“ကာဘရီယိုမှ မက်ဟက်တန်သို့” ကန့်လန့်ဖြတ် အမေရိကခရီး – ၁၁

ဝါရှင်တန်မြို့ United States Capitol အဆောက်အအုံ

‘အိမ်ဖြူတော်ကို တရုတ်တွေဝိုင်းထားပြီ’

ဖီလာဒဲဖီးယားနဲ့ ဝါရှင်တန်က မိုင် ၁၄၀ စွန်းစွန်းပဲ ဝေးတာမို့ ကားနဲ့သွားရင် ၂ နာရီခွဲကျော်ကျော်ပဲ မောင်းရပါတယ်။  ဖီလာဒဲဖီးယားမှာ အချိန်သိပ်မကုန်ခဲ့တော့ နေရောင်ကောင်းကောင်းရနေချိန်မှာ ဝါရှင်တန်ကို ခြေချနိုင်ခဲ့တယ်။ ဝါရှင်တန်ရောက်တော့ နေအတော်မြင့်နေပြီဆိုပေမယ့် ရာသီဥတုကတော့ အေးနေဆဲပါ။

ဝါရှင်တန်ရောက်ရောက်ချင်း အရင်ဆုံး ဝင်တာကတော့ ယူအက်စ် ကက်ပီတော်လ် (United States Capitol) အဆောက်အအုံဆီပါ။ ကက်ပီတော်လ်၊ ဝါရှင်တန်အထိမ်းအမှတ်ကျောက်တိုင် (Washington Monument) နဲ့ လင်ကွန်းအထိမ်းအမှတ် အဆောက်အအုံ (Lincoln Memorial) တို့က မျဉ်းဖြောင့်အတိုင်း တစ်တန်းတည်း တည်ရှိနေတာဖြစ်ပြီးတော့ အလယ်မှာ နေရှင်နယ်မောလ် (National Mall) ဆိုတဲ့ မြက်ခင်းရင်ပြင်ကျယ်ကြီး ရှိပါတယ်။

နေရှင်နယ် မောလ်ရဲ့ ဘယ်ညာ နှစ်ဘက်မှာတော့ စမစ်ဆိုနီယမ် အင်စတီကျူ လေကြောင်းနှင့် အာကာသပြတိုက် (The National Air and Space Museum of the Smithsonian Institution) နဲ့ အမျိုးသားမော်ကွန်းတိုက် (National Archives Research Center) တို့က မျက်နှာချင်းဆိုင် အနေအထားနဲ့ တည်ရှိနေတာပါ။ ဝါရှင်တန်မြို့ကို စတည်ခဲ့တဲ့ မြို့ပြအင်ဂျင်နီယာ ပီယာရီ ချားလ်စ် လန်းဖန့် (Pierre Charles L’Enfant) က ယခုရောက်နေတဲ့ နေရှင်နယ်မောလ် နေရာကို သူ့ရဲ့ မြို့ကွက်မှာ အသေအချာ ဒီဇိုင်းရေးဆွဲပြီး ထည့်ထားခဲ့တာလို့ အဆိုရှိပါတယ်။

ချားလ်စ် လန်းဖန့်ရဲ့ မြို့ကွက်မပေါ်ခင် နှစ်ပေါင်းမြောက်များစွာတုန်းကတော့ ဒီနေရာမှာ အမေရိကန် အင်ဒီးယန်းတွေပဲ ကြီးစိုးခဲ့တာပါ။ မျိုးနွယ်စုပေါင်းစုံ နေထိုင်ခဲ့ကြတယ်လို့ အဆိုရှိပါတယ်။ အယ်လ်ကွန်ကီယွန် (Algonquian) စကားပြော ပီစ်ကက်တဝေး (Piscataway) မျိုးနွယ်တွေကတော့ အဓိက အုပ်စုတွေပေါ့။ လွတ်လပ်ရေးတိုက်ပွဲကာလမှာ နာမည်ကျော်လာမယ့် ပိုတိုမက်မြစ် (Potomac River) ဝန်းကျင်ကို ဥရောပနွယ်ဖွားတွေက စတင်ခြေချတော့ ၁၇ ရာစုဝန်းကျင်ပဲရှိပါဦးမယ်။ နောက်တော့ ကက်သလစ်သာသနာပြုအဖွဲ့တွေနဲ့ ဒေသခံတွေအကြား နယ်မြေလုပွဲတွေရှိလာခဲ့ပြီး ဥရောပသားတွေ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့်လည်း ပီစ်ကက်တဝေးတွေကို မေရီလန်းဘက်ကို နယ်မြေရွှေ့ပြောင်းစေခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ဒါဟာ ဝါရှင်တန်ဒေသမှာ ဥရောပသားတွေ ပထမဆုံးခြေချတဲ့ သမိုင်းပါပဲ။

၁၇၈၈ ခုနှစ်မှာတော့ ပြည်ထောင်စုကို အုပ်ချုပ်စီမံနိုင်ပြီး မဟာဗျူဟာအရ လုံခြုံစိတ်ချရတဲ့ နယ်မြေတစ်ခုမှာ မြို့တော်တည်ဖို့ စိတ်ကူးကြတဲ့အခါ ဒီနေရာဟာ ရွေးချယ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ အခြေခံဥပဒေရေးဆွဲကြတဲ့အခါမှာ အခန်း ၁၊ အကြောင်းအရာ ၈ မှာ မြို့တော်အင်္ဂါရပ်တွေနဲ့အတူ ဝါရှင်တန်ကို မြို့တော်အဖြစ် သတ်မှတ်ဖို့ ထည့်သွင်းရေးဆွဲခဲ့ကြပါတယ်။ ဒါပေမယ့် ခြေချနေထိုင်ခွင့် ဥပဒေက ၁၇၉၀ မှ အတည်ပြုနိုင်ခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ချားလ်စ် လန်းဖန့်ရဲ့ မြို့ပြဒီဇိုင်းအတိုင်း ပိုတိုမက်မြစ်ကမ်းကို အခြေတည်ပြီး မြို့ကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

၁၉ ရာစုနှစ်အတွင်းမှာ မီးလောင်လိုက်၊ စစ်ဖြစ်လိုက်နဲ့ ဘေးဒါဏ်တွေ ခနခနကြုံခဲ့တဲ့ ဒီမြို့ကြီးဟာ ခုချိန်မှာတော့ ကမ္ဘာ့အင်အားအကြီးဆုံးတိုင်းပြည်ကြီးရဲ့ မြို့တော်အဖြစ် ငွားငွားစွင့်စွင့်တည်ရှိနေပြီဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသည် အများဆုံးလာရောက်လည်ပတ်တဲ့ မြို့တွေထဲက တစ်ခုဖြစ်သလို ပျမ်းမျှအားဖြင့် တစ်နှစ်ကို ခရီးသည် သန်း ၂၀ လောက် လာရောက်လည်ပတ်လေ့ရှိပါတယ်။

ဝါရှင်တန်ဟာ မြို့တော်ကြီးဖြစ်ပေမယ့် လူဦးရေထူထပ်မှုအခြေအနေမှာတော့ အမေရိကန်ပြည်ထောင်စုမှာ အဆင့် ၂၀ မှာသာရှိပါတယ်။ မြို့တော်အတွင်းမှာနေထိုင်သူက လူ ၇ သိန်းစွန်းစွန်းသာရှိတာပါ။ ဒါပေမယ့် မြို့ပြဧရိယာတစ်ခုလုံးစာကို ထည့်သွင်းတွက်ချက်မယ်ဆိုရင်တော့ လူဦးရေ ၆.၂ သန်းလောက် ရှိပါတယ်။

တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီး ၃ ရပ်လုံးဟာ ဒီမြို့မှာပဲတည်ရှိနေပြီးတော့ ဒါတွေကတော့ ကွန်ဂရက်လွှတ်တော် (ဥပဒေပြုရေး) ၊ သမ္မတ (တိုင်းပြည်ဥသျှာင်) နဲ့ တရားရုံးချုပ် (တရားစီရင်ရေး) တို့ပါပဲ။ ဒီမဏ္ဍိုင် ၃ ရပ်လုံးဟာ ဝါရှင်တန်မှာ ရှိနေကြတာပါ။ တိတိကျကျ ပြောရမယ်ဆိုရင် နေရှင်နယ်မောလ်ရဲ့ ပတ်ပတ်လည်နားမှာလို့ ဆိုရပါမယ်။

ချယ်ရီပင်တန်းနဲ့ ဝါရှင်တန်အထိမ်းအမှတ် ကျောက်တိုင်

ဝါရှင်တန်မှာ နိုင်ငံတကာက သံရုံးပေါင်း ၁၇၇ ခုရှိနေသလို World Bank Group ၊ the International Monetary Fund (IMF) ၊ the Organization of American States ၊ American Association of Retired Persons (AARP) ၊ the National Geographic Society ၊ the Human Rights Campaign ၊ the International Finance Corporation နဲ့ the American Red Cross တို့လို ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေရဲ့ ရုံးချုပ်တွေလည်း အခြေစိုက်ထားကြပါတယ်။

ကျွန်တော်တို့ကို လိုက်ပို့တဲ့ မော်တော်ယာဉ်က နေရှင်နယ်မောလ်ရှေ့က အာကာသပြတိုက်ဘေးက ကားပါကင်မှာ ကားကို ထိုးထားတာမို့ ဒီနားတခွင်ကို သေချာပတ်မယ်လို့ စိတ်ကူးမိတယ်။ စိတ်ကသာပတ်ချင်နေတာ အမျိုးသားမော်ကွန်းတိုက်နဲ့ အာကာသပြတိုက်ကို ဟိုစပ်စပ်ဒီစပ်စပ် လေ့လာပြီးချိန်မှာ နေ့လယ်စာစားချိန်ရောက်နေပြီ။ ဒီတော့ နေရှင်နယ်မောလ်ရဲ့ မြက်ခင်းပြင်ပေါ်မှာ ခနထိုင်ပြီး နေ့လယ်စာကိုလည်း အဲ့ဒီအနီးနားမှာ ဖွင့်ထားတဲ့ တစ်ခုတည်းသော အသင့်စား အစားအစာအရောင်းဆိုင်လေးကနေ ဟော့ဒေါ့နဲ့ ကော်ဖီမှာပြီး ဗိုက်ဖြည့်လိုက်ရပါတယ်။

အလျား ၁ မိုင်ကျော် ရှည်ပြီး အနံ ပေ ၄၀၀ ဝန်းကျင်ကျယ်တဲ့ ဒီနေရာကြီးတစ်ခုလုံးမှာ စားစရာ ဒီဆိုင်တစ်ဆိုင်တည်း ရှိတာပါ။ ဟိုဟိုဒီဒီငေးရင်းမောရင်း၊ မာတောင်ပြီး အရသာမရှိတဲ့ ဟော့ဒေါ့ကို ကော်ဖီနဲ့ အတင်းမျိုချရင်း လမ်းဘေးစားသောက်ဆိုင်ပေါတဲ့ နယူးယောက်ခ်ကိုတောင် လွမ်းမိပါသေးတယ်။

ဝါရှင်တန်မြို့ထဲ လျှောက်ကြည့်တဲ့အခါ ပြတိုက်တွေချည်းပဲရှိတဲ့ မြို့များလားလို့ ထင်ရလောက်အောင်ကို ပြတိုက်တွေချည်းတန်းစီ မြင်ခဲ့ရပြီး တစ်မြို့လုံးဟာ ထုထည်ကြီးမားပြီး ခန့်ညားတဲ့ အဆောက်အအုံတွေချည်း သီးသန့်ရှိနေတယ်လို့ ထင်မှတ်မှားစရာပါ။

