
‘ရွှေတံတား၊ ဘာကလေနဲ့ အနောက်ကမ္ဘာက အာရှမြို့’
မြန်မာပြည်မှာတုန်းက တောထဲတောင်ထဲ မရောက်ဘူးတဲ့ ကျွန်တော်ဟာ ကာလီဖိုးနီးယားကိုရောက်မှ မျက်စိတဆုံးကျယ်ပြောလှတဲ့သစ်တောကြီးတွေကို မျက်ဝါးထင်ထင် စမြင်ဖူးရတယ်။
ဆန်ဒီယေဂိုကနေ ဆန်ဖရန်စစ္စကိုမြို့ (San Francisco) ကို လေယာဉ်နဲ့သွားတာပါ။ ဆန်ဖရန်စ္စကို အနီးနားကိုရောက်ကတည်းက စိမ်းစိုနေတဲ့ထင်းရူးတောကြီးတွေ အထပ်ထပ်ဖုံးနေတဲ့ တောင်ကုန်းတောင်တန်းကြီးတွေအကြား တိမ်မျှင်တိမ်သားတွေ မျောလွင့်ယှက်နွယ်နေပုံကိုမြင်ရတာဟာ ဘာနဲ့မှမတူတဲ့ စိတ်ငြိမ်းချမ်းမှုကို ခံစားရစေပါတယ်။
ဆန်ဖရန်စစ္စကို လေဆိပ်ကိုရောက်ပြီဆိုတာနဲ့ အရင်ဆုံးမြင်ရမှာကတော့ အာရှသားတွေပါပဲ။ အာရှနိုင်ငံတစ်ခုကို ရောက်နေသလိုကို ထင်မှတ်မှားစရာပါ။ လေဆိပ်သန့်ရှင်းရေးကနေစပြီး ဖိနပ်တိုက်သမား၊ အနှိပ်သည်၊ အရောင်းဝန်ထမ်း၊ ဆောက်လုပ်ရေး အလုပ်ကြမ်းသမားသာမက ရဲ၊ စစ်သား၊ လူမှုဝန်ထမ်းအရာရှိနဲ့ အကောက်ခွန်အရာရှိတွေအထိ အာရှမျက်နှာပေါက်နဲ့ လူတွေချည်း မြင်ရပါလိမ့်မယ်။
ကာလီဖိုးနီးယားပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဆန်ဖရန်စစ္စကိုမှာ ဘယ်လောက်တောင် အာရှသားများသလဲ ပြောပြဦးမယ်။ ရောက်ရောက်ချင်း နေ့တုန်းကပေါ့။ The Great Mall ကို ရောက်သွားတော့ နာမည်ကြီးကုန်အမှတ်တံဆိပ် ပစ္စည်းအရောင်းဆိုင်တိုင်းမှာ ရောင်းဝယ်ဖောက်ကားနေကြတဲ့ ရောင်းသူရော ဝယ်သူတွေပါ အာရှနွယ်ဖွားတွေချည်းဖြစ်နေတာမို့ ခုရောက်နေတာ အမေရိကလား စင်ကာပူလားလို့ နောက်ပြောင်ခဲ့ရတဲ့ အထိပါပဲ။
လူဦးရေ ၉ သိန်းနီးပါးရှိတဲ့ ဆန်ဖရန်စစ္စကိုမှာ အာရှနွယ်ဖွား ၃၃% အထိရှိပါတယ်။ ဥရောပအနွယ် လူဖြူ ၄၈% သာရှိပြီး သူတို့ထဲမှာ စပိန်စကားပြော ဟစ္စပန်နစ်တွေက ၁၅% လောက်ပါသေးတယ်။ အာရှသားတွေထဲမှာ လူအင်အားအများဆုံးကတော့ တရုတ်နွယ်ဖွားတွေဖြစ်ပြီးတော့ အာရှနွယ်ဖွား အားလုံးရဲ့ ၃ ပုံ ၂ ပုံ ကျော်အထိရှိပါတယ်။ တရုတ်တန်း၊ ဆန်းဆက်စီရင်စုနဲ့ ရစ်ချ်မွန်စီရင်စုဘက်တွေမှာ အများဆုံးနေထိုင်ကြပါတယ်။ တရုတ်တွေပြီးရင် လူအင်အားအတောင့်ဆုံးကတော့ ဖီလစ်ပီနိုတွေနဲ့ ဗီယက်နမ်တွေပါပဲ။ ဆန်ဖရန်စစ္စကိုခရိုင်ထဲက ဒါလေစီးတီးဟာ အမေရိကမှာ ဖီလစ်ပီနိုတွေအများဆုံး နေတဲ့နေရာပါ။
၁၇၇၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဆန်ဖရန်စ္စကိုဟာ အမွေအနှစ်နေရာ အများအပြားကို ထိမ်းသိမ်းစောင့်ရှောက်ထားနိုင်နေဆဲ ဖြစ်ပါတယ်။ စပိန်နယ်သစ်ရှာသူတွေ စတင်တည်ထောင်ခဲ့တဲ့ဒီမြို့မှာ မြို့တည်ထောင်စဉ်ကတည်းက တပါတည်း တည်ဆောက်ခဲ့တဲ့ ဆန်ဖရန်စ္စကို ခံတပ်ဟောင်း (Presidio of San Francisco) နဲ့ ဆန်ဖရန်စ္စကို ဒီ အဆီ ဘုရားကျောင်း (Mission San Francisco de Asís) တို့ ခုချိန်ထိ ရှိနေဆဲဖြစ်ပါတယ်။
ဆန်ဖရန်စစ္စကိုဟာ မြို့တည်ထောင်ပြီး နှစ် ၈၀ ဝန်းကျင်လောက်ကြာချိန်မှာမှ ရွှေခေတ်ကို ရောက်လာခဲ့တာပါ။ တကယ့် ရွှေခေတ် စစ်စစ်ပါပဲ။ ၁၈၄၉ ခုနှစ်မှာ ရွှေရှာသူတွေကြောင့် ဒီဒေသဟာ အနောက်ဘက်ကမ်းရိုးတန်းရဲ့ အကြီးဆုံးမြို့ဖြစ်လာခဲ့ပြီး ၁၉၀၆ ခုနှစ်မှာတော့ ပြင်းထန်လွန်းလှတဲ့ ငလျင်ကြီးနဲ့ မီးဘေးတို့ကြောင့် မြို့ရဲ့ ၄ ပုံ ၃ ပုံလောက် ပျက်ဆီးသွားခဲ့ရဖူးပါတယ်။ ဒါပေမယ့် ဆန်ဖရန်စစ္စကိုဟာ လွယ်လွယ်နဲ့ မလဲကျခဲ့ပါဘူး။ ချက်ခြင်းပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်ခဲ့ပြီး ၉ နှစ်အကြာမှာ Panama-Pacific International Exposition အခန်းအနားကို ခမ်းနားကြီးကျယ်စွာကျင်းပပြီး သူတို့ရဲ့ မူလအခြေအနေဆီကို ပြန်တက်လှမ်းပြခဲ့ပါတယ်။ ဒီမြို့ရဲ့ ပြာပုံထဲကနေ ပြန်ပြီးရုံးထွက်နိုင်စွမ်းက အံ့ဘန်းပါပဲ။
ဆန်ဖရန်စ္စကိုကို ရောက်ရောက်ခြင်းနေ့မှာ မြန်မာပြည်က ရောက်နေတဲ့ အသိမိတ်ဆွေတစ်ဦးက နေ့လယ်စာ ဖိတ်ကျွေးပါတယ်။ ဈေးဝယ်လည်းထွက်ကြရင်းဆိုတော့ Marina Square Center ဘက်သွားပြီး ဗီယက်နမ်စာ စားကြတယ်ပေါ့။ ဆန်ဖရန်စစ္စကိုရဲ့ နာမည်ကျော် Outlet Mall တွေထဲက တစ်ခုပေါ့။ အမေရိကန် Outlet တွေရဲ့ ထုံးစံအတိုင်း ဝယ်ရခြမ်းရအဆင်ပြေသလို ဈေးနှုန်းလည်းသင့်တင့်တယ်။ မြို့တွင်းက ဆိုင်ကြီးတွေထက် စာရင်ဈေးလည်းပေါတယ်လေ။

ဗီယက်နမ်ဆိုင်မှာ နေ့လယ်စာစားနေရင်း ဆိုင်မှာပြနေတဲ့ မှတ်တမ်းဗီဒီယိုကို အမှတ်မထင် လှမ်းကြည့်မိတော့ မြန်မာပြည်က ဘုရားစေတီပုထိုးတွေအကြောင်းဖြစ်နေတာမို့ ပီတိဖြစ်ခဲ့ရသေးရဲ့။ ဝယ်ခြမ်းစားသောက်ပြီးတဲ့အခါ နောက်တစ်နေ့ လည်ဖို့ပတ်ဖို့ အားမွေးရမှာမို့ ဟိုတယ်ကို စောစောပြန်နားတယ်။
နောက်တနေ့ ဧပြီလ ၁၉ ရက် မနက်ခင်းစောစောပိုင်းမှာတော့ ဒီမြို့ရဲ့နာမည်ကျော် ဖစ်ရှားမန်းစ်ဝှါ့ဖ် (Fisherman’s Wharf) နဲ့ လွန်းဘာ့ဒ်လမ်း (Lombard Street) ရဲ့ နေထွက်ချိန်အလှကို ကြည့်ဖို့ ခပ်စောစောထွက်ခဲ့ရတယ်။ ပိုဝဲလ်လမ်း (Powell Street) နဲ့ မားကက်လမ်း (Market Street) ထောင့်ကနေ ကေဘယ်လ်ရထား (San Francisco cable car system) စစီးပြီး လွန်းဘာ့ဒ်လမ်းအထိ သွားဖို့ပါ။ ဒီခရီးအတွက် ရထားခက တယောက်ကို ၇ ဒေါ်လာ ကျပြီး စပါယ်ယာလုပ်တဲ့ လူမည်းအမျိုးသားကြီးကတော့ အတော်အပေါက်ဆိုးလှပါတယ်။ ၁၅ ပေ လောက်ရှည်ပြီး ခုံတန်း ၂ ဘက်သာပါတဲ့ ကေဘယ်ရထားလေးထဲကို လူ ၇၀ ကျော် ငါးပိသိပ်ငါးချဉ်သိပ် ထိုးသိပ်ထည့်ပြီး ခေါ်သွားခဲ့တာပါ။ ငယ်ငယ်တုန်းက ရန်ကုန်မှာ ဒိုင်နာဘတ်စ်ကားတွယ်စီးနေကြ ကိုယ်ကတော့ ကေဘယ်လ်ရထားကို တွယ်စီးခဲ့ရတာဟာ ပြဿနာတော့ မဟုတ်ခဲ့ဘူးဆိုရမယ်။
ဆန်ဖရန်စစ္စကို ကေဘယ်လ်ရထားလမ်းကြောင်းဟာ ၁၈၇၃ ခုနှစ် ကတည်းက စတင်ဖောက်လုပ်ပြေးဆွဲခဲ့တဲ့ ရထားလမ်းကြောင်း တစ်ခုဖြစ်တာမို့ ခုဆို နှစ်ပေါင်း ၁၅၀ နီးပါးသက်တမ်းရှိနေပါပြီ။ မြို့လယ်ခေါင်ဖြစ်တဲ့ ယူနီယံရင်ပြင် (Union Square) ကနေ ဆိပ်ခံတံတားတွေတည်ရှိရာ ဖစ်ရှားမန်းစ်ဝါ့ဖှ်အထိ တိုက်ရိုက် ဖောက်လုပ်ထားတာ ဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကိုဟာ ကမ်းခြေနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ တောင်ကုန်းမြို့ဖြစ်ပြီး ရထားလမ်းဖောက်လုပ်ထားရာနေရာဟာလည်း ကုန်းအမြင့်ပိုင်းမှာ ဖြစ်တာမို့ ရထားစီးရင်း မနက်ခင်းနေထွက်ချိန်ကို ကြည့်ရတဲ့ခံစားချက်က ထူးကဲငြိမ်းချမ်းတဲ့ သဘာဝအလှအရသာ တစ်ခု ရတယ်လို့ ကျွန်တော်တော့ ခံစားမိပါရဲ့။
လွန်းဘာ့ဒ်လမ်းထောင့် ရောက်တော့ ကျွန်တော်လဲ ရထားပေါ်က ဆင်းလိုက်ပြီး လမ်းထဲချိုးဝင်ခဲ့ပါတယ်။ လွန်းဘာ့ဒ်လမ်းဟာ မတ်စောက်တဲ့ အဆင်းလမ်းတစ်ခုဖြစ်ပြီး မော်တော်ယာဉ်တွေ ဆင်းရအဆင်ပြေအောင် တောင်ကုန်းပေါ်ကနေ ပစိဖိတ်သမုဒ္ဒရာနားရောက်တဲ့အထိ မြွေလိမ်မြွေကောက်သဏ္ဍာန် ဖောက်လုပ်ထားတဲ့လမ်းဖြစ်တာမို့ ကမ္ဘာလှည့်ခရီးသွားတွေ သဘောကျကြတဲ့နေရာပါ။ ကမ္ဘာ့ အကောက်အကွေ့အများဆုံးလမ်းလို့တောင် တင်စားကြတယ်။

ဒီလမ်းတည်ရှိရာ တောင်ကုန်းရဲ့ အမြင့်ဟာ ပေ ၄၀၀ ကျော်မြင့်ပြီး အကွေ့အကောက်တွေကြောင့် ပေ ၆၀၀ ကျော်လောက် လမ်းလျှောက်ဆင်းရပါလိမ့်မယ်။ ဒီနေရာရဲ့ အလှအပနဲ့ အထူးအဆန်းလမ်းကြောင့် တစ်နေ့ကို လူ ၁၇၀၀၀ လောက် လာလည်ပတ်တတ်ပြီး တစ်နှစ်ကို လူ ၂.၂ သန်း ကျော်လောက် လာပါတယ်။ ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံထဲကို လာရောက်လည်ပတ်တဲ့ တိုးရစ် စုစုပေါင်း ၁.၄ သန်းသာရှိတာနဲ့ နှိုင်းယှဉ်သာကြည့်ကြပါတော့။
လွန်းဘာ့ဒ်လမ်းထဲ လမ်းလျှောက်ပြီးတဲ့နောက်မှာ နာမည်ကျော် ရွှေတံတား (Golden Gate) ဘက် ခရီးဆက်ပါတယ်။ တံတားချဉ်းကပ်လမ်းနားမှာ အလှဓာတ်ပုံရိုက်လို့ရတဲ့ ပန်းခြံလေးရှိနေတာမို့ ကမ္ဘာလှည့်ခရီးသည်တွေ အကြိုက်ပါပဲ။ ၁၉၁၇ ခုနှစ်မှာ ဗိသုကာပညာရှင် ဂျိုး စထေရာက်စ်က ဒီဇိုင်းရေးဆွဲခဲ့ပြီး ၁၉၃၇ နှစ်မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ အနီရောင်ကြိုးတံတားကြီးဟာ ဒီကနေ့ခေတ်မှာ ကမ္ဘာ့အံ့ဖွယ်တစ်ပါးဖြစ်နေပြီဖြစ်သလို အမေရိကန်အနောက်ဘက်ကမ်းရိုးတန်းရဲ့ ပြယုဒ်သင်္ကေတလည်း ဖြစ်လို့နေပါပြီ။
ဆန်ဖရန်စစ္စကိုကျွန်းဆွယ် (San Francisco Peninsula) နဲ့ မိန်းကောင်တီ (Marin County) တို့ကို ဆက်သွယ်ပေးထားတဲ့တံတားဖြစ်ပြီးတော့ ပေပေါင်း ၄၂၀၀ ရှည်ပြီး ၇၄၆ ပေမြင့်ပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာ့အမြင့်ဆုံးနဲ့ အရှည်ဆုံးကြိုးတံတားအဖြစ် မှတ်တမ်းဝင်နေဆဲပါ။ ဒီတံတားကြီးဟာ အထင်ကရနေရာပီပီ ခရီးသွားဧည့်သည်တွေ အရမ်းများပါတယ်။ ဒါကြောင့် ကျွန်တော်လည်း ဓာတ်ပုံအနည်းအကျဉ်းရိုက်ပြီး မြို့ထဲဘက်မှာရှိတဲ့ ဆိပ်ခံတံတားတွေဘက် ဆက်ထွက်လာခဲ့ပါတယ်။ ဂိုးလ်ဒင်းဂိတ်တံတားရောက် အမှတ်တရကတော့ အမျိုးသားအိမ်သာပိတ်ထားလို့ အမျိုးသားတွေ အမျိုးသမီးအိမ်သာထဲကို အလှည့်ကျ ဝင်တက်ခဲ့ရတာပါပဲ။
ဂိုးလ်ဒင်းဂိတ်ကနေထွက်လာပြီး Pier 39 ဆိပ်ခံတံတားကို ရောက်တော့ အဲ့ဒီဆိပ်ခံတံတားရဲ့ ဘေးကပ်လျက်မှာ အဏ္ဏဝါပြတိုက် ရှိနေပေမယ့် ကျွန်တော် ဒီကိုလာရတဲ့အကြောင်းအရင်းက နေ့လည်စာစားဖို့ပါ။ တကယ်က ဂိုးလ်ဒင်းဂိတ် တံတားနဲ့ Pier 39 တို့က ၄ မိုင်လောက်ပဲ ဝေးပါတယ်။ ဒေသခံတွေ ပြောပုံအရဆိုင် နေသာတဲ့နေ့တွေ မြူရှင်းတဲ့နေ့တွေမှာ တံတားကို လှမ်းမြင်ရတယ်လို့ ဆိုပါတယ်။ ကျွန်တော်ကတော့ အဲ့နေ့က တံတားကို လှမ်းမြင်ရတဲ့ဘက်ခြမ်းကို မသွားဖြစ်ခဲ့တာမို့ မြင်ရမမြင်ရ သေချာမသိခဲ့ပါဘူး။
ဆန်ဖရန်စစ္စကိုရဲ့ နာမည်အကြီးဆုံးဆိပ်ခံတံတားဖြစ်တဲ့ Pier 39 မှာ ကြက်ပျံမကျစည်ကားတဲ့ ၂ ထပ် ဈေးဆိုင်တန်းကြီး ရှိပါတယ်။ အမှတ်တရပစ္စည်းဆိုင်တွေ၊ အီတလီ၊ ပြင်သစ်၊ ဂျပန်၊ အမေရိကန်စားသောက်ဆိုင်တွေအပြင် လမ်းညွှန်ဆိုင်းဘုတ်မှာဖော်ပြထားချက်အရ မြန်မာစားသောက်ဆိုင် တစ်ဆိုင်တောင် ရှိနေပါသေးတယ်။ ဆိုင်နာမည်က Rangoon Ruby လို့ ဖော်ပြထားပြီး ဖွင့်ဖို့ပြင်ဆင်နေတုန်းမို့ မဝင်ဖြစ်ခဲ့ပါဘူး။
နောက်ပိုင်းမှ သိရတာက အဲ့ဒီဆိုင်ကို ဗမာ-တရုတ် နွယ်ဖွား လုပ်ငန်းရှင် ၂ ဦးက ပိုင်ဆိုင်ပြီး ကာလီဖိုးနီးယားမှာ နာမည်ကျော်တဲ့ စားသောက်ဆိုင်လုပ်ငန်း တစ်ခုပါတဲ့။ ဆိုင်ခွဲလဲ ၆ ဆိုင်လောက်ရှိပါတယ်။ ဆိုင်ဝန်ထမ်း ၃၀၀ ကျော်ကို အချိန်ပိုလုပ်ခ မပေးပဲ အလုပ်ချိန်ပိုမိုခိုင်းစေမှုကြောင့် အလုပ်သမားလစာငွေ ဒေါ်လာ ၁ သန်းနဲ့ နစ်နာမှုလျော်ကြေးငွေ ဒေါ်လာ ၄ သန်း ပေးဆောင်ဖို့ ကာလီဖိုးနီးယား အလုပ်သမားကော်မရှင်က ပြစ်ဒါဏ်ချမှတ်တာခံထားရတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြထားပါတယ်။ Pier 39 ဆိပ်ခံတံတားက ဆိုင်သစ်ဖွင့်လှစ်ဖို့ နှောင့်နှေးနေတာဟာ အဲ့ဒီအမှုကိုစ္စကြောင့် ဖြစ်နိုင်တယ်လို့ ကာလီဖိုးနီးယားက အသိမိတ်ဆွေတစ်ဦးကလည်း သုံးသပ်ပါရဲ့။ ဒါပေမယ့်လည်း ကာလီဖိုးနီးယားတခွင်မှာ ခုလိုပြစ်မှုမျိုးကျူးလွန်နေတဲ့ စားသောက်ဆိုင်တွေ အများကြီးကျန်နေသေးတယ်လို့ ဒေသခံ Standard Daily သတင်းစာက အာရှနွယ်ဖွားအယ်ဒီတာတစ်ယောက်က အွန်လိုင်းမှာ ဖေါက်သည်ချတာကို ဖတ်ရှုခဲ့ရတယ်။

ကျွန်တော်လည်း ဆိပ်ခံတံတားပေါ်က ဆိုင်ခန်းတွေကြားထဲ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း အပေါ်ထပ်က တစ်ခုတည်းသော ဂျပန်စားသောက်ဆိုင်မှာ နေ့လယ်စာစားဖို့ ရွေးချယ်လိုက်ပါတယ်။ ဒီဆိုင်က အစားအသောက်ကောင်းသလို မထင်မှတ်ပဲ သမိုင်းဝင်အယ်လ်ကာထရက်ဇ် အကျဉ်းထောင်ဟောင်း (Alcatraz Federal Penitentiary) (ယခုပြတိုက်) မြင်ကွင်းကို ခံစားနိုင်တဲ့ နေရာကောင်းလေးမှာလည်း ထိုင်ခွင့်ရခဲ့တာမို့ နေ့လယ်စာကို ကျကျနနဇိမ်ရှိရှိလေး လွေးခဲ့ရပါတော့တယ်။
အယ်လ်ကာထရက်ဇ်အကျဉ်းထောင်က ၂ မိုင်ကျော်ရှည်လျားတဲ့ အယ်လ်ကာထရက်ဇ်ကျွန်းပေါ်မှာ တည်ရှိနေတဲ့ ထိမ်းသိမ်းရေးစခန်းတစ်ခုပါ။ ၁၉၃၄ ခုနှစ်ကနေ ၁၉၆၃ ခုနှစ်အထိ ထောင်အဖြစ် ရှိနေခဲ့ပါတယ်။ မူးယစ်ရာဇာ အယ်လ် ကာပုန်း (Alphonse Gabriel Capone)၊ Birdman of Alcatraz လို့ ခေါ်ကြတဲ့ စိတ္တလူသတ်သမား ရောဘတ် စထရောက်ဒ် (Robert Franklin Stroud) ၊ ဂန်းစတားကြီး ဂျော့ဂျ် ကယ်လီ (George “Machine Gun” Kelly)၊ လူမည်းမာဖီးယားဂိုဏ်းခေါင်းဆောင် ဘမ်ပီ ဂျွန်ဆင် (Bumpy Johnson)၊ ပွာတိုရီကို နိုင်ငံရေးသမား ရာဖယ် မီရန်ဒါ (Rafael Cancel Miranda) နဲ့ Public Enemy #1 လို့ သတ်မှတ်ခံခဲ့ရတဲ့ လစ်သူယေးနီးယား လူဆိုးဂိုဏ်းခေါင်းဆောင် Alvin “Creepy” Karpis တို့ကို ဒီထောင်မှာ အကျဉ်းချထားခဲ့ဖူးပါတယ်။ နာမည်ဆိုးတွေနဲ့ ကျော်ကြားတဲ့ ဒီထောင်ကြီးမှာ ပုန်ကန်မှုတွေလည်း ရှိခဲ့ဖူးပြီး ၁၉၄၆ ခုနှစ်ကဖြစ်ခဲ့တဲ့ “Battle of Alcatraz” နဲ့ ၁၉၆၂ ခုနှစ်ကဖြစ်ခဲ့တဲ့ အုံကြွမှုတွေကတော့ နာမည်ကျော်ပါတယ်။
ပြည်သူ့စင်တာ (မြို့တော်ခန်းမ) က ဆန်ဖရန်စစ္စကိုမြို့လယ်ခေါင်က မားကက်လမ်းမပေါ်မှာ တည်ရှိပါတယ်။ အယ်လ်ကာထရက်ဇ်ကို ငေးရင်း နေ့လယ်စာစားပြီးတဲ့နောက် ကျွန်တော် အဲ့ဒီကို စသွားချိန်မှာ နေအတော်မြင့်နေပါပြီ။ နေသာပေမယ့် ရာသီဥတုက ချမ်းစိမ့်စိမ့်ရှိနေတုန်းပါ။ ဒါကိုက ဆန်ဖရန်စစ္စကိုရဲ့ အရသာလို့ဆိုပါတယ်။ ဂရင်းနိုက်ကျောက်တုန်းတွေနဲ့ တည်ဆောက်ထားတဲ့ ပြည်သူ့စင်တာဝန်းကျင်မှာ ပြည်သူ့စင်တာပလာဇာနဲ့ ယူနိုက်တက် နေးရှင်းပလာဇာဆိုပြီး ရင်ပြင် ၂ ခု ရှိတယ်။ လက်ရှိ မြို့တော်ခန်းမကြီးက ၁၉၀၇ ငလျင်မှာ ပျက်စီးသွားတဲ့ အဆောက်အအုံဟောင်းနေရာမှာ ပြန်လည်အစားထိုးတည်ဆောက်ထားတဲ့ အဆောက်အအုံပါ။ အဲ့ဒီနားဝန်းကျင်တဝိုက်မှာရှိတဲ့ အဆောက်အအုံတွေက ဝိတိုရိယခေတ်လက်ရာ ရှေးဟောင်းအဆောက်အအုံတွေ များပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ ခြေချင်းလိမ်နေသလို အိမ်ခြေမဲ့တွေလည်း ပေါပေါများများ မြင်ရပါလိမ့်မယ်။ အိမ်ခြေမဲ့တွေထဲမှာလည်း အာရှနွယ်ဖွားတွေ အများအပြားပါပဲ။ ရင်ပြင်ထဲမှာ အနုပညာပြပွဲတွေ လုပ်နေတာလည်း မြင်ခဲ့မိတယ်။
ဆန်ဖရန်စ္စကိုဟာ အသစ်နဲ့ အဟောင်း၊ အရှေ့နဲ့ အနောက်၊ သဘာဝတရားနဲ့ လူလုပ်ဖန်တီးချက်တွေကို သမမျှတစွာ ဟန်ချက်ညီညီ ပေါင်းစပ်ထားနိုင်တဲ့မြို့ဖြစ်ပါတယ်။ စစ်ကြီးပြီးတဲ့အခါ လိင်တူချစ်သူ အခွင့်အရေးတောင်းဆိုမှုတွေ၊ တော်လှန်လိုတဲ့ လိင်မှု အမြင်တွေ၊ စစ်ပွဲတွေ ရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် ဦးဆောင်တောင်းဆိုမှုတွေ အင်တိုက်အားတိုက် ခေါင်းထောင်လာခဲ့တဲ့ ဒီမြို့ဟာ လစ်ဘရယ်ဆန်မှုနဲ့ လူမျိုးသာသာခွဲခြားမှုကို ဆန့်ကျင်မှုတွေနဲ့ ပတ်သက်ပြီး ပြယုဒ်တစ်ခုလို့ ရှုမြင်ခံခဲ့ရပါတယ်။

ရင်သပ်ရှူမောဖွယ် အလှအပတွေ၊ ရှုမျှော်ခင်းတွေ၊ သမိုင်းဝင်အဆောက်အအုံတွေကြောင့်သာမကပဲ ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီကြီးတွေရဲ့ ခေတ်မှီဆန်းပြားလှတဲ့ ရုံးချုပ်တွေကိုလည်း ဒီမြို့မှာ အစုလိုက်အပြုံလိုက် မြင်တွေ့ပါလိမ့်မယ်။ ကမ္ဘာ့နည်းပညာလောကရဲ့ အသက်သွေးကြောဖြစ်တဲ့ ဆီလီကွန်ဗယ်လီ (Silicon Valley) ကို ပိုင်ဆိုင်ထားတဲ့ ဆန်ဖရန်စ္စကိုဟာ ကမ္ဘာပေါ်မှာ လုပ်ခလစာ အမြင့်မားဆုံးဒေသဖြစ်နေတာ မထူးဆန်းလှပါဘူး။ ဆီလီကွန်ဗယ်လီဘက်ရောက်ချိန်မှာ Google Cloud၊ Youtube၊ Oracle၊ Microsoft၊ Dropbox၊ Reddit၊ Twitter၊ Uber၊ Lyft၊ Wikimedia Foundation စတဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီတွေရဲ့ ရုံးအဆောက်အအုံတွေ မြင်တွေ့ခဲ့ရတယ်။
ကျွန်တော်တို့ရဲ့ နေ့စဉ်လူနေမှုဘဝတွေတွေမှာ အရေးပါလှတဲ့ ဒစ်ဂျစ်တယ်နည်းပညာအားလုံးနီးပါးဟာ ၄၆ မိုင်ပတ်လည်သာကျယ်တဲ့ ဒီနေရာလေးထဲကနေ ထွက်ပေါ်လာနေကြတာပါလားဆိုတာကို တွေးမိတဲ့အခါ အံ့သြမှင်သက်ရတယ်။ ကမ္ဘာကျော် ထိပ်တန်းနည်းပညာပေါင်းစုံကို ဖော်ထုတ်တီထွင်ပေးနေတဲ့ ကမ္ဘာ့ခေတ်အမှီဆုံး ဒီအရပ်က တစ်ချို့နေရာတွေဟာ ခုချိန်ထိ နေပူကျဲတဲ ဖုန်ထူထူ ကွင်းခေါင်ခေါင်ဖြစ်နေသေးတာကတော့ ထူးဆန်းလှပါရဲ့။ ကူပါတီနိုဘက် ဆက်မသွားဖြစ်ခဲ့တာမို့ Apple ရဲ့ နာမည်ကျော် စက်ဝိုင်းပုံ ရုံးသစ်ကိုတော့ မမြင်ခဲ့ရပါဘူး။ ညနေပိုင်းလောက်မှာ ဘာကလေတက္ကသိုလ်ဘက်ကို သွားခဲ့ပြီး လမ်းမှာ Modzilla ရုံးရှေ့ တည့်တည့်မှာ မီးပွိုင့်မိခဲ့တာမို့ ရုံးကြီးကို ကားပေါ်ကနေ ငေးရမောရပါသေးတယ်။
ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ်တွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ ဘာကလေတက္ကသိုလ်ကတော့ အထင်ကြီးဖွယ်အဆောက်အအုံကြီးတွေနဲ့ ကမ္ဘာ့အကောင်းဆုံး သုတေသနစင်တာကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ကျောင်းဝန်းဟာ သီးခြားမဟုတ်ပဲ မြို့နဲ့တသားထဲလိုဖြစ်နေတဲ့ ထူးခြားတဲ့ကျောင်းပါ။ အမေရိကကကျောင်းတွေဟာ တသီးတခြားခြံနဲ့ ဝန်းနဲ့ ဖြစ်ကြပေမယ့် ဘာကလေကတော့ ကျောင်းဝန်းကို ဘာခြံစည်းရိုးမှမထားသလို မြို့နဲ့လည်း လမ်းမတခုသာ ခြားထားပါတယ်။ ဆန်ဒီယေဂိုမှာတုန်းကဆို ဆန်ဒီယေဂိုတက္ကသိုလ်နဲ့ မီဆာကောလိပ်တို့ဟာ သီးခြားတောင်ကုန်း တခုစီပေါ်မှာ သီးသန့်ခြံဝန်းနဲ့ တည်ဆောက်ထားကြတာပါ။
အထင်ကြီးလောက်ဖွယ် အင်္ဂါရပ်တွေနဲ့ပြည့်စုံတဲ့ ဘာကလေတက္ကသိုလ်မှာ အမှိုက်တွေရှုပ်ပွနေတာတော့ ထူးဆန်းတယ်ဆိုရမယ်။ အထူးသဖြင့် အိမ်သာတွေဟာ ညစ်ပတ်လွန်းပြီး အိမ်သာထဲမှာ တစ်သျှူးတွေ တောင်လိုရာလိုပုံနေတဲ့အထိ ဆိုးရွားတာပါ။ မြို့နဲ့တစ်ဆက်စပ်တည်း ဖြစ်နေတာမို့ ကျောင်းဝန်းထဲမှာ အိမ်ခြေမဲ့တွေလည်း ရှိနေပါတယ်။ ကျောင်းစားရိတ် တစ်နှစ်စာ ဒေါ်လာ ၅၆၀၀၀ လောက် ပျမ်းမျှကျသင့်တဲ့ ထိပ်တန်းတက္ကသိုလ်ကြီးထဲမှာ အိမ်ခြေမဲ့တွေနဲ့ ညစ်ပတ်တဲ့အိမ်သာတွေ မြင်ခဲ့ရတာတော့ စိတ်စနိုးစနှောင့် ဖြစ်စရာပါ။
ဘာကလေကနေ ဟိုတယ်ကို ပြန်တော့ ညနေ အတော်စောင်းနေပါပြီ။ ဒီမှာ က ၇ နာရီကျော်လောက်မှ နေဝင်တာမို့ မှောင်တော့ မမှောင်သေးဘူးဆိုရမယ်။ ဟိုတယ်ဧည့်ကြိုကောင်တာက ဟစ္စပန်းနစ်နွယ်ဖွားအမျိုးသမီးရဲ့ ပြောပုံဆိုပုံက ခပ်ချေချေအမူအရာနဲ့မို့ ခရီးရောက်မဆိုက် အတော်လေး စိတ်မသက်သာစရာ ဖြစ်ခဲ့ရသေးတယ်။ လက်အောက်ဝန်ထမ်း ဖြစ်ဟန်တူတဲ့ အာရှသားလူငယ်လေးကတော့ ဖော်ဖော်ရွေရွေနဲ့ ကူညီရှာပါတယ်။ ကိုယ်လည်း ဧည့်ကြိုကောင်တာက သတင်းစာတစ်စောင်ကို ဆွဲယူပြီး ဟိုတယ်ခန်းဆီ ထွက်လာခဲ့ပါတယ်။ နောက်တနေ့ မနက်စောစောမှာ LA ကို ခရီးဆက်ရဦးမှာမို့ ဒီနေ့ အနားယူရမယ် မဟုတ်လား။