
‘ကန္တာရ ခရီးသည်’
နိုင်ရာဂရာမှာ ၂ ရက်နေပြီးတဲ့နောက်မှာတော့ ဆန်ဒီယေဂိုကို ပြန်ဖို့ ဘက်ဖလိုကို Uber တက္ကစီငှားပြီး ပြန်လာပါတယ်။ ဟိုတယ်ကိုလာကြိုတဲ့ တက္ကဆီ ဒရိုင်ဘာက စပိန်လူမျိုးတစ်ယောက်ပါ။ ကျူးဘားကနေတဆင့် အမေရိကန်မှာ လာအခြေချနေထိုင်သူပါတဲ့။ လမ်းတစ်လျှောက်လုံးသူနဲ့ စကားစမြည်ပြောဖြစ်တော့ နိုင်ရာဂရာဟာ နေဖို့ မသင့်တော်တော့တဲ့ အရပ်လို့ သူကဆိုပါတယ်။
လမ်းမှာထင်ထင်ရှားရှားမြင်တွေ့နိုင်တဲ့ နိုင်ရာဂရာမြစ်ကမ်းပါးက ရေအားလျှပ်စစ် စီမံကိန်းစက်ရုံကြီးကိုပြပြီး ဒါကြီးကြောင့် နိုင်ရာဂရာပျက်စီးနေတာလို့ ဆိုပါတယ်။ ဒီရေအားလျှပ်စစ် စီမံကိန်းကနေပြီးတော့ ကနေဒါနဲ့ အမေရိကန်ကို လျှပ်စစ်ဓာတ်အားအဓိက ပံ့ပိုးပေးနေတာဖြစ်ပေမယ့် ဒီစီမံကိန်းကြောင့်ပဲ ပတ်ဝန်းကျင် ဂေဟစနစ်ပျက်ယွင်းရပြီး နိုင်ဂရာမြစ်ထဲမှာ ငါးမျိုးစိတ်တွေ ကုန်သလောက်ဖြစ်နေပြီလို့ သူက ပြောပြပါတယ်။
နိုင်ရာဂရာကနေအထွက် ဘက်ဖလိုဘက်ကို အသွား နိုင်ရာဂရာမြစ်ကို တံတားကနေတဆင့် ဖြတ်ကူးတော့ မြစ်ကြောင်းထဲမှာ ရေတွေညစ်ညမ်းနေတာကို မြင်ခဲ့ရပါသေးတယ်။ ရေခဲတွေ အရည်ပျော်ကာစမြစ်ကြီးဟာ ညိုမောင်းမောင်း အရောင်အသွေးနဲ့ဖြစ်နေပြီး ရေခဲတုံးတွေဟာလည်း ခပ်ညိုညိုဖြစ်နေကြတာပါ။ လမ်းတစ်လျှောက်မှာလည်း ရပ်ဆိုင်းထားတဲ့ စက်ရုံအလုပ်ရုံတွေ ဟိုတစ ဒီတစနဲ့ရယ်ပေါ့။ မြို့မှာ လူနေနည်းလာတာမို့ တစ်ချို့စက်ရုံတွေ ပိတ်သွားကြတယ်ဆိုပါတော့။
ဘက်ဖလိုကိုရောက်တော့ ဘက်ဖလိုလေဆိပ်ကနေ ဆန်ဒီယေဂိုကို တန်းပြန်ပါတယ်။ လေယာဉ် ၆ နာရီခွဲလောက် စီးလိုက်ရတာမို့ လူလည်း အတော်ပြိုင်းသွားခဲ့ပါတယ်။ ဒါပေမယ့် ခြေထောက်မှာ ဗွေပါတဲ့ ကျွန်တော့်မှာ သွားစရာ ခရီးက မကုန်သေးပါဘူး။ အယ်အေက အသိမိတ်ဆွေတွေကလာခေါ်လို့ လော့စ် အိန်ဂျယ်လိစ်ကို ချက်ခြင်းထလိုက်သွားရပြန်ပါတယ်။ လာ့စ် ဗီးဂတ်စ်ကို သွားဖို့ပါတဲ့။ ဒါနဲ့ အယ်လ်အေကို နောက်တစ်ကြိမ်ပြန်ရောက်ခဲ့တယ်ပေါ့။ အယ်လ်အေနဲ့ အတော် ကံစပ်တဲ့ ကျွန်တော်ရယ်ပါ။

အယ်လ်အေ ရောက်ပြီး နေ့မဆိုင်းပဲ ချက်ခြင်းဆိုသလို လာ့စ် ဗီးဂတ်စ်ကို ကားနဲ့ ခရီးဆက်ကြပါတယ်။ လိုက်ပို့တာက အယ်လ်အေက မိတ်ဆွေရင်းချာကြီးဖြစ်တဲ့ အန်ကယ် ဂေးလ်ဘတ်ပါ။ LA မှာနေတဲ့ အကြမ်အတော်များများက သူတို့အိမ်ကိုရောက်ဖြစ်ပေမယ့် တကယ်တမ်းတည်းခိုဖြစ်တာတော့ ဒီတစ်ကြိမ်မှပါ။ တနေ့ကမှ ရေခဲနေတဲ့ ရေတံခွန်ကြီးဆီက ပြန်လာတဲ့ ကျွန်တော့်မှာ နာရီပိုင်းအတွင်း အမေရိကန် အနောက်အလယ်ပိုင်း သဲကန္တရာထဲ ရောက်သွားပြန်ရပါတော့တယ်။
ကျွန်တော်တို့ ဗီးဂတ်စ်ကို သွားတဲ့နေ့က စနေနေ့မို့ အယ်လ်အေကနေ လာ့စ်ဗီးဂတ်စ်ကို သွားတဲ့ လမ်းဟာ လမ်းအတော်ပိတ်ပါတယ်။ လမ်းမတစ်လျှောက် ကားတွေအားလုံးဟာ လာ့စ် ဗီးဂတ်စ်တစ်မြို့တည်းကိုပဲ စုပြုံသွားနေကြသလား ထင်စရာပါ။
ပူပျင်းခြောက်သွေ့လှတဲ့ ကန္တရာထဲမှာ ပတ်ဝန်းကျင်တစ်ခုလုံးဟာ ညိုဖျော့ဖျော့ အသွေးအရောင်ကိုသာ မျက်စိတစ်ဆုံး မြင်နိုင်တွေ့နေရတာပါ။ နေရောင်အောက်မှာ ပြောင်ပြောင်ဝင်ဝင်းဖြစ်နေတဲ့ တောင်ကုန်းတွေနဲ့ သဘာဝပေါက်ပင်ဆိုလို့ တစ်ခုတစ်လေတောင် မမြင်ရတဲ့ လွင်တီးခေါင်ပြင်တွေချည်းသာ ပတ်ဝန်းကျင်မှာ ကြီးစိုးလို့နေတာပါ။ အယ်လ်အေကနေ ၄ နာရီကျော် ကားမောင်းလို့ပြီးချိန်မှာတော့ ဗီးဂတ်စ်မြို့နားကို ရောက်ပါတယ်။ နဗားဒါးပြည်နယ်နဲ့ ကာလီဖိုးနီးယားပြည်နယ်နှစ်ခုအကြားက နယ်စပ်မြို့လေး ပရင်းမ် (Primm) မှာ အဆာပြေဝင်စားကြပါတယ်။ နောက်မိနစ် ၄၀ ကျော်လောက် ဆက်သွားပြီးချိန်မှာတော့ လာ့စ် ဗီးဂတ်စ်မြို့ကို ရောက်ပါပြီ။ မြို့ထဲ စတင်ဝင်ပါပြီဆိုကတည်းက ကာစီနိုရုံတွေက ဆီးကြိုလို့နေတော့တာပါပဲ။
ကျွန်တော်တို့ ဗီးဂတ်စ်ကို ရောက်ချိန်မှာ မှောင်ရီပျိုးစပြုနေပါပြီ။ Marriot မှာတည်းဖို့ စီစဉ်ထားပေမယ့် အဆင်မပြေမှုတစ်ချို့ဖြစ်လာတာမို့ ဟိုတယ်ပြောင်းရပါတယ်။ ဟိုတယ်အသစ်မှာတော့ နေရာထိုင်ခင်းအဆင်ပြေပေမယ့် အဓိက ကာစီနိုကြီးတွေနဲ့ နည်းနည်းလှမ်းသွားပါတယ်။
နေရာထိုင်ခင်းကိစ္စ စီစဉ်ပြီးချိန်မှာတော့ ညစာစားဖို့ ဘလာဂျီယို ဟိုတယ် (Bellagio Hotel) ဆီကို အသည်းအသန် ပြန်ပြေးရပါတယ်။ ဘယ်လာဂျီယိုက လာ့စ် ဗီးဂတ်စ် စထရစ်ပ် (Las Vegas Strip) ရဲ့ အလယ်နားမှာရှိတာမို့ ပြွတ်သိပ်ကျပ်ညပ်နေတဲ့ လမ်းမကြီးမှာ ခန္ဒီပါရမီကို နှလုံးမူပြီး သွားခဲ့ရတယ်ဆိုပါတော့။
လာ့စ် ဗီးဂတ်စ် စထရစ်ပ် (Las Vegas Strip) ဆိုတာက ကမ္ဘာကျော် ကာစီနိုရုံကြီးတွေနဲ့ ဟိုတယ်ကြီးတွေ တစုတဝေးတည်းတည်ရှိနေတဲ့ တောင်ပိုင်း လာ့စ်ဗီးဂတ်စ် လမ်းမကြီး (South Las Vegas Boulevard) ပါ။ ဒီလမ်းမကြီး တစ်လျှောက် တောင်ဘက်ကနေ စဝင်လာမယ်ဆိုရင် မန္တလေးဘေး (Mandalay Bay) ၊ အိတ်စ်ကာလီဘာ (Excalibur) ၊ ထရိုပီကာနာ (Tropicana) ၊ တီမိုဘိုင်းလ် အရီနာ (T-Mobile Arena) ၊ အမ်ဂျီအမ် ဂရန်း (MGM Grand) ၊ မာရီးယော့တ် ဂရန်း ရှေတူး (Marriott’s Grand Chateau) ၊ ကော့စ်မိုပိုလီတန် (Cosmopolitan) ၊ ပလန်းနက် ဟောလီးဝုဒ် (Planet Hollywood) ၊ ပဲရစ် (Paris) ၊ ဆီဇာ ပဲလေ့စ် (Caesars Palace) ၊ ဖလာမင်ဂို (Flamingo) ၊ ကာစီနို ရိုင်ရယ်လီ (Casino Royale) ၊ မိုင်းရော့ချ် (The Mirage) ၊ ဆားကပ် ဆားကပ် (Circus-Circus Hotel and Casino) ၊ ဟီလ်တန် ဂရန်း (Hilton Grand) ၊ လက်ကီး ဒရဂွန် (Lucky Dragon) စတဲ့ နာမည်ကျော် ဟိုတယ်ကြီးတွေ တည်ရှိနေပါတယ်။

ကျွန်တော်တို့ ညစာစားဖို့ သွားခဲ့တဲ့ ဘယ်လာဂျီယိုကတော့ ရုပ်ရှင်ဝါသနာအိုးတွေဆို သိကြမယ်ထင်ပါတယ်။ နာမည်ကျော် Ocean 12 ရုပ်ရှင်ဇာတ်ကားထဲက အဓိက ဇာတ်အိမ်တည်ရာနေရာမို့ပါ။ ကာစီနိုထဲကို ဝင်လိုက်တာနဲ့ စားပွဲဝိုင်းတိုင်းက လူပြည့်နေတော့တာပါပဲ။ ဘူဖေးညစာရောင်းချတဲ့ စားသောက်ဆိုင်က ကာစီနိုကိုဖြတ်ပြီးဝင်ရတာမို့ ကာစီနိုဝိုင်းတွေကိုငေးရင်း တိုးရင်းဝှေ့ရင်း ခပ်သွက်သွက်ကလေး နှင်ရပါတယ်။ အကြောင်းကတော့ ဘွတ်ကင်တင်ဖို့ ခက်လို့ပါတဲ့။ တိုးရင်းဝှေ့ရင်း ညစာအတွက် စားပွဲဝိုင်းတစ်နေရာရခဲ့တာမို့ ကံကောင်းခဲ့တဲ့ညလို့ဆိုရမှာပါ။
အကျွေးအမွေးစုံလင်မှုနဲ့ ဘူဖေးဖြစ်ပေမယ့် စားပွဲတစ်ဝိုင်းချင်းစီအလိုက်ကို အသေးစိတ် ဝန်ဆောင်မှုပေးနိုင်မို့ တကယ်ကို နာမည်ကျော်ထိုက်တယ်လို့ ဆိုရမှာပါ။ လာ့စ် ဗီးဂတ်စ်က ဟိုတယ်တိုင်းနီးပါးမှာ ဘူဖေးကျွေးတဲ့ စနစ်ရှိတတ်ပေမယ့် ဘယ်လာဂျီယိုက ဘူဖေးကတော့ အကောင်းဆုံးလို့ မိတ်ဆွေလင်မယားက ဆိုဖူးပါတယ်။ သူတို့ဘာကြောင့် ဒီလို ညွှန်းသလဲဆိုတာကို ကောင်းကောင်း သဘောပေါက်သွားတယ်ဆိုပါတော့။
တကယ်တမ်း ဘယ်လာဂျီယိုဟိုတယ်ရောက်ကတည်းက ဘယ်နေရာနဲ့မှမတူပဲ ထူးခြားလွန်းတဲ့ ပတ်ဝန်းကျင်ကို သတိထားမိပါတယ်။ ထိန်ထိန်ငြီးနေတဲ့ မီးရောင်တွေအကြားမှာ ညလို့မထင်ရအောင်ကို စည်ကားနေခဲ့တာပါ။ လူတွေဟာ ကြွယ်ဝချမ်းသာခြင်းကလွဲပြီး ဘာမှ မပိုင်ဆိုင်ထားကြတော့သလိုမျိုးဟန်ပန်တွေနဲ့။ ကာစီနိုဝိုင်းတွေမှာ တောင်ပုံရာပုံဖြစ်နေတဲ့ ဒေါ်လာငွေစက္ကူတွေကို ရက်ရက်ရောရာ အသုံးပြုနေကြပြီး ငယ်ငယ်ရွယ်ရွယ် နုနုပျိုပျို မိန်းမငယ်လေးတွေ ကောင်လေးငယ်ငယ်လေးတွေဟာ ကြွယ်ပြီး သုံးနိုင်ဖြုံးနိုင်ဟန်တူတဲ့ လူတစ်ချို့နဲ့ ပျော်ရွှင်စွာ ဖြတ်သန်းသွားလာနေကြတာက ဒီပတ်ဝန်းကျင်ရဲ့ သမားရိုးကျမြင်ကွင်းဖြစ်ဟန်ပါပဲ။ ကမ္ဘာပေါ်က ပိုက်ဆံတွေ အားလုံးကို ဒီနေရာမှာ အလကားသုံးစွဲခွင့်ပေးထားလေသလားလို့ ကျွန်တော် တွေးလိုက်မိပါသေးရဲ့။
ဟိုတယ်ရဲ့ အစားအစားတွေကို ဗိုက်ထဲထည့်ပြီးတဲ့နောက်မှာ ခရီးတွေဆက်တိုက်သွားရင်း ပင်ပန်းလာတာတွေ စုလာတော့ ကျွန်တော့်မျက်လုံးတွေ စင်းလို့လာနေပါပြီ။ ဗီးဂတ်စ် စထရစ်ပ်မှာ အချိန်အနည်းငယ်ကြာ လည်ပတ်ခဲ့ပေမယ့် ခရီးလည်းပန်းထားတဲ့ ကျွန်တော့်ကတော့ တော်တော်လေး အိပ်ငိုက်နေပါပြီ။ ဘယ်ကိုမှ ဆက်သွားနိုင်တော့မယ့် ဟန်မရှိလို့ ဘယ်မှ မလည်မပတ်လိုက်နိုင်ပဲ တည်းမယ့်အခန်းကိုသာ ပြန်ခဲ့ရပါတယ်။ ကောင်းကင်ဘုံနီးပါး ပျော်ဖို့ကောင်းတယ်လို့ ညွှန်းဆိုကြတဲ့ ညမြို့တော် ဗီးဂတ်စ်မှာ ကျွန်တော်ကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရင်းသာ ဖြတ်သန်းလိုက်ရတာပါ။
နောက်တစ်နေ့ နေမွန်းတည့်ချိန်မှာတော့ ကျွန်တော်တို့ ဟူးဗားရေကာတာ (Hoover Dam) ဘက်ကို ခရီးဆက်ကြပါတယ်။ မူလတုန်းက ဟူးဗားဆည်ကိုသွားဖို့ မစီစဉ်ထားပေမယ့် ကျွန်တော်က ဗီးဂတ်စ်မှာ ဆက်နေဖို့ထက် အယ်လ်အေကိုပြန်နားဖို့ ပိုစိတ်အားထက်သန်နေတာမို့ အစီအစဉ်ပြောင်းလိုက်တယ်ဆိုပါတော့။ ဗီးဂတ်စ်မြို့ထဲကို ဖြတ်သန်းသွားတော့ ညက ငါရှိနေခဲ့တာ ဒီမြို့မှဟုတ်ပါလေစလို့ တွေးမိလောက်အောင်ကို လူသူရှင်းလင်းပြီး ချောက်ကပ်တိတ်ဆိတ်လို့နေပါတယ်။ မိတ်ဆွေကတော့ ဒီမြို့က ဒီအတိုင်းပဲလို့ ကျွန်တော့်ကိုပြောပါတယ်။

နေ့ခင်း ၁ နာရီဝန်းကျင်လောက်မှာ ကျွန်တော်တို့ ဟူးဗားရေကာတာကိုရောက်ပါတယ်။ လမ်းမှာ မော်တော်ကားနဲ့ ဖြတ်သန်းသွားရင်း လှမ်းမြင်နေရတဲ့ မိ(တ်) ရေကန် (Lake Mead) ရဲ့ အလှကို ကားပေါ်မှာကတည်းက ကျွန်တော်က သဘောကျနေခဲ့တာပါ။
ဟူးဗား ရေကာတာက မိ(တ်) ရေကန်ကနေ မိုဟာဗီရေကန် (Lake Mohavi) ဆီကို စီးဝင်သွားတဲ့ ကော်လိုရာဒိုမြစ် (Colorado River) ကို ဆည်တားထားတာဖြစ်ပြီးတော့ ရေအားလျှပ်စစ်စီမံကိန်းလည်းရှိပါတယ်။ ကော်လိုရာဒိုမြစ်ပေါ်က ဘလက်ကန်ညွန် ကမ်းပါး (Black Canyon) မှာ တည်ဆောက်ထားတဲ့ Concrete arch-gravity dam အမျိုးအစား ဆည်ပါ။ ကမ္ဘာလှည့်ခရီးသွားတွေအတွက် Tour attraction site တစ်ခုဆိုလည်း မမှားပါဘူး။
တကယ်တမ်းအားဖြင့် ဒီဆည်ကို တည်ခဲ့ရာမှာ ၁၉၃၁ ခုနှစ်ကနေ ၁၉၃၆ ခုနှစ်အထိကြာခဲ့ပါတယ်။ အချိန်ကတော့ အချိန်ကောင်းပါ။ ကမ္ဘာ့စီးပွားပျက်ကပ်ကာလမှာတည်ခဲ့တာဖြစ်ပြီး ဆည်တည်ဆောက်ရေးလုပ်ငန်းခွင်မှာ ပေးဆပ်ခဲ့ရတဲ့ အသက်တွေလည်း ရာချီတယ်လို့ မှတ်တမ်းတွေကဆိုကြပါတယ်။ စတင်တည်ဆောက်စဉ်တုန်းကတော့ ဘိုးလ်ဒါးရေကာတာ (Boulder Dam) လို့ ခေါ်ခဲ့ပေမယ့် ၁၉၄၇ ခုနှစ်မှာတော့ ကွန်ဂရက်လွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်ချက်နဲ့ ၃၁ ဦးမြောက် အမေရိကန်သမ္မတ ဟားဗတ် ဟူးဗား (Herbert Clark Hoover) ကို ဂုဏ်ပြုကာ ဟူးဗား ရေကာတာလို့ အမည်ပြောင်းလဲခဲ့ပါတယ်။
ဟူးဗားနဲ့ ပတ်သက်ပြီး ငယ်ငယ်တုန်းက ဖတ်မှတ်ဖူးတဲ့ စာတွေအရ သိထားရတာကတော့ သူဟာ အမေရိကန်သမ္မတွေထဲမှာ မြန်မာပြည်မှာ အချိန်အတန်ကြာနေထိုင်ဖူးတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာပါပဲ။ ဟူးဗားဟာ ဗြိတိသျှပိုင် Burma Corporation အတွက် အလုပ်လုပ်ပေးဖူးပြီးတော့ နမ္မတူ ဘော်တွင်း သတ္တုတွင်းကနေ ငွေ၊ သွပ်၊ ခဲမဖြူနဲ့ အဖြိုက်နက်ထုတ်လုပ်ရေးမှာ ပါဝင်လုပ်ကိုင်ခဲ့ဖူးသူပါ။
ကျွန်တော်တို့ အယ်လ်အေကို ပြန်ဖို့ ရှိသေးတာမို့ ဟူးဗားရေကာတာမှာ အချိန်အကြာကြီး မနေဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ဓါတ်ပုံဝါသနာအိုး ကျွန်တော့်အတွက်တော့ ဒီနေရာရဲ့ နေရောင်ဖြာကျမှုအနေအထားကို သဘောကျမိတာကြောင့် ဓာတ်ပုံအတော်ရိုက်ဖြစ်ခဲ့ပါတယ်။

ဒီကနေထွက်ပြီးတော့ ကျွန်တော်တို့ ဘိုလ်ဒါစီးတီး (Boulder City) ကို ခနဝင်ပါတယ်။ မူလရည်ရွယ်ချက်ကတော့ နေ့လယ်စာစားဖို့ပါ။ ဒါပေမယ့် အဆင်ပြေတဲ့ဆိုင်ရှာမတွေရတာမို့ လမ်းက Fast-food ဆိုင်တွေမှာပဲ အဆာပြေမုန့်စားဖို့ ဆုံးဖြတ်ပြီး အယ်လ်အေကို အမြန်ပြန်ပါတော့တယ်။
ကျွန်တော်တို့ လမ်းမှာ Fast-food ပဲ ခနဝင်စားပြီး အယ်လ်အေကို အမြန်ပြန်တော့ ညနေစောင်းလောက်မှာ မြို့ထဲကိုရောက်ပါတယ်။ နေ့လယ်စာကို လမ်းက ကော်ဖီဆိုင်တစ်ခုမှာ ကြုံသလိုဝင်စားဖြစ်ခဲ့တာမို့ ညနေစာကိုတော့ အန်ကယ်ဂေးလ်ဘတ်ရဲ့ ပြုစုမှုနဲ့ အယ်လ်အေမြို့ထဲက ထိုင်းဆိုင်မှာ ယိုးဒယားစာကို အဝအပြဲစားဖြစ်ပါတော့တယ်။ အပူအစပ်အလွန်ကြိုက်တဲ့ ကျွန်တော့်အတွက်တော့ ယိုးဒယားစာစားရတာက အတော်လေး စိတ်ကျေနပ်စရာဖြစ်ခဲ့တယ်ဆိုပါတော့။
အဲ့ဒီညမှာတော့ အယ်လ်အေက အန်ကယ်တို့အိမ်မှာပဲ ညအိပ်ခဲ့ပြီး နောက်တစ်ရက်မှာတော့ ကျွန်တော် ဆန်ဒီယေဂိုကို ပြန်လာခဲ့ပါတယ်။
