“ကာဘရီယိုမှ မက်ဟက်တန်သို့” ကန့်လန့်ဖြတ် အမေရိကခရီး – ၁၂

Corning မှန်ပြတိုက်

‘ရေခဲမြစ်ကမ်းက အချမ်းဇာတ်’

ဝါရှင်တန်ကနေ မြောက်ပိုင်းက နိုင်ရာဂရာဘက်ကို သွားဖို့အတွက်ဆိုရင် နယူးယောက်ခ်ပြည်နယ်ကို ပြန်ဖြတ်ရပါတယ်။ အချိန်လည်း နည်းနည်းလင့်လာပြီဖြစ်တာမို့ လမ်းမှာတစ်ညဝင်အိပ်ပြီး နောက်တစ်နေ့ မနက်ရောက်တော့မှ နာမည်ကျော် ကော်နင်း မှန်စက်ရုံတည်ရှိရာ ကော်နင်းကို ဆက်သွားပါတယ်။ ဒီကနေတဆင့် နိုင်ရာဂရာဆီ ခရီးဆက်ရမှာကိုး။

ကေ်ာနင်းဟာ စမတ်ဖုန်းလက်ထဲမှာ ရှိသူတိုင်းနီးပါး ရင်းနှီးနေတဲ့ စကားလုံးတစ်ခုဖြစ်ပါတယ်။ လူဦးရေ ၁ သောင်းစွန်းစွန်းသာရှိပြီး အေးအေးချမ်းချမ်းရှိလှတဲ့ ဒီမြို့လေးဟာ Corning Inc. အခြေစိုက်ရာ မြို့လေးဖြစ်ပါတယ်။

ကော်နင်းဟာ ကမ္ဘာ့စမတ်ဖုန်းလောကကို မြေလှန်ပစ်ခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ နာမည်ကြီး အမှတ်တံဆိပ် စမတ်ဖုန်းတိုင်း သူနဲ့ ကင်းနိုင်တာ ခပ်ရှားရှားရယ်ပါ။ သူတို့ရဲ့ ကော်နင်း ဂေါ်ရီလာ ဂလက်စ် (Corning Gorilla Glass) တွေဟာ စမတ်ဖုန်းအများစုမှာ အသုံးပြုနေတဲ့ မျက်နှာပြင်မှန်အမျိုးအစားဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နည်းပညာထုတ်ကုန် ၅ ဘီလီယံကျော်လောက်မှာ ကော်နင်းမှန်ပြားတွေ အသုံးပြုထားကြပြီး သန်း ၂၀၀ လောက်က စမတ်ဖုန်းတွေဖြစ်ကြပါတယ်။

ကော်နင်းကို ရောက်တဲ့အခါ သူတို့ရဲ့ စက်ရုံဘေးနားမှာ Corning Museum of Glass ဆိုတဲ့ မှန်ပြတိုက်ကို တွေ့ရပါတယ်။ ၁၉၅၁ ခုနှစ်မှာ Corning Glass Works (ယခု Corning Inc.) က စတင်တည်ထောင်ခဲ့တဲ့ အဆိုပါမှန်ပြတိုက်ထဲမှာ ကော်နင်းမြို့ မှန်လုပ်ငန်းရဲ့ သမိုင်းကြောင်းတွေနဲ့ မှန်ကို အသုံးပြုပြီးဖန်တီးထားတဲ့ အနုပညာလက်ရာတွေကို ပြသထားပါတယ်။ ပြတိုက်ထဲမှာ မှန်နဲ့ဖန်တီးထားတဲ့ ထုတ်ကုန်ပစ္စည်းပေါင်း ၅၀၀၀ လောက်ပြသထားပြီးတော့ တစ်ချို့ပစ္စည်းတွေဆိုရင် နှစ်သက်တမ်း ၃၅၀၀ ဝန်းကျင်အထိ သက်တမ်းရှိနေတာတွေပါ။

ဒါ့အပြင် မှန်နဲ့ ဖန်တီးထားတဲ့ အရုပ်တွေ၊ မိုနိုပိုလီနဲ့ ချက်စ်ကစားနည်းတွေ၊ မုန့်ပုံတူ အလှဆင်အရုပ်တွေကလည်း စိတ်ဝင်စားစရာကောင်းလှသလို လက်ရာလည်းအလွန်မြောက်လှပါတယ်။

သို့ပေမယ့်လည်း ဒီပြတိုက်ကို လာလေ့လာသူအများစုဟာ ၂ ထပ် အဆောက်အအုံရဲ့ အပေါ်ထပ်က မှန်ပြတိုက်ထက် အောက်ထပ်က အရောင်းစင်တာကို ပိုစိတ်ဝင်စားကြပုံရကြပါတယ်။ တရုတ် ကမ္ဘာလှည့်ခရီးသွားတွေ အုပ်လိုက်လာလည်ကြတာမြင်ရသလို အောက်ထပ် ဈေးရောင်းခန်းမမှလည်း လက်ဆောင်ပစ္စည်းဝယ်သူတွေ အပြည့်ပါပဲ။ ဒေသခံတွေရဲ့ အဆိုအရဆိုရင်တော့ ပြတိုက်ဟာ သူတို့မြို့ရဲ့ တစ်ခုတည်းသော လူစိတ်ဝင်စားစရာနေရာဆိုတာပါပဲ။ မြို့လေးက ဘယ်လောက်သေးပြီး ဒေသခံတွေက ဘယ်လောက်ရိုးသားကြလဲဆိုတာ တွေးသာကြည့်ပါတော့။

တကယ်တော့ ကော်နင်းဟာ နယူးယောက်ခ်ပြည်နယ်ထဲက မည်ကာမတ္တမြို့လေးတစ်မြို့ရယ်ပါ။ နယူးယောက်ခ်ပြည်နယ် စတူဘန်အရပ်မှာ တည်ရှိပါတယ်။ ကျွန်တော်တို့တွေက နယူးယောက်ခ်ပြည်နယ်ထဲမှာ ရှိတဲ့ နယူးယောက်ခ်မြို့ကနေ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်ထဲက ဖီလာဒဲလ်ဖီးယား၊ အဲ့ကနေတဆင့် မေရီလန်းနဲ့ ဗာဂျီးနီးယားပြည်နယ်တွေကြားထဲမှာရှိတဲ့ ဝါရှင်တန်တွေဆီကို ခရီးဆက်ခဲ့ပြီးမှ မြောက်ဘက်မှာရှိတဲ့ ကော်နင်းကို ပြန်လာခဲ့တာပါ။ ဒီတော့ တစ်ပြည်နယ်ထဲမှာရှိနေတဲ့ ကော်နင်းနဲ့ နယူးယောက်ခ်ကို တိုက်ရိုက်မသွားပဲ မိုင် ၂၀၀ ကျော်အထိပတ်ပြီး ခရီးနှင်ခဲ့ကြတယ်ဆိုပါတော့။

Corning Gorilla Glass ကြော်ငြာ

ဒီအရပ်ဟာ နယူးယောက်ပြည်နယ်ထဲမှာတော့ တောနယ်တစ်ခုလိုဖြစ်နေပြီးတော့ သမိုင်းကြောင်းအရလည်း မြို့အဖြစ် စတင်ဖွဲ့စည်းခဲ့တာက ၁၈၉၀ ခုနှစ်မှပါ။ ၁၇၉၆ ခုနှစ်ကတည်းက အခြေချနေထိုင်သူတွေ ရောက်နေကြပြီဆိုပေမယ့် ကျေးရွာအဆင့်ကိုတောင် ၁၈၄၈ ခုနှစ်မှ ရောက်ခဲ့တာပါ။

ဒါပေမယ့် ဒီတောခေါင်ခေါင်ဒေသလေးကို ဖွံ့ဖြိုးစေခဲ့တာက မှန်ချက်လုပ်တဲ့လုပ်ငန်းပါပဲ။ ၁၈၈၀ ကနေ ၁၉၁၅ ခုနှစ်ဝန်းကျင်တွေအထိ အမေရိကန်ရဲ့ အရည်အသွေးအကောင်းဆုံး မှန်တွေကို ထုတ်လုပ်ခဲ့ပြီး Crystal City လို့တောင် နာမည်ပြောင်အပေးခံခဲ့ရပါတယ်။ ဒီလိုမှန်လုပ်ငန်းနဲ့ကြီးပွားလာခဲ့ပေမယ့် ဒီဒေသရဲ့ ပထမဆုံးကုန်ထုတ်လုပ်ငန်းကတော့ သစ်ထုတ်လုပ်ရေးပါ။ ခုချိန်မှာတော့ ဒီလုပ်ငန်းတွေမရှိကြတော့ပါဘူး။ ဒေသရဲ့ စီးပွားရေးကို မှန်လုပ်ငန်းတွေကပဲ ထောက်မထားတဲ့အခြေအနေမျိုးပါ။

၁၉၇၂ ခုနှစ်မှာတော့ ဟာရီကိန်းမုန်တိုင်း အက်ဂ်နက်စ် (Hurricane Agnes) ကြောင့် ဒီမြို့ပိစိလေးဟာ အတော်လေးထိခိုက်ပျက်စီးခဲ့ရပါတယ်။ လူအသေအပျောက်ရှိခဲ့သလို ဆုံးရှုံးမှုတွေကလည်း ဒေါ်လာသန်းချီပါပဲ။ ဒါပေမယ့် ကော်နင်းသားတွေဟာ ပြန်လည်ထူထောင်နိုင်ခဲ့သလို မြို့ရဲ့ အဓိကထုတ်ကုန်လုပ်ငန်းဖြစ်တဲ့ မှန်ချက်လုပ်ငန်းကိုလည်း မထိခိုက်အောင် ကာကွယ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း တချို့သောဆုံးရှုံးမှုတွေကိုတော့ မရပ်တန့်နိုင်ခဲ့ပါဘူး။ မုန်တိုင်းအလွန်ကာလတွေကတည်းကစပြီး မြို့မှာ လူဦးရေလျော့ကျလာနေတာက ခုဆိုရင် မြို့လူဦးရေက ၁ သောင်းအောက်ကို ရောက်သွားမှာတောင် စိုးရိမ်နေရပါပြီ။ ၁၉၅၀ လောက်တုန်းကဆို ကော်နင်းမှာ နေထိုင်သူဟာ ၁၇၀၀၀ လောက်အထိ ရှိခဲ့ဖူးတာပါ။ လူငယ်တွေက ဒီဒေသမှာ မှန်လုပ်ငန်းကလွဲပြီး တခြားအနာဂတ်မရှိတဲ့အပေါ်မှာ သဘောမကျကြတာမို့ ဒေသကို ဆက်တိုက်စွန့်ခွာနေကြတာပါ။ ဒေသခံတွေကတော့ မှန်လုပ်ငန်းတွေသာမရှိတော့ရင် သူတို့မြို့လေးလည်းပျောက်ကွယ်သွားလိမ့်မယ်လို့ ယုံကြည်နေကြပါရဲ့။

ကော်နင်းကနေ မြောက်ပိုင်းကို ဆက်သွားတော့ လမ်းတစ်လျှောက်လုံးဟာ အုံ့ဆိုင်းနေပြီး မိုးရိပ်မိုးရောင်တွေသန်းနေပါတယ်။ ကော်နင်းနဲ့ နိုင်ရာဂရာက ၁၄၃.၂ မိုင်ကွာဝေးပြီး တိုက်ရိုက်အဝေးပြေးလမ်းမရှိပါတယ်။ လမ်းတစ်လျှောက်လုံးဟာ ပျင်းရိငြီးငွေ့ဖွယ် အတိပါ။ သွားခဲ့သမျှ အမေရိကတစ်ခွင်မှာ ဒီခရီးလမ်းဟာ စိတ်ခံစားချက်မကောင်းဆုံး ခရီးလမ်းဖြစ်ခဲ့ပါတယ်။

အကြောင်းအရင်းကတော့ ရာသီဥတုကြောင့်ပါ။ ကောင်းကင်ဟာ ညို့မှိုင်းနေပြီး နေရောင်လုံးဝ မထွက်ပါဘူး။ သစ်ပင်တွေဟာ ရာသီဥတုဒါဏ်ကြောင့် အရွက်မထွက်နိုင်ပဲ အရိုးပြိုင်းပြိုင်းထနေကြပြီး သဘာဝပေါက်ပင်တွေလည်း ကျိုးတိုးကျဲတဲရယ်ပါ။

ကျွန်တော်သွားတဲ့ ဧပြီလနှောင်းပိုင်းမှာ ဒီဒေသရဲ့ အမြင့်ဆုံးအပူချိန်က ၁၂ ဒီဂရီ ဆဲလ်စီးယပ်စ်ဖြစ်ပြီး အနိမ့်ဆုံးအခြေအနေတွေမှာ ၂ ဒီဂရီအထိုးကျတတ်ပါတယ်။ အအေးဆုံးလို့ ဆိုရမယ့် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီဝန်းကျင်တွေမှာဆိုရင် ၀ ဒီဂရီနဲ့ အနှုတ် ၈ ဒီဂရီကြားမှာ ရှိနေတတ်ပါတယ်။

နိုင်ရာဂရာနားက အကြီးဆုံး အမေရိကန်မြို့ဖြစ်တဲ့ ဘက်ဖလိုးကို ဖြတ်ပြီးတဲ့နောက်မှာ နိုင်ရာဂရာကို ရောက်ပါတယ်။ နိုင်ငံတကာ ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားမှုကို အကြီးအကျယ်ခံရတဲ့ ဒီမြို့ငယ်လေးဟာ လက်တွေ့မှာတော့ အိမ်အများစုဟာ ပျက်စီးယိုယွင်းနေကြပြီး လူချေကလည်း တိတ်ဆိတ်နေပါတယ်။ မြို့ထဲကို ဝင်လာရချိန်မှာ မြို့ပျက်တစ်ခုထဲကို ချဉ်းနင်းဝင်မိသလို ခံစားချက်မျိုးပါ။ ရုပ်ရှင်ဝါသနာအိုး ကျွန်တော့်အတွက်တော့ Apocalypse ဆန်တဲ့ ခံစားချက်မျိုးလို့ စိတ်ထဲကနေ တွေးနေမိပါသေးတယ်။ 

နိုင်ရာဂရာရေတံခွန်ထဲက အပျော်စီးလှေတစ်စီး

နောက်ပိုင်း ဟိုတယ်ရောက်မှာ လေ့လာကြည့်မိတော့ ဒီဒေသဟာ မှုခင်းဖြစ်ပွားမှုနှုန်း ဆိုးဆိုးရွားရွားမြင့်တက်နေပြီး ဒေသခံတစ်ချို့ဟာလည်း အိမ်တွေကို စွန့်ခွာနေကြပြီလို့ဆိုပါတယ်။ ထွက်ခွာသွားတဲ့လူတွေနေရာမှာ လူမည်းတစ်ချို့အစားထိုးဝင်လာနေကြပြီး သူတို့ကြောင့်ပဲ မှုခင်းဖြစ်ပွားမှုတွေက ပိုပိုဆိုးလာနေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ပြည့်တန်ဆာလုပ်ငန်းကို တရားမဝင်လုပ်ငန်းအဖြစ် သတ်မှတ်ထားတဲ့ နယူးယောက်ပြည်နယ်ထဲက ဒီမြို့လေးမှာ ပြည်တန်ဆာလုပ်ငန်းတွေနဲ့ ရဲစခန်းက တစ်လမ်းတည်းမှာ အတူရှိနေတာက ထူးခြားလှပါတယ်။ လူဦးရေ ၂ သိန်းခွဲကျော်သာရှိတဲ့ ဒီ ဘက်ဖလို ဧရိယာထဲက မှုခင်းဖြစ်ပွားမှုနှုန်းဟာ လူဦးရေ ၈ သန်းကျော် နေထိုင်တဲ့ နယူးယောက်မြို့ထက် ဘယ်လိုအမှုအခင်းမျိုးမှာမဆို ၂ ဆ ကျော်ပိုများပါတယ်။

နိုက်ရာဂရာကိုရောက်တော့ ဒီနေရာကွက်ကွက်လေးဟာ ဧရိယာဘယ်လောက်မှာ မကျယ်ဝန်းပဲ ဟိုတယ်နဲ့ တည်းခိုခန်းကလည်း နည်းပါတယ်။ မြို့ထဲမှာ ပြတိုက်ခပ်သေးသေးတစ်ချို့ရှိပေမယ့် မဖြစ်ညစ်ကျယ် ခပ်စုတ်စုတ်ပြလိုက်လေးတွေသာဖြစ်ပြီး လက်ရာတွေကလည်း အတော်ညံ့ပါတယ်။ ကျွန်တော်တည်းတဲ့ ဟောလီးဒေးအင်းကနေဆိုရင် ကမ္ဘာကျော် နိုင်ရာဂရာရေတံခွန်ကို ၃ မိနစ်လောက် လမ်းလျှောက်သွားရင် ရောက်နိုင်ပြီး လမ်းမှာ ဈေးဝယ်စင်တာ ခပ်အိုအိုတစ်ခုရှိပါတယ်။ ဈေးဝယ်စင်တာထဲမှာတော့ Food Court နဲ့ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေရှိပြီး Food Court ထဲက အိန္ဒိယအစားအစာအရောင်းဆိုင်လေးကတော့ လက်ရာ အတော်ကောင်းပါတယ်။ ဒါပေမယ့် အဲ့ဒီဆိုင်က စားဖိုမှူးတွေဟာ အိန္ဒိယလူမျိုးတွေမဟုတ်ပဲ မက္ကဆီကိုလူမျိုးတွေပါ။ LA မှာနေတဲ့ မိတ်ဆွေတစ်ယောက်ကတော့ ဒါဟာ အမေရိကရဲ့ ထုံးစံပဲလို့ ဆိုပါတယ်။ အနောက်ဘက်ကမ်းက တရုတ်ဆိုင်တွေမှာလည်း စားဖိုမှူးတွေဟာ တရုတ်တွေမဟုတ်ကြတော့ပဲ မက္ကဆီကန်တွေသာ ကြီးစိုးလာနေတယ်လို့ သူကဆိုပါတယ်။

ဟိုတယ်မှာ ခနတဖြုတ် နားပြီးတဲ့နောက်မှာ အရင်ဆုံးသွားဖြစ်တာက နိုင်ရာဂရာခံတပ်ဟောင်း (Fort Niagara) ဆီကိုပါ။ ကျွန်တော်နေတဲ့ ဟိုတယ်နဲ့ ခံတပ်ဟောင်းနဲ့က နာရီဝက်ခရီးလောက်ဝေးပါတယ်။ ခံတပ်ဟောင်းဆီကိုရောက်ချိန်မှာ နေ့ခင်းဘက်ကြီးပါ။ ဒါပေမယ့် အဲ့ဒီအချိန်အထိလဲ နေရောင်က ဘယ်မှာလဲ မေးရလောက်အောင်ကို နေရောင်မတွေ့ရပါဘူး။

Fort Niagara ဟာ နိုင်ရာဂရာကို သွားရောက်လည်ပတ်သူတိုင်း မဖြစ်မနေဝင်ကြည့်သင့်တဲ့ နေရာတစ်ခုပါ။ သမိုင်းဝင် ခံတပ်ဟောင်းနဲ့ အမှတ်တရပြတိုက်တွေရှိပါတယ်။ အထူးသဖြင့် ခံတပ်ဟောင်းဟာ ဝိတိုရိယခေတ် ခံတပ်တွေကို မမြင်ဖူးသူတွေအတွက် အတွေ့အကြုံကောင်းတစ်ခုဖြစ်လာမှာသေချာပါတယ်။ အုတ်တံတိုင်း ပတ်ပတ်လည် ကာရံထားပြီး ကျုံးနဲ့သစ်လုံးတပ်ပါ ကာဆီးထားတဲ့ ခံတပ်ဟာ ခုချိန်အထိ ခိုင်ခံ့ကြံ့ခိုင်မှုကို ဝံ့ဝံ့ကြွားကြွားပြသနိုင်နေဆဲဖြစ်ပါတယ်။

နိုင်ရာဂရာ ရေတံခွန်

ဒီနေရာဟာ အမေရိကန်တွေနဲ့ အင်ဒီယန်းတွေ မဟာမိတ်အဖြစ် ပေါင်းစည်းပြီး ပြင်သစ်တို့ရဲ့ New France နိုင်ငံတော်ကို တွန်းလှန်အနိုင်ယူရာနေရာဖြစ်ပေမယ့် တကယ်တမ်း ဒီခံတပ်ကို တည်ဆောက်ခဲ့တာက ပြင်သစ်တွေပါ။ ဒီခံတပ်ရဲ့ မူလခံတပ်ဟောင်းကို ပြင်သစ်တွေ အွန်တေရီယိုရေကန် (Lake Ontario) ပတ်ဝန်းကျင်ကို စိုးမိုးစဉ်ကာလ ၁၇၂၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ။ ၁၇၅၉ ခုနှစ်မှာ ဗြိတိသျှတွေလက်အောက်ကို ရောက်ခဲ့ပြီးတော့ ၁၈၁၅ မှာ အမေရိကန်ပြည်ထောင်စုပိုင် နေရာဖြစ်လာပါတယ်။

အေးစက်နေတည်ငြိမ်လွန်းတဲ့ အွန်တေရီယိုကန်ဘောင်ပေါ်မှာ ခန့်ခန့်ငြားငြားကြီး မေးတင်တည်ရှိနေတဲ့ နိုင်ရာဂရာခံတပ်ကြီးဟာ အမေရိကန်သမိုင်းကြောင်းနဲ့ ၁၇၊ ၁၈ ရာစုကာလ ဥရောပသားတွေရဲ့ နယ်မြေချဲ့စစ်ပွဲတွေအကြောင်းကို တော်တော်ကြီးပြောပြနိုင်တဲ့ နေရာတစ်ခုပါ။

အဲ့ဒီနောက်မှာတော့ ခံတပ်ကနေ နိုင်ရာဂါရာ ရေတံခွန်တွေဘက်ကို ပြန်လှည့်လာခဲ့ပါတယ်။ ခံတပ်ဟာ အွန်တေရီအိုရေကန်ကြီးနဲ့ နိုင်ရာဂရာမြစ်တို့ရဲ့ ထောင့်တည့်တည့်မှာ တည်ရှိနေတာဖြစ်ပြီးတော့ ရေတံခွန်တွေကတော့ မြစ်လမ်းကြောင်းပေါ်မှာရှိနေတာမို့ မြစ်ဖျားပိုင်းဆီဦးတည်ပြီး ၁၅ မိုင်လောက် ပြန်သွားရပါတယ်။

နိုင်ရာဂရာ ရေတံခွန် (Niagara Falls) ဟာ ရေတံခွန်တစ်ခုတည်းမဟုတ်ပဲ ရေတံခွန်ပေါင်းမြောက်များစွာ တွဲဆက်တည်ရှိနေတဲ့ နေရာတစ်ခုပါ။ အမေရိကန်နဲ့ ကနေဒါကို ပိုင်းခြားပေးထားတဲ့ အီရီရေအိုင်နဲ့ အွန်တေရီယို ရေအိုင်တို့ရဲ့ကြားက နိုင်ရာဂရာမြစ်ပေါ်မှာ တည်ရှိနေတာပါ။

ဒီရေတံခွန်တွေထဲမှာ အမေရိကန် ရေတံခွန် (American Falls) ၊ ကနေဒါ ရေတံခွန် (Canada Falls) ၊ ဟော့စ်ရှိုး ရေတံခွန် (Horseshoe Falls) နဲ့ ဘရီဒယ်ဗေးလ် ရေတံခွန် (Bridal Veil Falls) တွေပါဝင်ပါတယ်။ ဂုတ်ကျွန်း (Goat Island) နဲ့ လူနာကျွန်း (Luna Island) ဆိုပြီး ကျွန်းနှစ်ကျွန်းလည်း မြစ်လယ်မှာရှိပါတယ်။ နှစ်ခုလုံးဟာ အမေရိကန်ပိုင်နက်ထဲမှာပါ။ ဒါပေမယ့် ပိုလှပြီး ပိုကြီးပြီး ရင်သတ်ရှုမောဖွယ်အတိဖြစ်တဲ့ ကနေဒါရေတံခွန်က ကနေဒါဘက်ခြမ်းမှာ တည်ရှိနေတာပါ။

ကျွန်တော်ရောက်တဲ့အချိန်တုန်းကတော့ နိုင်ရာဂရာမြစ် ရေခဲအရည်စပျော်ကာစချိန်ဖြစ်တာမို့ မြစ်ထဲမှာ ရေခဲတုံးတွေ ပေါလောမြောနေတာက ရန်ကုန်ကလာတဲ့ ကျွန်တော့်အတွက်တော့ အထူးအဆန်းပါပဲ။ နွေဦးကာလဖြစ်တဲ့ ဧပြီလ ရေခဲအရည်ပျော်ကာစအချိန်မို့ ရေတံခွန်ရဲ့ အစိတ်အပိုင်းအတော်များများကို မဖွင့်သေးပါဘူး။

အမေရိကန်ဘက်ခြမ်းကနေ ရေတံခွန်တွေကို လှည့်ပတ်ကြည့်ရှုတာကလွဲပြီး ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ လေ့လာမိသလောက်လည်း ကမ္ဘာလှည့်ခရီးသွားတွေဟာ ပိုလှပြီး ပိုလုံခြုံမှုရှိတဲ့ ကနေဒါဘက်ခြမ်းကနေ ဒီရေတံခွန်ဆီကို ပိုလာကြပြီး အမေရိကန်ဘက်ကတော့ ခရီးသွားနည်းလာနေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့လို အမေရိကန် ခရီးသွားတွေသာ ဒီဘက်ခြမ်းကနေ လာကြတာပါ။

အမေရိကန်ဘက်ကခြမ်းကနေ လှမ်းကြည့်ရင် ကနေဒါဘက်ခြမ်းဟာ ခေတ်မှီ မိုးမျှော်အဆောက်အအုံကြီးတွေ ကာစီနိုကြီးတွေနဲ့ လှပထိန်ညီးနေပေမယ့် အမေရိကန်ဘက်မှာတော့ ခြောက်ကပ်တိတ်ဆိတ်လို့နေပါတယ်။ အထူးသဖြင့် မြင့်မားလှတဲ့ မျှော်စင်တာဝါကြီးပါရှိတဲ့ Casino Niagara အဆောက်အအုံကြီးဟာ ကနေဒါဘက်ခြမ်းက ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုပါ။ အမေရိကန်တွေကတော့ ကနေဒါဆီက ခရီးသွားတွေကို လုယူဖို့တော့ အတော်ကြိုးစားရပါဦးမယ်လို့ ကျွန်တော် တွေးနေမိတယ်။

နိုင်ရာဂရာ ရေတံခွန်ရဲ့ အလှ

နောက်တစ်နေ့မနက်မှာတော့ မနက်စောစောထပြီး ရေတံခွန်ကို နောက်တစ်ကြိမ် ပတ်ကြည့်ပါတယ်။ ရာသီဥတုနဲ့ အချိန်ကာလကြောင့် ဘာမှလုပ်စရာသိပ်မရှိပေမယ့် ရေတံခွန်ပတ်ဝန်းကျင်က အလှတရားတွေနဲ့တင် ဒီနေရာကို ရောက်တာ တန်တယ်လို့ အတွေးဝင်စေခဲ့တာပါ။

အဲ့ဒီနောက်တော့ မြစ်ကမ်းနားမှာရှိတဲ့ အမှတ်တရဖျော်ဖြေရေးအဆောက်အအုံဆီကို သွားလည်ပါတယ်။ ဒီနေရာမှာတော့ အမှတ်တရအရောင်းဆိုင်ရှိသလို နိုင်ရာဂရာရဲ့ သမိုင်းကြောင်းမှတ်တမ်းရုပ်ရှင်ကို ပြသတဲ့ ရုပ်ရှင်ရုံလေးလည်းရှိပါရဲ့။ ဒါနဲ့ ရုပ်ရှင်ဝင်ကြည့်ခဲ့ပါသေးတယ်။ ရုပ်ရှင်က တစ်ကားတည်းမဟုတ်ပဲ အချိန်အလိုက် ဇာတ်ကားအမျိုးမျိုးမို့ ကိုယ်နှစ်သက်ရာကို ဝင်ကြည့်နိုင်ပါတယ်။ ဒီလိုဖန်တီးပေးထားတာကိုတော့ သဘောကျပေမယ့် အဆောက်အအုံက အရမ်းကျဉ်းပြီး အထဲမှာရှိတဲ့ စားသောက်ဆိုင်ကလည်း ဝန်ထမ်းတောင်ရှာမရတာမို့ စိတ်ထဲအလိုမကျတော့ ဖြစ်မိပါရဲ့။

အဲ့ဒီနေ့မှာတော့ နေ့လယ်စာကို ဟိုတယ်မှာပဲစားပြီး ညနေပိုင်းမှာတော့ ဆန်ဒီယေဂိုကိုပြန်ဖို့အတွက် လေဆိပ်ရှိရာ ဘက်ဖလိုမြို့ကို ခရီးဆက်ပါတယ်။ ဒီတော့မှ တွေးမိလိုက်တာက ကျွန်တော့်ရဲ့ အရှေ့ဘက်ကမ်းခရီးစဉ်ဟာ ဒီညမှာတင် အဆုံးသတ်ခဲ့ပြီဆိုတာကိုပါပဲ။ ဒီညမှာထွက်မယ့်လေယာဉ်နဲ့ ကျွန်တော် ဆန်ဒီယေဂိုကို ပြန်မှာပါ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *