
‘အိမ်ခြေမဲ့တို့ရဲ့နတ်မြို့တော်’
ကျွန်တော်နဲ့ လော့စ်အိန်ဂျယ်လိစ် (Los Angeles) က အတော် ကံစပ်ပုံပါပဲ။ ရက် ၂၀ လောက် ကာလအတွင်းမှာ ၇ ကြိမ်တောင် ရောက်ခဲ့ရလို့ပါ။ LA ကို ပထမအကြိမ် ရောက်ဖူးတုန်းက ဟောင်ကောင်ကနေ အမေရိကကို အလာတုန်းက LAX လေဆိပ်ကို ခနဝင်ခဲ့ရုံ သက်သက်ပါ။ ဒုတိအကြိမ်ကတော့ အသိမိတ်ဆွေတွေနဲ့တွေ့ဖို့ ဆန်ဒီယေဂိုကနေ LA ကို တနေ့တာသွားလည်ခဲ့ချိန်မှာ ဖြစ်ပါတယ်။
အဲ့တုန်းကတော့ အဲ့ဒီ ခရီးစဉ်အကြောင်း ရှေ့ဆောင်းပါးမှာ တစ်ချို့တစ်ဝက်ထည့်ရေးခဲ့ပါသေးတယ်။ အဲ့ဒီ တစ်ခေါက်ရောက်စဉ်တုန်းက ဟောလီးဝုဒ်နဲ့ ဂရစ်ဖစ်သ် အာကာသစောင့်ကြည့်ရေးစခန်း (Griffith Observatory) တို့ဆီကိုပဲ သွားဖြစ်ခဲ့တာပါ။
ရှေ့ဆောင်းပါးမှာ Griffith Observatory အကြောင်းကို သေချာထည့်မပြောဖြစ်ခဲ့တာမို့ နည်းနည်းလောက် ပြောပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Griffith Observatory ဟာ ထူးခြားတဲ့နေရာပါ။ အာကာသစောင့်ကြည့်ရေးစခန်းတစ်ခုဖြစ်ပြီးတော့ ဂရစ်ဖစ်သ်ပန်းခြံဧရိယာထဲမှာ တည်ရှိနေပါတယ်။ ၁၉၃၅ ခုနှစ်ကတည်းက တည်ဆောက်ထားပြီး ကမ္ဘာ့အထင်ရှားဆုံး အာကာသစောင့်ကြည့်ရေး စခန်းတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒီစခန်းကို ဂရစ်ဖစ်သ်လို့ နာမည်မှည့်ခေါ်ရတဲ့ အကြောင်းအရင်းကတော့ စက်မှုလုပ်ငန်းရှင်သူဌေးကြီး ဂရစ်ဖစ်သ် ဂျေ ဂရစ်ဖစ်သ် (Griffith Jenkins Griffith) ကြောင့်ပါပဲ။ ဝေလနွယ်ဖွား ဂရစ်ဖစ်သ်ဟာ ဂရစ်ဖစ်သ်ပန်းခြံထဲမှာရှိတဲ့ ဂရိပြဇာတ်ရုံ (Greek Theatre) နဲ့ ဂရစ်ဖစ်သ်စခန်းတွေကို တည်ဆောက်ဖို့ ငွေကြေး မတည်ပေးခဲ့သူပါ။
ဒီစခန်းကို ထင်ရှားစေတဲ့ နောက်ထပ်တစ်ချက်က လေထဲမှာ လျှပ်စစ်လမ်းကြောင်းတွေ တဖျတ်ဖျတ်ပြေးနေတဲ့ Tesla Coil ကြီးကြောင့်ပါပဲ။ General Electric Company က အင်ဂျင်နီယာချုပ်တစ်ယောက်ဖြစ်တဲ့ ဖရက်ဒရစ် စထရောင်း (Frederick Finch Strong) က ၁၉၃၇ ခုနှစ်မှာ ဒီစခန်းကို ဗို့အား ၁၃၀၀၀၀၀ အင်အားရှိတဲ့ Tesla Coil ကြီးကို လှူဒါန်းထားပါတယ်။ စထရောင်း ကိုယ်တိုင်ကလည်း လုပ်ဖော်ကိုင်ဖက် အားလ် အိုဗင်တန် (Earle Ovington) တစ်ယောက် ၁၉၃၆ ခုနှစ် ဆုံးပါးချိန်မှာ ဒီပစ္စည်းကြီးကို လက်ခံရရှိခဲ့တာပါ။
ဒီနေရာက သိပ္ပံနဲ့နည်းပညာပိုင်းဆိုင်ရာ ကိစ္စတွေကြောင့် ထင်ရှားသလို ကမ္ဘာ့လှည့်ခရီးသွားတွေနဲ့ အားကစားလေ့ကျင့်သူတွေ၊ တောလမ်းခရီးကနေ တောင်တက်ရတာကို နှစ်သက်သူတွေအကြိုက် နေရာတစ်ခုလို့လည်းဆိုနိုင်ပါတယ်။ ဒီစခန်းရဲ့ ထင်ရှားမှုက အကန့်အသတ်မရှိပါဘူး။ ကမ္ဘာ့ထိပ်တန်း ရုပ်ရှင်ဇာတ်ကားပေါင်း ၃၅ ကားမှာပါဝင်ခဲ့ဖူးသလို ရုပ်သံစီးရီးပေါင်းမြောက်များစွာမှာလည်း ပါဝင်ခဲ့တာကြောင့်ပါ။ ဂရစ်ဖစ်သ်စခန်းကို ထည့်သွင်းရိုက်ကူးထားတဲ့ ဇာတ်ကားတွေထဲမှာ The Terminator (1984) ၊ Back to the Future (1985) ၊ Back to the Future Part II (1989) ၊ The Rocketeer (1991) ၊ Transformers (2007 live-action film) ၊ Yes Man (2008) ၊ Terminator Salvation (2009) ၊ San Andreas (2015) ၊ Terminator Genisys (2015) နဲ့ La La Land (2016) တို့လို ကမ္ဘာတစ်လွှား ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းမျိုးတွေပါဝင်နေတာပါ။
တတိယအကြိမ်မှာတော့ ရှေ့တစ်ခေါက်က ရောက်ဖြစ်ခဲ့တဲ့ နေရာတွေကို ဆက်မသွားဖြစ်တော့ပေမယ့် တခြားအထင်ကရနေရာတွေကို သွားလေ့လာနိုင်ဖို့ အဓိကအားထုတ်ဖြစ်ခဲ့ပါတယ်။

ဧပြီ ၂၀ မှာ LA ကို နောက်တစ်ကြိမ် လည်ပတ်တော့ အရင်ဆုံးသွားဖြစ်ခဲ့တာက မြို့ဟောင်းဧရိယာ (Old Town) ဘက်တွေပါ။ မူလ စပိန်အခြေချသူတွေ စတည်ခဲ့တဲ့နေရာတွေဖြစ်ပြီး စပိန်စာလုံးပေါင်း Losà ngeles က ဆင်းသက်လာတဲ့ လော့စ်အိန်ဂျယ်လိစ်မြို့ (Los Angeles) ဆိုတဲ့ အမည်ကို စတင်ရရှိခဲ့ရာနေရာတွေ ဖြစ်ပါတယ်။ စပိန်နယ်သစ်ရှာသူ ဟွန် ကာဘရီယို (Juan Rodríguez Cabrillo) က တောင်ပိုင်း ကာလီဖိုးနီးယားဒေသကို စပိန်အင်ပါယာ အစိတ်အပိုင်းအဖြစ် စတင်ကြေညာချိန် ၁၅၄၂ ခုနှစ်မတိုင်ခင်၊ ဒီဒေသကို စပိန်တွေ စတင်ရောက်ရှိမလာသေးခင်ကာလတွေတုန်းက ဒီနေရာမှာ ချူမာ့ရှ် (Chumash) နဲ့ တုန်ဗ (Tongva) နွယ်ဝင် ဒေသခံတွေကလွဲပြီး ဘယ်သူမှ မရှိခဲ့ပါဘူး။
၁၇၆၉ ခုနှစ်မှ ခရစ်ယာန်သာသနာပြုမစ်ရှင်တွေ ဒီဒေသကို စတင်ရောက်ရှိလာတာဖြစ်ပြီး ၁၇၇၁ ခုနှစ်မှာ ဘုန်းတော်ကြီး ဂျူနီပါရို ဆာရာ (Junípero Serra) က Mission San Gabriel Arcángel ဆိုတဲ့ ကက်သလစ်ဘုရားကျောင်းကို ပထမဆုံး စတင်တည်ဆောက်ပါတယ်။ လူနေဒေသဖြစ်လာတာကတော့ ၁၇၈၁ ခုနှစ်မှာမှ ဖြစ်ပါတယ်။
၁၈၃၅ ခုနှစ်မှာ မြို့ပြဖြစ်လာခဲ့ပြီး အဲ့အချိန်တုန်းက ပေးခဲ့တဲ့ နာမည်အပြည့်အစုံက “ကြီးမြတ်လှသည့် ပေါ်ဇီအွန်ကိုလာနတ်တို့၏ ဘုရင်မမြို့တော်” (စပိန်ဘာသာဖြင့် El Pueblo de Nuestra Señora la Reina de losà ngeles de Porciúncula) လို့ ခေါ်တွင်ခဲ့တာပါ။ ပါဇီအွန်ကိုလာ ဆိုတာဟာ အီတလီနိုင်ငံ အစီစီမြို့မှာရှိတဲ့ စိန့်မေရီဘုရားကျောင်းကို ရည်ညွှန်းတာဖြစ်ပြီး LA ရဲ့ အမည်ကလည်း ဒီအဓိပ္ပါယ်အတိုင်းပါပဲ။ ၁၈၄၇ ခုနှစ်မှာတော့ အမေရိကန်-မက္ကဆီကိုစစ်ပွဲမှာ မက္ကဆီကိုတို့ စစ်ရှုံးခဲ့တာမို့ ကဟွီညာစာချုပ် (Treaty of Cahuenga) အရ ကာလီဖိုးနီးယားဒေသကို အမေရိကန်တို့ထံ လက်လွှတ်ခဲ့ရပြီး LA ဟာလည်း အမေရိကန်ပိုင်မြို့ ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် ဒီမြို့ရဲ့မြို့ဟောင်းနေရာတွေက စပိန်တွေနဲ့ မက္ကဆီကန်တွေရဲ့ ယဉ်ကျေးမှု ခြေရာလက်ရာတွေ ပြည့်နှက်နေပါတယ်။ ၁၈ ရာစုအစောပိုင်းကတည်းက တည်ရှိခဲ့တဲ့ မြို့ဟောင်းဧရိယာဖြစ်တဲ့ ဖလက်ချာဘရောင်း ရင်ပြင် (Fletcher Brown Square) နဲ့ အယ်လ်ပြူဘလို အထိမ်းအမှတ်နေရာ (El Pueblo Monument) ဝန်းကျင်တဝိုက်မှာတော့ အမွေအနှစ်နေရာဆိုတဲ့ အမည်နဲ့မလိုက်အောင်ကို အိမ်ခြေမဲ့တွေ ပေါများပါတယ်။
လမ်းပေါ်မှာ ဆေးကြောင်ပြီးလွတ်နေတဲ့သူတွေ၊ တယောက်တည်းစကားတွေပြောပြီး လျှောက်သွားနေတဲ့စိတ်မနှံ့သူတွေကို ခပ်စိတ်စိတ်တွေ့ခဲ့ရတာမို့ အံ့သြခဲ့ရသေးတယ်။ ဒေသခံ သူငယ်ချင်းတယောက်ကတော့ LA မှာ အိမ်ခြေမဲ့တွေ အရမ်းပေါလာတဲ့အပေါ် ငြီးတွားပါတယ်။ ညပိုင်းတွေဆို လုံခြုံမှုမရှိတာကြောင့် မိန်းကလေးတယောက်တည်း အပြင်ထွက်တာမျိုးရှောင်နေရတယ်လို့ သူမကပြောခဲ့တာပါ။
အဲ့ဒီနေ့ညပိုင်းမှာတော့ သူငယ်ချင်းလင်မယားက လိုက်ကျွေးလို့ Korea Town ဘက်သွားပြီး ဟော့ပေါ့ ပူပူစပ်စပ်လေးနဲ့ ညနေစာ စားဖြစ်တယ်။ အမေရိက ရောက်ပြီးကတည်းက စားရေးသောက်ရေးကိစ္စတွေ အလွန်အမင်းအဆင်ပြေနေခဲ့တဲ့ ကျွန်တော့်အတွက် နောက်ထပ် နှုတ်မြိန်ခဲ့ရတဲ့ ရက်တစ်ရက်ပေါ့။

Korea Town က တရုတ်ဆိုင်မှာ ဟော့ပေါ့စားရင်း သူငယ်ချင်းဖြစ်သူက သူတို့မြို့မှာ တရုတ်တွေ ထုနဲ့ဒေးနဲ့ တိုးပွားလာနေတဲ့အကြောင်းပြောပြတယ်။ သူပြောလည်း ပြောချင်စရာပါ။ ဆင်ခြေဖုံးဘက်ရပ်ကွက်တွေမှာ အနီရောင် တရုတ်စာလုံး စတစ်ကာတွေ ကပ်ထားတဲ့ စုတ်ချာချာအိမ်လေးတွေ၊ ထုထည်ကြီးမားတဲ့ ဘုံကျောင်းအဆောက်အအုံကြီးတွေ၊ တရုတ်အစားအသောက်တွေ ရောင်းချနေတဲ့စားသောက်ဆိုင်တွေနဲ့ တရုတ်စာတွေသာရေးထားပြီး မှန်အမည်း အပြည့်ကပ်ထားတဲ့ အလှပြင်ဆိုင်တွေ အမြောက်အများတွေ့ခဲ့ရတယ်။ အယ်လ်ဟမ်ဘရာ (Alhambra) နဲ့ ဆန်ဂေဘရီယယ် (San Gabriel) တို့လို နေရာတွေမှာဆိုရင် ဆိုင်းဘုတ်တိုင်းဟာ အင်္ဂလိပ်စာတဝက် တရုတ်စာတဝက်တွေ ချည်းပါပဲ။ တချို့နေရာတွေမှာဆိုရင် လူနေအိမ်တွေကြားထဲမှာ စက်ရုံတွေ ကျိုကြားကျိုကြားတည်ဆောက်ထားတာတွေလဲ မြင်ရပါလိမ့်မယ်။
ကြားဖြတ်ပြောရမယ်ဆိုရင် အယ်လ်ဟမ်ဘရာဟာ LA မှာ ကျွန်တော် အချိန်အတော်များများနေဖြစ်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ သစ်ပင်သစ်ရိပ် အုံ့အုံ့ဆိုင်းဆိုင်းရှိသလို လမ်းဘေးဝဲယာမှာလည်း ကာလီဖိုးနီးယားဘိန်းပန်းတွေအပါအဝင် ပန်းပင်လှလှလေးတွေ အစီအရီပေါက်ရောက်နေတဲ့ နေရာလှလှလေးပါ။ နောက်ပြီး LA ရဲ့ အရှေ့မြောက်ဘက်ပိုင်းဒေသဖြစ်တာမို့ ဆန်ဂေဘရီယယ် (San Gabriel Mountains) တောင်တန်းကြီးတွေနဲ့လည်း အနီးဆုံးနေရာတွေထဲက တစ်ခုပါ။ ဒါကြောင့် တောင်တန်းကြီးတွေကို လှမ်းမြင်နေရတာကလည်း အလှတစ်မျိုးပါပဲ။ နောက်ပြီး ဒီနေရာလေးဟာ ဟီလာရီ ကလင်တန် (Hillary Clinton) ရဲ့ မိခင်ဖြစ်သူ ဒိုရိုသီ ရော့ဒ်ဟမ် (Dorothy Howell Rodham) ခေါင်းချရာနေရာလည်းဖြစ်ပါတယ်။
ညစာနေစာကို စောစောစီးစီးစားပြီးတော့ နာမည်ကျော် ဖောရက်စ်လောင်းသင်္ချိုင်း (Forest Lawn Memorial Park) တည်ရှိရာ ဖောရက်စ်လောင်းလမ်း (Forest Lawn Street) ဘက်ကိုသွားဖြစ်တယ်။ အဲ့ဒီဘက်ကို ရောက်တဲ့အခါထူးခြားတဲ့ မြင်ကွင်းတမျိုး မြင်ရပါလိမ့်မယ်။ လမ်းမကြီးတစ်လျှောက်မှာ လမ်းဘေးပန်းသည်တွေ ပြည့်နှက်နေလို့ပါ။ အလွန်အမင်း နွမ်းပါးချို့ငဲ့ဟန်ပေါက်နေတဲ့ မက္ကဆီကန်ကလေး၊ လူကြီးတစ်ချို့က ဖြတ်သွားသမျှ လူတွေ၊ ကားတွေတိုင်းကို အလုအယက်ပန်းစီးတွေ လိုက်ထိုးပေးနေကြပါတယ်။ မြင်ကွင်းက ရန်ကုန်က မီးပွိုင့်တွေမှာ စပါယ်ပန်းရောင်းတဲ့ ကလေးတွေကို မြင်နေရသလို မြင်ကွင်းမျိုးပေါ့။
အိမ်ခြေမဲ့နဲ့ ခိုးဝင်မက္ကဆီကန် ပြဿနာတွေ ရှိနေပေမယ့်လည်း တစ်ဖက်မှာတော့ လော့စ်အိန်ဂျယ်လိစ်မြို့ဟာ အရမ်းကို ဖွံ့ဖြိုးတိုးတက်လာနေပါတယ်။ လက်ရှိမှာ အမေရိကရဲ့ ဒုတိယမြောက်လူဦး ရေအထူထပ်ဆုံးမြို့ဖြစ်နေပြီဖြစ်သလို ကမ္ဘာပေါ်မှာ ၆ ခု မြောက် အကြီးဆုံးမြို့လည်း ဖြစ်နေပါပြီ။ ကမ္ဘာပေါ်မှာ တိုကျိုနဲ့ နယူးယောက်ခ်ပြီးရင် ကုန်ထုတ်လုပ်နိုင်စွမ်း အမြင့်ဆုံး မြို့ပြလူ့အဖွဲ့အစည်းအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ ဒီမြို့ရဲ့ ကုန်ထုတ်စွမ်းရည်က တစ်နှစ်ကို ဒေါ်လာ ၁.၀၄၄ ထရီလီယံအထိ ရှိနေတာပါ။
ဒါပေမယ့် တစ်ဖက်မှာလည်း စီးပွားရေးတိုးတက်မှုကပဲ အိမ်ခြေမဲ့တွေကို လက်ယက်ခေါ်နေသလိုဖြစ်နေတာလို့ ဒေသခံတွေက ယူဆကြတယ်။ ဒေသတွင်းမှာ အိမ်ခြေမဲ့တွေအတွက် ပံ့ပိုးကူညီတဲ့စခန်းတွေ၊ အထောက်အပံ့တွေ၊ ဘက်ဂျက်ချထားမှုတွေ ပိုပြီးများလာတာမို့ နဂိုရှိနေပြီးသား အိမ်ခြေမဲ့တွေအပြင် တခြားပြည်နယ်တွေကနေ ကျော်ဖြတ်ဝင်လာသူတွေ တိုးပွားလာနေတာပါ။

ဆန်တာ အန်နာဖရီးဝေး (Santa Ana Freeway) ပေါ်ရောက်တော့ လမ်းမကြီးပေါ်မှာ အမှိုက်တွေ၊ ပလက်စတစ်အိတ်တွေ၊ ရေသန့်ဘူးတွေ၊ အဝတ်စတွေ၊ စားကြွင်းစားကျန်တွေ၊ တစ်သျှူးစက္ကူတွေ၊ ဘူးခွံတွေ ဟိုတစုဒီတစ်စု ပြန့်ကျဲနေတယ်။ ရေနုတ်မြောင်းတွေဟာလည်း အမှိုက်တွေပေါလောနဲ့၊ အိမ်ခြေမဲ့တွေရဲ့ တဲလေးတွေ၊ ပစ္စည်းပစ္စယတွေနဲ့ ရှုပ်ပွလို့။
ဟောလီးဝုဒ်လမ်းမဘက်ကို ပြန်ရောက်သွားချိန်မှာတော့ ဂရက်ဖီတီသမားတချို့ စက္ကူပြားတွေပေါ်မှာ ပုံဆွဲပြီး ရောင်းချနေတာကို တွေ့ခဲ့ရပါတယ်။ ခပ်ငယ်ငယ် လူဖြူကောင်လေးတစ်ယောက်က ပုံတွေဆက်တိုက်ဆွဲနေပြီး သူ့ချစ်သူဖြစ်ဟန်တူတဲ့ အာရှနွယ်ဖွားကောင်မလေးက ပိုက်ဆံအကြွေတွေကို ထိုင်ရေနေတယ်။ ခရီးသွားတွေနဲ့ ဓာတ်ပုံရိုက်ဖို့ စူပါဟီးရိုးဝတ်စုံ ဝတ်ထားတဲ့လူတချို့ကလည်း အတင်းလက်ဆွဲခေါ်နေကြတယ်။
ညနေစောင်းပြီးလို့ နေရောင်ပျောက်လုလုဖြစ်လာနေပါပြီ။ ၇ နာရီ ခွဲလောက်မှ မှောင်ရီသန်းတတ်တဲ့ LA ရဲ့ ညနေခင်းမှာ အအေးဓာတ် စတင်ဝင်ရောက်လာပြီမို့ အနွေးအင်္ကျီကို ခပ်တင်းတင်း စွဲစေ့လိုက်တယ်။ ကိုယ်ဆက်သွားမယ့် ခရီးအတွက် တူးရစ်ကားနဲ့ ချိန်းထားတဲ့နေရာဆီသွားဖို့ သူငယ်ချင်းနဲ့လမ်းခွဲပြီး လမ်းလျှောက်ထွက်လာခဲ့တယ်။ တရုတ်တန်းကို ဖြတ်ကျော်ခဲ့ပြီး အယ်လ်ပြူဘလိုဘက်ကို ပြန်ရောက်တော့ စိတ်မူမမှန်ဟန်ရှိနေတဲ့ လူဖြူအမျိုးသမီးကြီး တစ်ယောက်က တရုတ်အဘိုးကြီးတယောက်နဲ့ ငြင်းခုံအော်ဟစ်နေတာကိုတွေ့တော့ ဘာရယ်မဟုတ် အချိန်အတော်ကြာ ငေးမောနေလိုက်မိတယ်။ အနီးနားက ပန်းခြံအုတ်ခုံတန်းတွေမှာတော့ ဆေးလိပ်ထိုင်သောက်နေသူတွေ၊ အနွေးထည်နွမ်းနွမ်းစုတ်စုတ်လေးတွေကို ထုတ်ဝတ်နေသူတွေ၊ မြက်ခင်းပြင်တွေပေါ်မှာ လဲလျောင်းအိပ်စက်နေကြသူတွေနဲ့ LA ရဲ့ ညနေခင်းဟာ အိမ်ခြေမဲ့တွေအကြားမှာ ပုံသေကားကျလည်ပတ်နေသလိုပါပဲ။
ကျွန်တော်လည်း နောက်ထပ်ခရီးတစ်ထောက်ဖြစ်တဲ့ ယိုဆမ်မီတီအမျိုးသားဥယျာဉ်ဆီကို ခရီးဆက်ဖို့အတွက် လာကြိုမယ့်မော်တော်ယာဉ်ကို စောင့်မျှော်ရင်း ပတ်ဝန်းကျင်မြင်ကွင်းတွေအကြား မျောပါနေမိတာပါ။ ၇ နာရီ ထိုးလုလုမှာ တူးရစ်ကားကြီးက အချိန်တိတိကျကျပဲ ဆိုက်ရောက်လာခဲ့ပါတယ်။
ကားပေါ်မှာ အကျအနနေရာယူပြီးတဲ့နောက်မှာတော့ ကျွန်တော့်ရဲ့ အတွေးထဲမှာ ကြီးစိုးနေတာက အိမ်ခြေမဲ့တွေ အကြောင်းပါပဲ။ ဟယ်လီဘယ်ရီ (Halle Berry) နဲ့ ဒန်နီယယ် ခရိတ် (Daniel Craig) တို့လို အိမ်ခြေမဲ့ဘဝကနေ ကမ္ဘာကျော်ဖြစ်လာသူတွေ၊ ဘရက် ဘက်တ်လာ (Brad Butler) ၊ နာတာရှာ လိုင်ယွန်နီ (Natasha Lyonne)၊ တစ်ချိန်က ပုရိသတွေအသည်းစွဲ Porn Star ဂျန်နီ လီး (Jenni Lee) တို့လို နာမည်ကျော်ဘဝကနေ အိမ်ခြေမဲ့ဖြစ်သွားသူတွေရဲ့အကြောင်း သောင်းပြောင်းထွေလာ အတွေးစတွေကို တွေးတောရင်း ယိုဆမ်မတီအမျိုးသားဥယျာဉ်ရှိရာ ကာလီဖိုးနီးယား အလယ်ပိုင်းကို ခရီးဆက်ခဲ့ပါတော့တယ်။
