင်လည်လည်နဲ့ လမ်းထောင့်မှာ ရပ်ထားတာကို တွေ့ခဲ့ရသေးတယ်။ အနီးနားက ပန်းခြံငယ်လေးထဲမှာတော့ မှန်အလုံပိတ်ထားတဲ့ အဆောက်အအုံငယ်လေးတစ်ခုရှိပြီး အထဲမှာ လေဘာတီခေါင်းလောင်းကို ပြသထားပါတယ်။ ပန်းခြံအတွင်းထဲကို ဝင်ကြည့်ခွင့်ပြုပေမယ့် ပတ်ဝန်းကျင်လေထုနဲ့ ရာသီဥတုဒါဏ်တွေကနေ ကာကွယ်နိုင်ဖို့ ဧည့်သည်တွေကို အဆောက်အအုံအတွင်းအထိ ပေးမဝင်ပဲ အပြင်ကနေသာ ကြည့်ခွင့်ပေးထားတာပါ။
နောက်တော့ ဘေးနားက ဝိတိုရိယခေတ်လက်ရာ အဆောက်အအုံတစ်ခုထဲမှာ ဖွင့်ထားတဲ့ Food Court ကို ဝင်ပြီး မနက်စာ ကော်ဖီလေးဘာလေး သောက်ကြရတယ်။ ခုမှ ဈေးဗန်းစခင်းဖို့ ပြင်ဆင်နေကြတဲ့ Food Court ထဲက ဆိုင်တွေကတော့ ခိုက်ခိုက်တုန်နေတဲ့ ခရီးသွားလူအုပ်ကြီး ဝုန်းခနဲဝင်ချလာတာမို့ အသည်းအသန်ပြင်ကြဆင်ကြနဲ့ အလုပ်တွေများကုန်ကြတာပေါ့။ ကိုယ်တွေမှာလည်း အေးစက်လွန်းလှတဲ့ အရှေ့ဘက်ကမ်းရဲ့ အအေးဒါဏ်ကို ကော်ဖီပူပူနဲ့ ကာကွယ်ကြရတော့တယ်။ အဲ့ဒီနေ့က သောက်ခဲ့ရတဲ့ ကော်ဖီက ဘဝမှာ သောက်လို့အကောင်းဆုံး ကော်ဖီလို့ ဆိုရမလားပဲ။
အဲ့ဒီကနေမှ မြို့ထဲကို ပတ်ပြတဲ့အခါ နာမည်ကျော် ရှူးယဲလ်ကေးလ်မြစ်ပေါ်မှာ ဖြတ်သန်းတည်ဆောက်ထားတဲ့ စကရင်းဂါးဒန်းစထရိတံတား (Spring Garden Street Bridge) ကို ဖြတ်ခွင့်ရတယ်။ ရှူးယဲလ်ကေးလ်မြစ်ဆိုတာက ပင်ဆီလ်ဗေးနီးယားပြည်နယ် အရှေ့ဘက်ခြမ်းက အဓိကရမြစ်တစ်ခုဖြစ်ပြီး ၁၃၅ မိုင် လောက်ရှည်တဲ့မြစ်တစ်ခုပါ။
ဆွီဒင်လူမျိုးနယ်သစ်ရှာသူတစ်ဦးက စတင်တွေ့ရှိခဲ့တဲ့မြစ်တစ်ခုဖြစ်ပြီးတော့ ဆွီဒင်လိုတော့ မန်နီဂျက်စီကေးလ် (Menejackse Kill) ဒါမှမဟုတ် စကိုင်ယာကေးလ် (Skiar Kill) လို့ခေါ်ပါတယ်။ ဒတ်ချ်တွေ ဒီဒေသကိုသိမ်းပိုက်လိုက်ချိန်မှာတော့ ရှူယဲလ်ကေးလ်လို့ခေါ်ဆိုခဲ့ကြပြီး ဒတ်ချ်ဘာသာနဲ့ဆိုရင် “ပုန်းကွယ်နေတဲ့ချောင်းကလေး” လို့ ခေါ်ဆိုတာပါတဲ့။ အဲ့ဒီအချိန်ကတည်းက ဒီမြစ်ကို ရှူယဲလ်ကေးလ်လို့ ခေါ်ဆိုလာခဲ့တာ ခုချိန်အထိတိုင်ပါပဲ။
အဲ့ဒီကနေပြီး ဆက်သွားတော့ ဖီလာဒဲလ်ဖီးယား အနုပညာပြတိုက် (Philadelphia Museum of Art) ဘက်ကိုသွားပါတယ်။ ဒီပြတိုက်က အမေရိကန်ပြည်ထောင်စုမှာ အကြီးဆုံးသော အနုပညာပြတိုက်တစ်ခု ဖြစ်ပါတယ်။ ပန်းချီ၊ ပန်းပုအနုပညာတွေတင်မကပါဘူး ရုပ်ရှင်ဇာတ်ကားတွေကိုပါ စုဆောင်းထားတာပါ။ ၁၈ ရာစုနှစ်နဲ့ ၁၉ ရာစုနှစ်ခေတ်ဝန်းကျင် ဉာဏ်သစ် (Renaissance) နဲ့ ဘရွတ် (Baroque) အနုပညာလက်ရာတွေကို ပြည့်ပြည့်စုံစုံစုစည်းထားတဲ့ ပြတိုက်တစ်ခုပါ။ ရန်ကုန်ပြန်ရောက်ပြီးနောက် Shazam! ရုပ်ရှင်ကြည့်ချိန်မှာ အနုပညာပြတိုက်ဝန်းကျင်မှာ ရိုက်ကူးထားတဲ့ ဇာတ်ဝင်ခန်းတွေကိုမြင်မိတော့ အော် ငါရောက်ခဲ့ဖူးတဲ့ နေရာတွေပါလားဆိုပြီး တွေးမိသေးရဲ့။

ဖီလာဒဲလ်ဖီးယားမှာ တခြားအထင်ကရနေရာတွေ အများကြီးရှိနေပါသေးတယ်။ ၁၈၉၃ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ ရီဒင်းဘူတာရုံဈေး (Reading Terminal Market)၊ ၁၈၂၉ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တဲ့ အရှေ့ပိုင်းပြည်နယ်များဆိုင်ရာ အကျဉ်းထောင် (Eastern State Penitentiary)၊ ပင်ဆီလ်ဗေးနီးယား သုခုမပညာပြတိုက် (Pennsylvania Academy of Fine Arts Museum)၊ နာမည်ကျော် ပန်းချီကားစုဆောင်းသူ ဒေါက်တာ ဘန်းစ် (Dr. Albert Barnes) စုဆောင်းထားတဲ့ ပြင်သစ် အင်ပရက်စ်ရှင်းနစ် (Impressionist) နဲ့ ပို့စ် အင်ပရက်စ်ရှင်းနစ် (Post-Impressionist) လက်ရာ ပန်းချီကားတွေကို ကြည့်ရှုနိုင်မယ့်ရဲ့ ဘန်းစ်ဖောင်ဒေးရှင်း (The Barnes Foundation)၊ ပလိစ်တက်ချ် ပြတိုက် (Please Touch Museum)၊ ဖီလာဒဲလ်ဖီးယားတိရိစ္ဆာန်ရုံ (Philadelphia Zoo)၊ ပြင်သစ်ပန်းပုပညာရှင် သြဂတ်စတီ ရိုဒင်ရဲ့လက်ရာတွေကို စုဆောင်းပြသထားတဲ့ ရိုဒင်ပြတိုက် (Rodin Museum)၊ သိပ္ပံပညာရှင်နဲ့ နိုင်ငံရေးသမား ဘင်ဂျမင် ဖရန်ကလင်ကို ဂုဏ်ပြုတည်ထောင်ထားတဲ့ ဖရန်ကလင် အင်စတီကျု သိပ္ပံပြတိုက်(The Franklin Institute Science Museum)၊ မြို့တော်ခန်းမ (City Hall) နဲ့ သမိုင်းဝင်နေရာတွေ စုစည်းတည်ရှိနေတဲ့ Society Hill Historic District တို့လည်း ရှိနေပါသေးတယ်။ ဒါပေမယ့် အချိန်မရတော့တာတော့ မဝင်ဖြစ်တော့ပါဘူး။
တကယ်ဆို ဖီလာဒဲလ်ဖီယားက ကိုယ်သွားချင်တဲ့ အဓိက နေရာမဟုတ်ဘူးလေ။ ကိုယ်စိတ်ဝင်စားတာက ဝါရှင်တန်မို့ ဝါရှင်တန်ကို နေ့ခင်းမတိုင်ခင် ခပ်သုတ်သုတ်သွားရမယ်မဟုတ်လား။ နယူးယောက်ခ်ကနေ ထွက်လာကတည်းက ရာသီဥတုက ခပ်စိမ့်စိမ့်မို့ အအေးကြိုက်တဲ့ ကျွန်တော့်အတွက်တော့ ပျော်စရာခရီးပါ။