မြို့လယ်ကိုပတ်ကြည့်တော့ ဝါရှင်တန်အထိမ်းအမှတ်ကျောက်တိုင်၊ စမစ်သ်ဆိုနီယမ် လေကြောင်းနဲ့ အာကာသပြတိုက်၊ အမျိုးသားမော်ကွန်းတိုက်၊ အမေရိက အနုပညာပြတိုက် (Smithsonian American Art Museum) ၊ အမေရိကန် အင်ဒီယန်း အမျိုးသားပြတိုက် (National Museum of the American Indian) ၊ အာဖရိကန်-အမေရိကန် ပြည်တွင်းစစ် အထိမ်းအမှတ်ပြတိုက် (African American Civil War Museum) ၊ အမေရိကန် တက္ကသိုလ်များပြတိုက် (American University Museum at the Katzen Arts Center) ၊ အမျိုးသား အနုပညာပြခန်း (National Gallery of Art) ၊ စမစ်ဆိုနီယမ် အမေရိကန်သမိုင်းဆိုင်ရာ အမျိုးသားပြတိုက် (Smithsonian National Museum of American History) ၊ နိုင်ငံတကာ စပိုင်ပြတိုက်နှင့် ပြခန်းနေရာ (International Spy Museum) ၊ ဟစ်ရွှန်း ပြတိုက်နှင့် ပန်းပုဥယျာဉ်  (Hirshhorn Museum) ၊ အမျိုးသားပထဝီဝင်ဆိုင်ရာပြတိုက် (National Geographic Museum) ၊ အာဖရိကန် အမေရိကန် သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အမျိုးသားပြတိုက် (National Museum of African American History and Culture) ၊ အမျိုးသား ရုက္ခဗေဒဥယျာဉ် (United States Botanic Garden) ၊  အမေရိကန် ပြည်ထောင်စု ဟိုလိုကပ်စ် အထိမ်းအမှတ်ပြတိုက် (United States Holocaust Memorial Museum) ၊ သဘာဝသမိုင်းဆိုင်ရာ အမျိုးသားပြတိုက် (Smithsonian National Museum of Natural History) ၊ တော်လှန်ရေး၏ သမီးပျိုများ ပြတိုက် (Daughters of the American Revolution Memorial Hall) ၊ ဖို့ဒ် ပြဇာတ်ရုံ အမျိုးသား သမိုင်းဝင် နေရာ (Ford’s Theatre) ၊ အမေရိကန်-ဂျာမန် အမွေအနှစ် ပြတိုက် (German-American Heritage Museum of the USA) စသဖြင့် သမိုင်းဝင် အထိမ်းအမှတ်နဲ့ ပြတိုက်နေရာပေါင်း ဆယ်နဲ့ချီရှိနေပါတယ်။ နောက်ပြီး တစ်မြို့လုံးမှာလည်း ထူးထူးခြားခြား ဂျူးတွေ အများအပြားမြင်ခဲ့ရပါတယ်။

ဝါရှင်တန်မြို့ ညရှုခင်း

ဝါရှင်တန်ဟာ မြို့တော်ပီပီ လမ်းကျယ်ကျယ် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နဲ့မို့ တစ်ခါတစ်ခါမှာ ပျင်းစရာကောင်းတယ်လို့တောင် ထင်ရပါတယ်။ ညနေ စောင်းခါနီးမှာတော့ သမ္မတအိမ်ဖြူတော်ဘက်ကို ထွက်လာဖြစ်ခဲ့ပါတယ်။ ခန့်ညားလှတဲ့ အိမ်ဖြူတော်ဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက်တော့ မဖြစ်မနေ လာရောက်လည်ပတ်ကြည့်ရှုစရာ အထင်ကရနေရာတစ်ခုပါ။

သမ္မအိမ်ဖြူတော်ဟာ အမှတ် ၁၆၀၀၊ ပင်ဆယ်ဗေးနီးယားရိပ်သာလမ်း၊ အနောက်မြောက်ဧရိယာမှာတည်ရှိနေတာပါ။ အိုင်ယာလန်ဖွား ဗိသုကာ ဂျိမ်းစ် ဟိုဘန်က အိုင်ယာလန်ပါလီမန်အဆောက်အအုံရဲ့ ဒီဇိုင်းကို မှီငြမ်းဒီဇိုင်းရေးဆွဲပြီးတည်ဆောက်ခဲ့တာပါ။ အိမ်တော်ရဲ့ ဗိသုကာစတိုင်ကတော့ ဂန္တဝင်သစ်စတိုင် (Neoclassical style) လို့ဆိုပါတယ်။ ၁၇၉၂ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး အိမ်ဖြူတော်ဆိုပေမယ့် အညိုရောင်အဆင်းရှိတဲ့ သဲကျောက် (Aquia Creek sandstone) နဲ့ တည်ဆောက်ကာ ဆေးအဖြူရောင်သုတ်ထားတာပါ။

၁၈၀၀ ပြည့်နှစ်မှာ တည်ဆောက်မှုတွေ ပြီးစီးခဲ့ပြီးတော့ အမေရိကန်ပြည်ထောင်စုရဲ့ ဒုတိယမြောက်သမ္မတ အဒမ်စ် ဂျွန်ဆင်လက်ထက်ကနေစတင်ပြီး လက်ရှိတိုင်း သမ္မတတိုင်းနေထိုင်ရာ အိမ်တော်အဖြစ် တည်ရှိနေခဲ့တာဖြစ်ပါတယ်။ ၁၈၁၂ ခုနှစ် ဗြိတိသျှတပ်တွေ ဝါရှင်တန်ကို မီးတင်ရှို့တော့ အိမ်ဖြူတော်လည်း အတော်လေးပျက်စီးခဲ့ရဖူးပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ အိမ်ဖြူတော်ကို အဆင့်ဆင့် အဆင့်မြှင့်တင်မှုတွေ ပြင်ဆင်မှုတွေ မကြခနပြုလုပ်ခဲ့ပြီးတော့ သမ္မတ ထရူးမင်းလက်ထက်မှာဆိုရင် အတွင်းဘက်နေ စတီးဘောင်အကွပ်တွေနဲ့ပါ အားဖြည့်အစားထိုးမှုပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် မြေအောက်ကိုလည်း ထပ်မံတိုးချဲ့ခဲ့ပြီး တရားဝင်မှတ်တမ်းတွေအရ မြေအောက်ထပ် ၂ ထပ်ရှိတယ်ဆိုပေမယ့် တရားမဝင်မှတ်တမ်းတွေအရ ၁၀ ထပ်လောက်အထိ အောက်မှာ တိုးချဲ့တည်ဆောက်ထားတယ်လို့ ဆိုကြတာမျိုးလည်းရှိပါတယ်။

ဒီဘက်ခေတ်မှာတော့ အိမ်ဖြူတော်ဟာ သမ္မတ အိမ်တော်သာမက ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာ Tour Attraction တစ်ခုလည်းဖြစ်နေပါပြီ။ လက်မှတ်ဝယ်ယူကာ လည်ပတ်နိုင်ပြီး တစ်နှစ်ကို ခရီးသွား ၁.၂၅ သန်းလောက် လာရောက်လည်ပတ်လေ့ရှိပါတယ်။ ဒီလို ဧည့်သည်များခြင်းနဲ့အတူ ထူးခြားတာကတော့ အိမ်ဖြူတော် ခြံဝင်းပတ်ပတ်လည်မှာ လမ်းဘေးဈေးသည်တွေ ပြည့်နှက်နေပြီး အသင့်စားအစားအသောက်ဆိုင် အနည်းငယ်ကလွဲပြီး ကျန်တာက အမှတ်တရပစ္စည်းနဲ့ အင်္ကျီရောင်းနေကြသူတွေပါ။

အထူးခြားဆုံးကတော့ အမေရိကန်သမ္မတအိမ်ဖြူတော် ပတ်ပတ်လည်မှာ ဈေးလာရောင်းနေကြတဲ့ လမ်းဘေးဈေးသည်တိုင်းက တရုတ်တွေချည်းဖြစ်နေတာပါ။ ဈေးသည်အားလုံးပါပဲ။ စပ်စပ်စုစုရှိလှတဲ့ ကျွန်တော်ကလည်း ဈေးသည်အားလုံးကို ဆိုင်ပေါက်စေ့လိုက်ကြည့်ဖြစ်တာမို့ ဆိုင်တိုင်း တရုတ်တွေချည်း ဖွင့်ထားတာကို မြင်ခဲ့ရတာပါ။ ဒီနေရာကို တရုတ်ခရီးသွားတွေ ဘယ်လောက်လာရောက် လည်ပတ်ကြသလဲဆိုတာကို ခန့်မှန်းနိုင်သလို တရုတ်နဲ့ ပလဲပနံမသင့်တဲ့ ထရမ့်ပ်တစ်ယောက် တရုတ်လမ်းဘေးဈေးသည်တွေကြားမှာ နေနေရတာကို တွေးမိတော့ ပြုံးမိပါသေးတယ်။

သမ္မတ အိမ်ဖြူတော်

အဲ့ဒီနောက်မှာတော့ အိမ်ဖြူတော် ခြံဝင်ထဲ ဝင်လေ့လာဖြစ်ခဲ့ပေမယ့် စက္ကန့်ပိုင်းလေးမှ တကယ့်စက္ကန့်ပိုင်းလေးပါပဲ။ ရုတ်တရက် လုံခြုံရေးတွေရောက်လာပြီး ဧည့်သည်တွေကို နှင်ထုတ်ပါတော့တယ်။ အကြောင်းပြချက် ရေရေရာရာ မပြောပေမယ့် အိမ်ဖြူတော်ခြံဝင်းထဲက ခရီးသွားတိုင်း မည်တွန်တောက်တီးပြီး အကုန်ပြန်ထွက်ခဲ့ကြရပါတယ်။ အပြင်လမ်းမပေါ် ရောက်ချိန်မှာ ကားတွေကိုအနံ့ခံခွေးတွေနဲ့ လိုက်စစ်နေတာကိုပါ မြင်ခဲ့ရပြီး ပြဿနာကြီးကြီးမားမားတစ်ခုခု တက်နေတဲ့ပုံပါပဲ။ စိတ်အနှောင့်အယှက်ဖြစ်စရာတွေထဲက ဟာသတစ်ခုကတော့ အိမ်ဖြူတော်ပတ်ပတ်လည်မှာ တရုတ်တွေက ဈေးရောင်းနေချိန်မှာ ဒေသခံလူဖြူတွေက ကမ္ဘာလှည့်ခရီးသွားတွ စီးဖို့ အပျော်စီးလန်ချားလေးတွေ နင်းနေကြတာပါ။

အိမ်ဖြူတော်မှာ အချိန်မကုန်လိုက်တာမို့ လင်ကွန်းအထိမ်းအမှတ် (Lincoln Memorial) အဆောက်အအုံဘက်ကို အချိန်ပေးသွားဖြစ်ခဲ့ပြီး ဟိုမှာလည်း ကျိတ်ကျိတ်တိုးလို့ပါပဲ။ ဟိုရောက်ချိန်မှာ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ဒေသခံဧည့်သည်တွေ ပြည့်နှက်နေပြီး ညနေဆည်းဆာချိန်မို့ အဆောက်အအုံပေါ်က လှေခါးထစ်တွေမှာ လူတွေပြည့်နှက်လို့နေပါတယ်။

လင်ကွန်းအထိမ်းအမှတ် အဆောက်အအုံက ၁၆ ဆက်မြောက် သမ္မတ အေဗရာဟမ် လင်ကွန်းကို ဂုဏ်ပြုဖန်တီးထားတဲ့ အဆောက်အအုံတစ်ခုပါ။ နေရှင်နယ်မောလ်ရဲ့ အနောက်ဘက်အဆုံးသတ်နေရာမှာ တည်ရှိပါတယ်။ အတွင်းထဲမှာ လင်ကွန်းထိုင်နေပုံ ပန်းပုရုပ်ကြီးကို ထည့်သွင်းထွင်းထုထားတဲ့ ဂရိဘုရားကျောင်းအသွင်ဆောင်နေတဲ့ ဂန္တဝင်သစ်လက်ရာ အဆောက်အအုံတစ်ခုပါ။ အေသင်စ်က ဇူးစ်ဘုရားကျောင်းနဲ့ အတော်လေးဆင်တူပါတယ်။ ပန်းပုရုပ်ကြီးကို အမေရိကန် ပန်းပုဆရာ ဒန်နီယယ် ချက်စတာ ဖရန့်ချ် (Daniel Chester French) နဲ့ အီတလီပန်းပုဆရာတွေဖြစ်ကြတဲ့ ပီချီရီလီ ညီအကိုတွေ (Piccirilli Brothers) တွေက ဖန်တီးခဲ့ကြတာပါ။ အဆောက်အဦးကို ဆေးသုတ်တဲ့အပိုင်းနဲ့ အလှဆင်တဲ့အပိုင်းတွေကိုတော့ ဂျူးလ်စ် ဂွာရင် (Jules Guerin) က ပြုလုပ်ပါတယ်။ ၁၉၂၂ ခုနှစ်မှာပြီးစီးခဲ့ပြီးတော့ ၁၉၃၀ ခုနှစ်ကတည်းက ကမ္ဘာ့လှည့်ခရီးသွားတွေကို ဆွဲဆောင်ရာနေရာဖြစ်ခဲ့တာ ခုချိန်အထိပါပဲ။

လင်ကွန်းအထိမ်းအမှတ် အဆောက်အအုံနေရာကနေ လှမ်းမျှော်ကြည့်လိုက်ရင် ခပ်လှမ်းလှမ်း ရှေ့တည့်တည့်မှာ ဝါရှင်တန် အထိမ်းအမှတ် ကျောက်တိုင်နဲ့ ယူအက်စ် ကက်ပီတော်လ်တို့က လှပလို့နေပါတယ်။ ဒါကိုက ဝါရှင်တန်မြို့ရဲ့ အလှတရားတွေထဲက အလှဆုံးမြင်ကွင်းဖြစ်ပါတယ်။ ဝါရှင်တန်ကနေ ထွက်လာတော့ သူတို့မြို့ရဲ့ အမွေအနှစ်အဆောက်အအုံတွေကို ထိမ်းသိမ်းထားပုံကို အားကျမိရင်း ပတ်ဝန်းကျင်ကို ငေးရင်းမောရင်းပေါ့။

ပိုတိုမက်မြစ်ကို ဖြတ်သန်းပြီးတဲ့အခါ ညီညာချောမွတ်တဲ့ ကတ္တရာလမ်းမလေးဟာ စိမ်းစိုတဲ့ ထင်းရူးတောလေးအတိုင်း တောအုပ်လေးထဲကို ခေါ်ဆောင်သွားပါတော့တယ်။ ဘေးပတ်ဝန်းကျင်ဟာ သစ်ပင်သစ်တောတွေ၊ စိမ့်စမ်းတွေနဲ့ ငြိမ်းအေးစွာ လှပနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးဟာလည်း အေးချမ်းတိတ်ဆိတ်လို့နေပါတယ်။

ဦးခေါင်းထဲမတော့ အမေရိကန်တွေဟာ သူတို့ရဲ့ မြို့တော်ကို ဘယ်လောက်တောင် နေချင့်စဖွယ်ဖြစ်အောင် ဖန်တီးထားတာပါလိမ့်လို့ တွေးတာရင်း နောက်ထပ် ခရီးတစ်ထောက်ဖြစ်တဲ့ နိုင်ရာဂရာ ရေတံခွန်တည်ရှိရာ ကနေဒါနယ်စပ်ဘက်ကို ဆက်ပြီး ခရီးဆက်လာခဲ့ပါတော့တယ်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *