“ကာဘရီယိုမှ မက်ဟက်တန်သို့” ကန့်လန့်ဖြတ် အမေရိကခရီး – ၁၄ (နောက်ဆုံး အပိုင်း)

ကာလီဖိုးနီးယားဘိန်းပန်းများ

‘ဆန်ဒီယေဂိုအလွမ်း’

နေရောင်ခြည်ဟာ ပတ်ဝန်းကျင်တစ်ခွင်ကို ဖြာလဲ့လို့ ကျနေတယ်။ တိုက်ခတ်လာတဲ့ လေပြေညှင်းလေးကတော့ လိုအပ်တာထက်ပိုပြီး အေးစက်နေသလိုပဲ။ တောင်ကုန်းခပ်မြင့်မြင့်ပေါ်ကနေ ပစိဖိတ်သမုဒ္ဒရာ ရေပြင်ကျယ်ကြီးကို လှမ်းငေးနေရတာကို ကျွန်တော် အမြဲတမ်းသဘောကျခဲ့တာ။ 

တစ်ချက်တစ်ချက် ခပ်သော့သော့ကလေးတိုက်ခတ်လာတတ်တဲ့ လေအဟုန်မှာ အင်နဲ့အားနဲ့ ရွက်တိုက်ဖို့ ချိန်ကိုက်စောင့်နေတဲ့ ရွက်လှေငယ်လေးတွေကလည်း ရေပြင်ပြာပြာအနှံ့မှာ ဟိုတစ်စီး ဒီတစ်စီးရယ်။ ကျွန်တော့်အတွေးထဲမတော့ ဒီမြင်ကွင်းကို သိပ်မကြာခင်မှာ ခွဲခွာရတော့မယ့်အကြောင်းတွေးရင်း လွမ်းသလိုလို။ ကျွန်တော် အိမ်ပြန်ရမယ့်ရက်နဲ့ နီးကပ်လာနေပြီမဟုတ်လား။

အယ်လ်အေကနေ နောက်ဆုံးတစ်ခေါက်ပြန်လာပြီးတဲ့နောက်မှာ ကျွန်တော် ဆန်ဒီယေဂိုက ကိုယ်မရောက်ဖြစ်သေးတဲ့ နေရာတွေကို ဆက်ပြီးသွားတယ်။ မရောက်ဖူးတဲ့နေရာတွေဆီသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထွက်လာခဲ့ပေမယ့် တကယ်တမ်းစပြီးရောက်ခဲ့တာက ဆန်ဒီယေဂိုကို ရောက်ရောက်ချင်း ပထမဆုံးသွားပြီး လည်ပတ်ခဲ့ဖူးတဲ့ ကာဘရီယိုအထိမ်းအမှတ် ရုပ်ထုကြီး (Cabrillo National Monument) ဆီပေါ့။ ပြောရရင် ဆန်ဒီယေဂိုမှာ ကျွန်တော် သဘောအကျဆုံးနေရာတစ်ခုလို့ ဆိုရမယ်။

တကယ်တမ်းသွားဖို့ထွက်လာတာကာ ကမ္ဘာကျော် ဘယ်လ်ဘိုအာဥယျာဉ် (Balboa Park) ကိုပါ။ ဧကပေါင်း ၁၂၀၀ လောက်ကျယ်ပြောတဲ့ သမိုင်းဝင် မြို့ပြအခြေပြု ယဉ်ကျေးမှုဥယျာဉ်ကြီးလေ။ ဒါပေမယ့် နေလေးကလည်းသာတော့ ကာဘရီယိုအငူဘက်ကို အရင်ခြေချဖြစ်တယ်ဆိုပါတော့။ ဒီလိုနဲ့ ပထမတစ်ကြိမ်တုန်းက မရောက်ဖြစ်တဲ့ ဧည့်ရိပ်သာ (Visitor Center) ဘက်ကို ဝင်လည်ဖြစ်တယ်။ 

ဧည့်ရိပ်သာမှာက ပြတိုက်ခပ်သေးသေးလေးရယ်၊ အမှတ်တရ အရောင်းဆိုင်လေးရယ်၊ ရုပ်ရှင်ရုံလေးရယ်ရှိတယ်။ ပြတိုက်လေးထဲမှာတော့ ဟွမ် ကာဘရီယို ဒီဒေသကို စတင်ရောက်ရှိလာချိန်ကနေစပြီး စုဆောင်းထားလို့ရသမျှ အမှတ်တရပစ္စည်းလေးတွေကို ပြထားတယ်။ အထူးသဖြင့် တိုင်းရင်းသားတွေရဲ့ ဝတ်စုံတွေ၊ စပိန်လက်နက်ကိုင်တွေရဲ့ စစ်ဝတ်စုံတွေ၊ လွန်ခဲ့တဲ့ နှစ်  ၃၀၀ လောက်က သေနတ်အဟောင်းကြီးတွေရယ်ဟာ အတော်လေးစိတ်ဝင်စားစရာတွေပါပဲ။

ရုပ်ရှင်ရုံထဲမှာတော့ ဆန်ဒီယေဂိုမှာ လူ့အဖွဲအစည်းတွေ ဘယ်လိုဖြစ်ပေါ် တိုးတက်လာတယ်ဆိုတာကို အထပ်ထပ်အခါခါကျော့ပြီး ပြနေတယ်။ ရုပ်ရှင်ရုံထဲက မှန်ကာထားတဲ့ ပြခန်းသေးသေးလေးတွေထဲမှာတော့ ဒီဒေသက တောကောင်လေးတွေရဲ့ ရုပ်လုံးသွင်းအရုပ်လေးတွေ ခင်းကျင်းပြထားတယ်။

ဒီနေရာမှာ ခနနေပြီးတဲ့နောက်မှာ မူလရည်ရွယ်ထားတဲ့အတိုင်း ဘယ်လ်ဘိုအာဥယျာဉ်ကို ဆက်သွားဖြစ်တယ်။ ဘယ်လ်ဘိုအာဥယျာဉ်ဟာ ကျယ်ပြန့်သလောက်အတွင်းမှာလဲ ဥယျာဉ်တွေ၊ ပြခန်းတွေ၊ ပြတိုက်တွေ၊ ပြဇာတ်ရုံတွေ၊ ရင်ပြင်တွေ၊ ယဉ်ကျေးမှုဌာနတွေနဲ့ စည်ကားသိုက်မြိုက်နေတဲ့ နေရာတစ်ခုပါ။ အထူးသဖြင့် ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး တိရိစ္ဆာန်ဥယျာဉ်တွေထဲက တစ်ခုဖြစ်တဲ့ ဆန်ဒီယေဂို တိရိစ္ဆာန်ဥယျာဉ်ဟာ ဘယ်လ်ဘိုအာဥယျာဉ်ကြီးထဲမှာ တစ်စိတ်တစ်ပိုင်းအဖြစ် တည်ရှိနေတာပါ။

ကျွန်တော်ကတော့ တိရိစ္ဆာန်ရုံဘက်ကို မသွားတော့ပါဘူး။ ရုက္ခဗေဒ အဆောက်အအုံ (Botanical Building) ဘက်ကို အရင်သွားပြီးတော့ အဲ့ဒီကနေတဆင့် အနီးနားက အနုပညာပြခန်းတွေဆီသွားဖို့ အစီအစဉ်ဆွဲလာခဲ့ပါတယ်။ ဒါပေမယ့် အနုပညာပြတိုက်မှာ သီးသန့်ပြပွဲပြုလုပ်ဖို့ ပြင်ဆင်နေတာမို့ ဝင်လို့မရခဲ့ပါဘူး။ သူတို့ ပြင်ဆင်ပြီး ပြန်ဖွင့်မယ့်အချိန်က ကိုယ်အိမ်ပြန်ရမယ့်အချိန်နဲ့ ကိုက်နေတာမို့ မစောင့်ဖြစ်တော့ဘူး ဆိုပါတော့။

ဘယ်လ်ဘိုအာ အာကသနှင့်လေကြောင်းပညာပြတိုက်

ဒါပေမယ့် အနီးအနားက ပြတိုက်တကာကို လျှောက်ပတ်ကြည့်ပါတော့တယ်။ ၁၅၂ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ ဘယ်လ်ဘိုအာဥယျာဉ်ကြီးထဲမှာက ဗဟိုအနုပညာပြခန်း (Centro Cultural de la Raza) ၊ ဂျော့ဂျ် မာစ်တန် စံအိမ် (George W. Marston House) ၊ မင်ဂျီ ပြတိုက် (Mingei International Museum) ၊ ဓာတ်ပုံ အနုပညာပြတိုက် (Museum of Photographic Arts) ၊ ဆန်ဒီယေဂို မော်တော်ယာဉ် ပြတိုက် (San Diego Automotive Museum) ၊ သမိုင်းဌာန (San Diego History Center) ၊ အနုပညာပြတိုက် (San Diego Museum of Art) ၊ ဆန်ဒီယေဂို သဘာဝသမိုင်းပြတိုက် (San Diego Natural History Museum) စတဲ့ပြတိုက်တွေ အပါအဝင် ပြတိုက်ပေါင်းမြောက်များစွာ တည်ရှိနေတာပါ။

အရိပ်ရလို့ တစ်ထောက်ဝင်နားရင်း ရောက်ဖြစ်ခဲ့တဲ့ ကာဆာဒယ်လ် ပရာဒို ပြဇာတ်ရုံ (Casa del Prado Theater) ကတော့ စပိန်စတိုင် ဗိသုကာလက်ရာအမွှန်းအပြောက်တွေနဲ့ အနုစိတ်တန်ဆာဆင်ထားတာမို့ ရင်သပ်ရှုမောဖွယ်ရာ အဆောက်အဦးတစ်ခုလို့ ဆိုရပါလိမ့်မယ်။ တကယ်ကို အမောပြေသွားစေတဲ့အထိ လက်ရာက ကောင်းမွန်လွန်းတာပါ။

ပြတိုက်တွေဘက်ကနေတဆင့် စပိန်ရွာ (Spanish Village Art Center) ဘက်ကို ဆက်သွားပါတယ်။ စပိန်ရွာက ဘယ်လ်ဘိုအာဥယျာဉ်ထဲမှာ ကျွန်တော် သဘောအကျဆုံးနေရာပါ။ လက်မှတ်ဝယ်ပြီး ရွာလေးထဲကို ဝင်လိုက်တာနဲ့ ရောင်စုံကြွေပြားတွေနဲ့ ခင်းထားတဲ့ရင်ပြင်လေးက ဆီးကြိုလို့နေပါရဲ့။ ဒီရွာငယ်လေးထဲမှာ ပန်းချီ၊ ပန်းပု စတုဒီယိုပေါင်းမြောက်များစွာရှိပြီးတော့ အမှတ်တရလက်ဆောင်တွေ ဝယ်ယူလို့ရပါတယ်။ ပန်းပုထုတာကို ကိုယ်တိုင် တိုက်ရိုက်ကြည့်ချင်တယ်ဆိုလည်း ရပါတယ်။

စပိန်ရွာဝင်ပေါက်ရဲ့ မျက်စောင်းထိုးမှာ အင်မတန်ကြီးတဲ့ သစ်ပင်ကြီးတစ်ပင်ရှိပါတယ်။ ရုတ်တရက် အဝေးကလှမ်းကြည့်ချိန်မှာ ညောင်ပင်လို့ထင်ခဲ့မိပေမယ့် နောက်ပိုင်းမှာ သိလာတာက ကတွတ်ပင်ကြီးပါတဲ့။ Moreton Bay Fig tree လို့ ခေါ်ကြတဲ့ ဒီအပင်ကြီးဟာ နှစ်ပေါင်း ၁၁၀ သက်တမ်းရှိနေပါပြီ။ အမြင့်က ၇၈ ပေမြင့်ပြီးတော့ အကိုင်းအခက်တွေရဲ့ အလျားက ၁၂၃ ပေပါ။ ပင်စည်ရဲ့ လုံးပတ်က ပေ ၄၀ ကျော်တယ်လို့ ဖတ်မှတ်ဖူးပါတယ်။ ဒီဥယျာဉ်ထဲမှာ အလေးအနက်ထားထိမ်းသိမ်းထားတဲ့ သဘာဝပေါက်ပင်တစ်မျိုးဆိုပါတော့။

ဥယျာဉ်ထဲကနေ ပြန်တော့ နေ့လယ် ၃ နာရီဝန်းကျင်လောက်ရှိပါပြီ။ ထုံးစံအတိုင်း ဆန်ဒီယေဂိုကောလိပ်ဘေး လမ်းကြားကနေဖြတ်ပြီး တည်းခိုရာ အန်တီလဲ့တို့အိမ်ကို ပြန်ပါတယ်။ လမ်းဘေးတစ်ဖက်တစ်ချက်က တောင်ကုန်းလေးတွေပေါ်မှာ ကာလီဖိုးနီးယားဘိန်းပန်းလေးတွေ အပွင့်တွေဝေလို့ နေပါပြီ။ လမ်းဘေးဝဲယာနေရာတွေတိုင်းမှာ ပန်းပင်ပန်းပွင့်လေးတွေတွေ့နိုင်တာက ဆန်ဒီယေဂိုရဲ့ ဆွဲဆောင်မှုတစ်ခုမဟုတ်လား။ အမှတ်ရကျန်ခဲ့မယ့် အရာတွေထဲက တစ်ခုဆိုပါတော့။

အိမ်ပြန်ရောက်ပြီး ညနေပိုင်းရောက်တော့ ထုံးစံအတိုင်း ဝိုင်တစ်ခွက်နဲ့ ကာလီဖိုးနီးယားရဲ့ နေရောင်ကို ထိုင်ပြီးခံစားဖြစ်တယ်။ ဆိတ်ငြိမ်ရပ်ကွက်ပီပီ တိတ်ဆိတ်ပြီး ငြိမ်းချမ်းတဲ့ ခံစားချက်မျိုးကိုလည်း ရပါရဲ့။ တစ်ချက်တစ်ချက်မှာ မီရမာလေတပ်က တိုက်လေယာဉ်တွေ တက်သွားတဲ့ အသံတွေကလည်း ပုံမှန်ကြားနေရဆဲ။

ညပိုင်းမှာတော့ ပစ္စည်းပစ္စယတွေသိမ်းဆည်းပြီ။ ရန်ကုန် ပြန်တော့မယ်လေ။ အမေရိကမှာနေခဲ့တဲ့ တစ်လအတွင်းမှာ သူတို့အိမ်မှာ ရှိတဲ့အချိန်တိုင်း ဗမာဟင်းတွေ မပြတ်ချက်ကျွေးတတ်တဲ့၊ လိုလေသေးမရှိ ကူညီပေးခဲ့တဲ့ အန်တီလဲ့တို့ လင်မယားကို ကျေးဇူးတင်စကားပြောပြီး နှုတ်ဆက်ရပါတယ်။

ဆန်ဒီယေဂို ကမ်းခြေတစ်နေရာ

ထုံးစံအတိုင်း အယ်လ်အေနဲ့ ကံစပ်တဲ့ ကျွန်တော်ဟာ အယ်လ်အေကို မနက်စောစော စီးစီး လာကြိုတဲ့ကားနဲ့ ခရီးဆက်ရပါတယ်။ အယ်လ်အေ လေဆိပ် (LAX) ရောက်တော့ မြန်မာခရီးသွားတွေနဲ့ ကြုံရတာမို့ သူ့အတွေ့အကြုံ ကိုယ့်အတွေ့အကြုံ မေးကြ မြန်းကြ ဖြေကြ ပြောကြပေါ့။

လေယာဉ်က အယ်လ်အေကနေ  ဂျပန်၊ ကိုရီးယားတို့ကို ဖြတ်ပြီး ဟောင်ကောင်လေဆိပ်ဆီကို ပျံသန်းသွားမှာပါ။  လေယာဉ်ပေါ်က မြေပုံစနစ်အရ ကိုယ်ဖြတ်သန်းပြီး ပျံသန်းသွားတဲ့ မြို့တွေကို ကြည့်ရှုလို့ရတယ်။ လေယာဉ်ချိန် ၁၆ နာရီလောက်အတွင်း ဟိုလှည့်ဒီလှည့် ရုပ်ရှင်ကြည့်လိုက် ဂိမ်းဆော့လိုက် မြေပုံကြည့်လိုက်နဲ့ ဟောင်ကောင်ရောက်လာတော့ ညနေတောင်စောင်းနေပါပြီ။ ဟောင်ကောင်မှာတော့ မိုးခပ်ဖွဲဖွဲရွာထားပြီး ရာသီဥတုကတော့ သိပ်မအေးလှပါဘူး။

ဟောင်ကောင်လေဆိပ်မှာ ဆင်းချိန်ကျမှ ပြဿနာက ပေါ်လာပါတော့တယ်။ ဒါကတော့ MacBook ပါမလာတာပါပဲ။ ဟိုရှာဒီရှာနဲ့ လိုက်ရှာပေမယ့် မတွေ့ခဲ့ရပါဘူး။ LAX က ရှုပ်ထွေးများပြားလှတဲ့ စစ်ဆေးရေးဂိတ်တွေမှာ ထုတ်လိုက်သွင်းလိုက်လုပ်ရင်း တနေရာရာမှာ ကျန်ခဲ့ဟန်ပါပဲ။ LAX ကိုပြန်ဆက်သွယ်ပြီး ရှာပေမယ့် မရေရာခဲ့ပါဘူး။ လေဆိပ်က ပစ္စည်းပျောက်ရှာတဲ့ ဝက်ဘ်ဆိုက်ဆီကိုသာ အချက်အလက်တွေပြောပြီး မှာလိုက်ရပါတော့တယ်။ နောက်တစ်လလောက်အထိ လေဆိပ်ရဲ့ Lost & Found ဝက်ဘ်ဆိုက်မှာ နေ့စဉ်နဲ့အမျှ သွားသွားရှာပေမယ့် ကိုယ့်ကွန်ပျူတာလေးတော့ ပါမလာခဲ့ပါဘူး။ ခုချိန်အထိ MacBook လေးဟာ ဘယ်ဆီဘယ်များရောက်နေမလဲ တွေးနေမိတုန်းပါ။

ကံဆိုးမှုတွေက မပြီးခဲ့ပါဘူး။ ဟောင်ကောင်ကနေ ရန်ကုန်ကို လေယာဉ်တစ်ဆင့်ပြန်စီးမယ်ဆိုရင် အချိန်က ၃ နာရီ ခွဲလောက်ပဲ စီးရမှာပါ။ ဒါပေမယ့် လေယာဉ်က Delay ဖြစ်သွားတာမို့ တစ်နာရီ ခွဲလောက် ထပ်စောင့်လိုက်ရပါတယ်။ ဒီလိုနဲ့ လေဆိပ်မှာ ကြုံသလိုအချိန်ဖြုန်းပြီး ဒေသစံတော်ချိန် ည ၁၁ နာရီလောက်မှ  လေယာဉ်ပေါ်တက်ရပါတော့တယ်။

လေယာဉ်ပေါ်တက်ခါနီးမှာ သတိထားမိတာကတော့ လေယာဉ်တစ်စီးလုံးမှာ လူတစ်ဝက်လောက်က ဗမာတွေချည်းဆိုတာပါပဲ။ သင်္ဘောက ပြန်ဆင်းလာဟန်တူတဲ့ လူငယ်တစ်အုပ်လည်းပါတယ်ဆိုပါတော့။ လေယာဉ်ထွက်ချိန် နောက်ကျသွားတာမို့ မြန်မာပြည်ကို ပြန်ရောက်တဲ့ အချိန်ကလည်း နောက်ကျဦးမှာပါ။ ဟောင်ကောင်က ထွက်ချိန်ကိုက ည ၁၁ နာရီကျော်နေပြီမို့ ကျွန်တော်လည်း အိပ်ပြီးသာ အချိန်ဖြုန်း လိုက်ပါလာခဲ့ပါတော့တယ်။

မှေးခနဲ အိပ်ပျော်သွားပြီးတဲ့နောက် “ရန်ကုန် ရောက်ပြီ။ ရန်ကုန် ရောက်ပြီ” ဆိုတဲ့ သင်္ဘောသားအုပ်စုက လူငယ်တစ်ချို့ရဲ့ အော်သံကြောင့် ကျွန်တော် ရုတ်တရက် လူးလဲထလိုက်မိတယ်။ လေယာဉ် ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့ မှိတ်တုတ်မှိတ်တုတ် မီးရောင် ခပ်နည်းနည်းကလွဲပြီး တခွင်တပြင်လုံး မှောင်မဲနေတဲ မြို့ကြီးတစ်မြို့က ကျွန်တော်တို့ကို ဆီးကြိုလို့နေပါတယ်။ ဟုတ်ပါတယ်။ ရန်ကုန်ရောက်ပါပြီ။ ထုံးစံအတိုင်း မီးပြတ်နေပါတယ်။

ပြီးပါပြီ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *