“ကာဘရီယိုမှ မက်ဟက်တန်သို့” ကန့်လန့်ဖြတ် အမေရိကခရီး – ၇

ယိုဆမ်မတီ အမျိုးသား ဥယျာဉ်အတွင်းမှ Half Dome တောင်ကမ်းပါးရံ

‘တိမ်တိုက်တံတား ရေတံခွန်များ’

တူးရစ်ကားရဲ့ ပြတင်းတံခါးကနေ နံဘေးကမြင်ကွင်းတွေကို ကြည့်မိတော့ တဝေါဝေါသောသောနဲ့ ဝါးလုံးထိုးစီးနေတဲ့ ချောင်းငယ်လေးကို လှမ်းမြင်နေရတယ်။ ရေအလျှင်က မြန်သလို ကျယ်လောင်လှတဲ့ ချောင်းရေစီးသံဟာ အလုံပိတ်တူးရစ်ကားကြီးထဲကတောင် ကြားနေရတာပါ။ တစ်ခြားတစ်ဘက်ခြမ်းမှာတော့ ထင်းရူးပင်တွေဖုံးလွှမ်းနေတဲ့ တောင်ကမ်းပါးရံကြီးဟာ မိုးထိအောင် မြင့်မြင့်မားမား။ နေရောင်ခြည်ဟာလည်း လင်းတလှည့်ပျောက်တလှည့်နဲ့ သစ်ပင်အုပ်ကြားထဲ ရုံးမထွက်နိုင်ဟန်တူပါရဲ့။

ဖုန်းကို ရုတ်တရက်ကြည့်မိတော့ အင်တာနက်လိုင်း မမိတော့တာ သတိထားမိတယ်။ စမတ်ဖုန်းက နာရီမှာ မနက် ၉ နာရီလို့ ပြနေပြီး အပူချိန်ကလည်း ၁၄ ဒီဂရီ ဆဲလ်စီးယပ်စ်တဲ့။ ကမ္ဘာကျော် ယိုဆမ်မတီ အမျိုးသား ဥယျာဉ် (Yosemite National Park) ကိုတော့ ရောက်လာခဲ့ပြီ။

LA က ထွက်လာတုန်းကနဲ့ ရာသီဥတုမတူတော့။ ဒီမှာက သစ်ရိပ်ဝါးရိပ်တွေအပြင် နေရာကလည်း လျှိုထဲမှာမို့ ပိုအေးတယ်။ ယိုဆမ်မတီက အနီးဆုံးမြို့ မာရီပိုဆာနဲ့တောင် ၃၂ မိုင်ဝေးပါတယ်။

LA က ထွက်လာတုန်းက ညနေပိုင်းမို့ အနည်းငယ် အေးပေမယ့် ပျမ်းမျှအပူချိန်က ၂၀ ဒီဂရီ ဝန်းကျင် လောက်ပါပဲ။ LA က ညဘက်အေးပေမယ့် နေ့ခင်းဘက်ဆို ရန်ကုန်နီးနီး ပူတယ်။ LA နဲ့ ယိုဆမ်မတီက မိုင် ၂၈၀ လောက် ဝေးပြီး မြေမျက်နှာသွင်ပြင်ကလည်း အတော်ခြားနားတာကြောင့် ရာသီဥတုလည်း ကွာခြားသွားတယ်။

လာခဲ့တဲ့ လမ်းခရီးတစ်လျှောက်မှာ မြေပြန့်ကျေးလက်ဒေသတွေကိုသာ တောက်လျှောက်ဖြတ်သန်းခဲ့ရပြီး စိုက်ခင်းတွေနဲ့ လမ်းဘေးမှာကျိုးတိုးကျဲတဲမှာ ပေါက်နေတဲ့သစ်ပင်တွေဟာ မြန်မာပြည်က တချို့သော အဝေးပြေးကားလမ်းတွေနဲ့တောင် ခပ်ဆင်ဆင်ပါပဲ။

တောဘက် ပိုရောက်လာလေလေ ပတ်ဝန်းကျင်အသွင်အပြင်က မြန်မာကျေးလက်ဒေသတွေနဲ့ ပိုဆင်လာတယ်လို့ ခံစားရလေလေပါပဲ။ တချို့စိုက်ခင်းတွေဟာ အရမ်းကို ကျယ်ပြန့်လွန်းပြီး ယာဉ်သွားလမ်းကိုလည်းစိုက်ခင်းတွေထဲက ဖြတ်ဖောက်ထားတာကို မြင်ခဲ့ရတယ်။ လမ်းတွေဟာ ပိုကျဉ်းလာပြီး ပိုပြီးလည်း ဆိုးလာတယ်။ အမေရိကရဲ့နေရာ အတော်များများနဲ့ အမြန်လမ်းတွေမှာ ကွန်ရစ်အောက်ခံပေါ် ကတ္တရာပါးပါး အုပ်ထားတဲ့လမ်းတွေကိုသာ အသုံးများပေမယ့် ကျေးလက်ဒေသကလမ်းတွေကတော့ ကတ္တရာလမ်းတွေ ဖြစ်တာမို့ ပျက်စီးမှု ပိုများပါတယ်။ တချို့နေရာတွေမှာ လမ်းတခြမ်းလောက်အထိ ပေါက်ပြဲပျက်စီးနေတာမို့ ကျေးလက်လမ်းမတွေဟာ မြို့ပေါ်လမ်းမတွေလောက် အလေးထားမှု မခံရပုံပဲလို့ တွေးမိလိုက်တယ်။ သံလွင်ခင်းတွေနဲ့ စပျစ်ခင်းတွေဟာ မျက်စိတဆုံးရှိနေပြီး တချို့နေရာတွေမှာတော့ မြစိမ်းရောင်ကော်ဇောကြီးချထားသလို လှပလွန်းတဲ့ စပါးခင်းတချို့လည်း ရှိတယ်။

LA က ထွက်လာချိန်ဟာ ညနေစောင်းနေချိန်မို့ လမ်းက မားဆက်ဒ် (Merced) ဆိုတဲ့မြို့လေးမှာ တညဝင်အိပ်ရတယ်။ မားဆက်ဒ်ဆိုတာက စပိန်ဘာသာနဲ့ “Mercy” လို့ ခေါ်ဆိုတာပါ။ ၁၈၈၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဒီမြို့လေးမှာ လူဦးရေ ၈၃၀၀၀ ကျော်လောက် နေကြတယ်။ တိတ်ဆိတ်ပြီး အေးချမ်းတဲ့မြို့လေးတစ်မြို့ပါ။ ၁၉၅၉-၇၅ ဝန်းကျင်ကာလတွေတုန်းက ဖြစ်ပွားခဲ့တဲ့ လာအိုပြည်တွင်းစစ်ကနေ ထွက်ပြေးလာကြတဲ့ မောင် (Hmoung) တိုင်းရင်းသားတွေကို ဒီမြို့မှာ အခြေစိုက်စေခဲ့တယ်လို့ မှတ်တမ်းတွေကဆိုတယ်။

ယိုဆမ်မတီ အမျိုးသား ဥယျာဉ်အတွင်း တစ်နေရာ

ခရီးသွားကုမ္ပဏီက စီစဉ်ပေးတဲ့ ဟိုတယ်ကလည်း မြို့ပြင်နားကိုရောက်နေတာရယ်၊ ကျွန်တော်ရောက်သွားချိန်ကလည်း မိုးအတော်ချုပ်နေတာရယ်ကြောင့်မို့ ဘာမှလေ့လာချိန်မရှိခဲ့ပါဘူး။ ညစာကိုတော့ အနီးနားက McDonald’s ဆိုင်ကိုပြေးပြီး အပြေးအလွှားလွေးရပါတယ်။ ဝန်ထမ်းကလေး နှစ်ယောက်ကတော့ ညကြီးမင်းကြီးမှရောက်လာတဲ့ ခရီးသည်တွေကို မရောင်းချင်ရောင်းချင်နဲ့ လေးတိလေးတုန့် ရောင်းရှာပါရဲ့။ ဆန်ဒီယေဂိုတို့၊ LA တို့၊ ဆန်ဖရန်စ္စကိုတို့မှာ ဇိမ်ရှိရှိအရသာခံ စားခဲ့သောက်ခဲ့ရတဲ့တာတွေကို ပြန်လွမ်းမိပါရဲ့။

နောက်တစ်နေ့မှာတော့ မားဆက်ဒ်ကနေ ယိုဆမ်မတီကို မနက်စောစော ခရီးဆက်ခဲ့တယ်။ စောစောစီးစီးထပြီး ခရီးဆက်ခဲ့ရပေမယ့် ဥယျာဉ်အနီးနားဝန်းကျင်ကို ရောက်ကတည်းက သာယာလှပလွန်းတဲ့ ရှုမျှော်ခင်းတွေကြောင့် အိပ်ရေးပျက်ရကျိုးနပ်လှပါရဲ့။ မြင့်မားမတ်စောက်တဲ့ တောင်တက်တောင်ဆင်းလမ်းတွေနဲ့ လျှိုမြောင်ချောက်ကမ်းပါးတွေကိုလည်း ဖြတ်ကျော်မောင်းနှင်ခဲ့ရတာမို့ ရင်တဖိုဖိုနဲ့ သွားခဲ့ရတဲ့ခရီးစဉ်ပါပဲ။

ဆီယာရာ နဗားဒါးတောင်ကြောကြီး (Sierra Nevada) ရဲ့ အနောက်ဘက်၊ ကာလီဖိုးနီးယားပြည်နဲ့ရဲ့ အလယ်မှာတည်ရှိနေတဲ့ ဒီအမျိုးသားဥယျာဉ်ကြီးဟာ ဧရိယာစတုရန်းမိုင် ဟက်တာ ၇ သိန်းခွဲ (စတုရန်းမိုင် ၁၁၆၉ မိုင်) ကျယ်ဝန်းပါတယ်။ တောတောင်၊ လျှိူမြောင်၊ ချောက်ကမ်းပါး၊ ချောင်း၊ ရေတံခွန်၊ ဂူ၊ ရေခဲတောင်၊ ကန်နဲ့ တောင်တန်းတွေ ပေါင်းဖွဲ့ပါဝင်နေပြီး ၁၉၈၄ ခုနှစ်ကတည်းက ကမ္ဘာ့အမွေအနှစ်နေရာ (World Heritage site) အဖြစ် သတ်မှတ်ခံထားရတဲ့ ဥယျာဉ်တစ်ခုပါ။

ဥယျာဉ်ရဲ့ ၉၅% ဟာ သဘာဝအတိုင်း မပျက်မစီးတည်ရှိနေပြီး တစ်ချို့သော နေရာလေးတွေမှာတော့ လူနေအိမ်လေးတချို့ကို ကျိုးတိုးကျဲတဲ ရှိတယ်။ ကမ္ဘာကျော်နေရာတစ်ခုဖြစ်တာနဲ့အညီ လမ်းတွေဟာလည်း မားဆက်ဒ်တုန်းကလို မဟုတ်တော့ပဲ အတော်ကို ကောင်းမွန်သပ်ရပ်ပြီး ကျယ်ကျယ်ပြန့်ပြန့်လဲရှိပါတယ်။

ယိုဆမ်မတီရဲ့ ထူးခြားချက်ကတော့ တစ်နှစ်ကို လူ ၄ သန်းလောက် လာရောက်လည်ပတ်တတ်ပြီး လူတစ်ဦးကို ၇ စတုရန်းမိုင်လောက် လှည့်လည်သွားလာလေ့ရှိတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါ့အပြင် ဒီဥယျာဉ်ကြီးဟာ အမေရိကန်တို့ရဲ့ ၁၆ ဆက်မြောက် သမ္မတကြီး အေဗရာဟမ် လင်ကွန်း (Abraham Lincoln’) ရဲ့ ဦးဆောင်မှုနဲ့ တည်ထောင်ခဲ့တဲ့ဥယျာဉ်ဖြစ်နေတာကြောင့်လည်း အမေရိကန်တွေရဲ့ တန်ဖိုးထားခြင်းကို ခံရတဲ့နေရာ တစ်နေရာ ဖြစ်ခဲ့ပါတယ်။ လင်ကွန်းဟာ ၁၈၆၄ ခုနှစ်မှာ ယိုဆမ်မတီတောင်ကြားဒေသကို သဘာဝအတိုင်း ကာကွယ်ဖို့အတွက် သဘောတူညီချက်ကို လက်မှတ်ရေးထိုးပေးခဲ့တာပါ။

ကာလီဖိုးနီးယားပြည်နယ်အတွင်းမှာ သစ်ပင်မျိုးစိတ်ပေါင်း ၇၀၀၀ ကျော်ရှိရာမှာ ၂၀% လောက်က ယိုဆမ်မတီထဲမှာ ရှင်သန်ပေါက်ပွားနေကြတာပါ။ ဒီအထဲမှာ ရှားပါးမျိုးစိတ် ၁၆၀ လောက်လည်းပါဝင်နေပြီးတော့ ဒီသစ်ပင်မျိုးစိတ်တွေရှိနေတဲ့နေရာတွေကို စနစ်တကျ ကာကွယ်ထိမ်းသိမ်းထားပါတယ်။

ယိုဆမ်မတီ အမျိုးသား ဥယျာဉ်အတွင်းမှ တောင်ကုန်းတောင်တန်းများ

ဥယျာဉ်ကြီးရဲ့ အပေါက်ဝကို ရောက်တာနဲ့ အဝင်ဝမှာ ဝင်ကြေး ၃၅ ဒေါ်လာ ပေးရပြီး လက်မှတ်ရောင်းတဲ့စခန်းရဲ့ ဘေးကပ်လျက်မှာတော့ ကားပါကင်အသေးစားလေး တစ်ခုနဲ့ အများသုံးသန့်စင်ခန်းတခု ထားထားပေးတယ်။ ဒါပေမယ့် သန့်စင်ခန်းကသေးလွန်းတော့ သိပ်တော့ အဆင်မပြေလှပါဘူး။ ကားပါကင်နံဘေးမှာ ကပ်လျက်စီးဆင်းနေတဲ့ ချောင်းမကြီးကတော့ အတော်ရေစီးသန်လှပြီး တဝေါဝေါရေစီးသံတွေနဲ့အတူ သဘာဝရဲ့ အလှအပရှုမျှော်ခင်းကောင်းတခုကို ခံစားရစေပါလိမ့်မယ်။

ပထမဆုံးအနေနဲ့ နာမည်ကျော်ရေတံခွန်တွေဖြစ်ကြတဲ့  ဘရီဒယ်လ် ဗေးလ်ရေတံခွန် (Bridal Veil Falls) ၊ အထက်-ယိုဆမ်မတီရေတံခွန် (Upper Yosemite Fall) နဲ့ အောက်-ယိုဆမ်မတီရေတံခွန် (Lower Yosemite Falls) တွေဆီ အရင်ဝင်ကြည့်ပါတယ်။ လမ်းသင့်တာကြောင့်လည်း ပါတာပေါ့။ လမ်းတစ်လျှောက် စမ်းချောင်းတွေ သစ်တောတွေနဲ့ တောင်ကမ်းပါးရံတွေရဲ့ အလှအပကို ခံစားရင်းဒီဥယျာဉ်ထဲမှာ အမြင့်ဆုံးရေတံခွန်ဖြစ်တဲ့ အယ်လ်ကပီတန်ရေတံခွန်ဆီကို ဆက်သွားဖြစ်တယ်။ ဒီရေတံခွန်က ပေ ၃၀၀၀ ဝန်းကျင်မြင့်ပြီး ကမ္ဘာ့အမြင့်ဆုံးရေတံခွန်တွေထဲမှာ တစ်ခုအပါအဝင်ပါ။ ဒီရေတံခွန်ရှိရာတောင်ရဲ့ အောက်ခြေမှာ ခရီးသွားတွေအတွက် အခြေစိုက်စခန်း တည်ဆောက်ထားတယ်။

အဲ့ဒီနောက်မှာတော့ ယိုဆမ်မတီမှာ အလှဆုံးနေရာဖြစ်တဲ့ Tunnel View ကို သွားခဲ့တယ်။ Tunnel View ကို ရောက်ဖို့တောင်ပေါ်ကို ကားနဲ့တက်ရပါတယ်။ တောင်ကိုထွင်းပြီး ဖောက်ထားတဲ့ ဥမင်လှိုင်ခေါင်းနေရာဖြစ်သလို အဲ့ဒီဥမင်ရဲ့ရှေ့မှာရှိတဲ့ တောင်ကမ်းပါးကနေ ယိုဆမ်မတီချိုင့်ဝှမ်းတခုလုံးကို အပေါ်စီးကနေ ကြည့်ရှုလို့ရပါတယ်။ တိမ်တွေကြားထဲ တိုးထွက်နေတဲ့ အယ်လ်ကပီတန် ရေတံခွန်က ဘယ်ဘက်၊ ဘရီဒယ်ဗေးလ် ရေတံခွန်နဲ့ ၄၇၃၇ ပေမြင့်တဲ့ Half Dome  တောင်ကမ်းပါးရံတို့က ညာဘက်မှာ ကာရံထားပြီးအလယ်မှာ သစ်တောအပြည့်ဖုံးနေတဲ့ ချိုင့်ဝှမ်းကြီးက ရင်သပ်ရှုမောဖွယ်။ ဒီရှုခင်းဟာ ကမ္ဘာပေါ်မှာ အလှဆုံးရှုမျှော်ခင်းတွေထဲမှာ တစ်ခုအပါအဝင်ပါ။ ကျွန်တော့် ဆန္ဒအရသာဆိုရင် အဲ့ဒီနေရာမှာ ဒီရှုမျှော်ခင်းကို တစ်သက်လုံးထိုင်ကြည့်နေတော့တာပါပဲ။

ရှုမျှော်ခင်းအလှအပတွေရဲ့ ဆွဲဆောင်ရာနောက်ကို လိုက်ပါစီးမျောနေတဲ့ ကျွန်တော့်ကို အချိန်မလင့်ခင်ခရီးဆက်ဖို့ ဧည့်လမ်းညွှန်က လာသတိပေးပါတယ်။ ကျွန်တော့်တယောက်တည်း အတွေးနဲ့ ဆိုယိုဆမ်မတီမှာ ညအိပ်ညနေ နေလိုက်ချင်ပေမယ့် နယူးယောက်ခရီးစဉ်ရက်နဲ့ အရမ်းကပ်နေတာမို့ မနေဖြစ်ခဲ့ပါဘူး။ ဥယျာဉ်ထဲမှာ အချိန်အတော်ကြာ အချိန်ဖြုန်းဖို့ဆန္ဒကိုလည်း နှင်းဖုံးတောင်တွေ အရည်ပျော်ပြီးခါစလည်းဖြစ်၊ တောမီး အကြီးအကျယ်လောင်ထားပြီးကာစ အခြေအနေလည်း ဖြစ်နေတာမို့ထပ်ပြီး လက်လျှော့လိုက်ရပြန်ပါတယ်။ အပြန်လမ်းကိုတော့ နှင်းဖုံးတောင်တန်းတွေကို ဖြတ်ပြီးမတူညီတဲ့လမ်းကြောင်းကနေ ပတ်ပြန်ဖို့စီစဉ်ထားတာမို့ နေ့လယ်စာစားပြီးချိန်လောက်မှာ တောင်တန်းတွေပေါ် ကားနဲ့စတက်ခဲ့ပါတော့တယ်။

တောင်ပေါ်ရောက်လာလေလေ သစ်ပင်တွေရဲ့ အရွယ်အစားဟာသေးလာလေလေ ဖြစ်လာပြီး တောမီးအကြီးအကျယ်လောင်ထားတာမို့ မီးကျွမ်းထားတဲ့ ထင်းရူးပင်အုပ်တွေကို ဧက ရာနဲ့ချီတွေ့မြင်ရတာဟာ ဝမ်းနည်းဖွယ်ရာမြင်ကွင်းတွေလို့ ဆိုရမှာပါ။ တချို့နေရာတွေမှာ နှင်းခဲတွေ ကျန်နေသေးတာမြင်ခဲ့ရပေမယ့် နှင်းခဲတွေဟာ တောမီးလောင်စဉ်က ရေဖြန်းထားတဲ့ အရှိန်ကြောင့် ဗွက်ရောင်ထနေတဲ့ နှင်းခဲတွေ ဖြစ်နေပါပြီ။

ယိုဆမ်မတီ အမျိုးသား ဥယျာဉ် နေထွက်ချိန် အလှတရား

တောင်တန်းတွေနဲ့ ချောက်ကမ်းပါးတွေကို နာရီအတော်ကြာ ဖြတ်သန်းပြီးတဲ့နောက်မှာ မြက်ခင်းစိမ်းလွှမ်းခြုံထားတဲ့ ဆာဗားနားမြက်ခင်းဖုံးတောင်ကုန်းတွေကို ဆက်လက်ဖြတ်သန်းရပါတယ်။ ဒီနေရာတဝိုက်ကတော့ ဆန်ဒီယေဂိုဝန်းကျင်နဲ့ ပိုပြီးဆင်တူတယ်လို့ ကျွန်တော်ထင်မိတယ်။

မြက်ခင်းပြင်တွေ အကြားမှာ သဘာဝအတိုင်းကျောက်တုံးအကြီးကြီးတွေ တည်ရှိနေတာမို့ ပတ်ဝန်းကျင်တခွင်ဟာ တည်ငြိမ်မှုနဲ့ ခိုင်မြဲမှုကို သရုပ်ဖော်ရင်း ပနံရစွာလှပလို့နေတော့တာပါ။ နောက်ပိုင်းမှ သတိထားမိတာက မြက်ခင်းပြင်ကျယ်တွေမှာ ခြံစည်းရိုးခပ်သေးသေးတွေ ကျယ်ပြန့်စွာခတ်ထားပြီး ပုဂ္ဂလိကပိုင်မြေဆိုတဲ့ ဆိုင်းဘုတ်လေးတွေ တစ်ထောင်ထောင်နဲ့ဖြစ်နေတာပါပဲ။ ခြံစည်းရိုးတွေရဲ့ နောက်ဘက် ဟိုအဝေးခပ်လှမ်းလှမ်းနေရာတွေမှာတော့ တန်ဖိုးကြီးဟန်တူတဲ့ စံအိမ်ကြီးတွေက ခန့်လို့ညားလို့လေ။

ယိုဆမ်မတီထဲမှာ ရှိနေစဉ်တလျှောက်လုံးမမိခဲ့တဲ့ အင်တာနက်က အုတ်ခ်ဟက်စ်မြို့ (Oakhurst) နားရောက်တော့ မိတချက်မမိတချက်နဲ့ ပြန်ရလာတယ်။ လူဦးရေ ၃၀၀၀ မပြည့်တဲ့ဒီမြို့လေးဟာ ကမ္ဘာ့ဗီဒီယိုဂိမ်းနယ်ပယ်ကြီးကို ပြောင်းလဲနိုင်ခဲ့တဲ့ကုမ္ပဏီတစ်ခုရဲ့ မွေးရပ်မြေဆိုတာ ယုံနိုင်စရာတောင်မရှိပါဘူး။ ကမ္ဘာ့ပထမဆုံး 3D စွန့်စားခန်းဂိမ်းဖြစ်တဲ့ King’s Quest (၁၉၈၄) ကို အင်တာနက် မမိတစ်ချက်မိတစ်ချက်ဖြစ်နေတဲ့ ဒီမြို့မှာ ဖန်တီးခဲ့တာပါ။ Sierra On-Line ဆိုတဲ့ ကုမ္ပဏီလေးဟာ တစ်ကမ္ဘာလုံးကို King’s Quest ဗီဒီယိုဂိမ်းစီးရီးနဲ့ ကိုင်လှုပ်ပြခဲ့ဖူးပါရဲ့။

အင်တာနက်ဆိုလို့ မှတ်မှတ်သားသားပြောပြချင်တာလေး တစ်ခုရှိပါတယ်။ အမေရိကန်မှာမို့ အင်တာနက်တော့ သိပ်ကောင်းမှာပဲ တစ်နိုင်ငံလုံးရမှာပဲလို့ ထင်ရင် မှားပါလိမ့်မယ်။ အမေရိကန်မှာ မြို့ပေါ်နေ လူတန်းစား ၄% လောက်နဲ့ ကျေးလက်နေပြည်သူ ၃၉% လောက်က အမြန်နှုန်းမြင့်အင်တာနက်မရကြပါဘူး။ သူတို့တိုင်းပြည်မှာလည်း ဒီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးပမ်းနေကြဆဲလို့ CNet ရဲ့ သတင်းတစ်ရပ်မှာ ဖက်ခဲ့ဖူးပါရဲ့။

အုတ်ခ်ဟက်စ်ကိုကျော်လွန်ပြီး ကော်အာ့စ်ဂိုးလ်ဒ် (Coarsegold) နားကို ဖြတ်တော့ အိမ်ခြေမဲ့တွေနဲ့ မတိမ်းမယိမ်းလောက်ကို ဆင်းရဲတဲ့ အမေရိကန် အင်ဒီးယန်းကျေးရွာတွေကို မြင်ခဲ့ရတယ်။ အဲ့ဒီမြို့က တရုံတည်းရှိဟန်တူတဲ့ ရုပ်ရှင်ရုံပိစိလေးမှာ Shazam! ၊Hellboy ၊La Lolla စတဲ့ နောက်ဆုံးထွက် ရုပ်ရှင်နာမည်တွေ ချိတ်ဆွဲထားတာကို လှမ်းမြင်လိုက်သေးရဲ့။ အမေရိကန်မြို့ငယ်လေးတွေက ရုပ်ရှင်ရုံတွေရဲ့ထုံးစံအတိုင်း ပိုစတာမကပ်ထားဘူး။ ရုပ်ရှင်နာမည်ကိုပဲ စာတန်းချိတ်ဆွဲထားတာပါ။

ရုပ်ရှင်ရုံနားက ဆီဆိုင်မှာ   ကားဆီဖြည့်ရင်း နောက်ကို ပြန်လှည့်ကြည့်တော့ ယိုဆမ်မတီတည်ရှိရာ ဆီယာရာ-နဗားဒါးတောင်တန်းကြီးက တိမ်တွေကြားထဲ တိုးဝင်လို့။ မပီဝိုးတဝါး။ လွမ်းမောဖွယ်ရှုခင်း တစ်ပိုင်းတစ်စက နှုတ်ဆက်လက်ပြနေကြ သယောင်ယောင်။

နိမ့်တုန်မြင့်တုန်နဲ့ တောင်တန်းကြီးတွေက လမ်းမရဲ့ ဟိုးအဝေးက မြူတွေကြားထဲမှာ ပေါ်လိုက်ပျောက်လိုက်။ ဘေးဘီဝဲယာ တစ်ဖက်တစ်ချက်စီကိုကြည့်တော့ မြက်ခင်းလွင်ပြင်ကြီးနဲ့ မြက်ဖုံးတောင်ကတုံး ခပ်ပြေပြေလေးတွေ အပြည့်။ ကားလမ်းမဘေးတစ်နေရာမှာတော့ The Angeles National Forest ဆိုတဲ့ ဆိုင်းဘုတ် ခပ်သေးသေးတစ်ခုကို အမှတ်မထင်တွေ့လိုက်မိတယ်။

ယိုဆမ်မတီ ဥယျာဉ် တစ်နေရာ

ကိုယ့်မျက်စိကိုယ်ပြန်ပွတ်ပြီး ဘေးဘီဝဲယာကို သေချာပြန်ကြည့်တယ်။ ဘယ်မှာလဲ သစ်ပင်၊ သစ်တော။ နောက်တော့မှ သဘောပေါက်တော့တယ်။ ဒီအမျိုးသားဥယျာဉ်က ဆာဗားနားမြက်ခင်းတွေနဲ့ ကန္တာရပေါက်ပင်တွေကို ထိမ်းသိမ်းထားတာပါတဲ့။ ၁၉၀၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ဧက ၆ သိန်းခွဲကျော် ကျယ်ပြောတဲ့ ဒီအမျိုးသားဥယျာဉ်ထဲက တစ်ချို့နေရာတွေမှာ ထင်းရူးတောတချို့ ရှိပါတယ်တဲ့ဗျာ။ သစ်တောဆိုရင် သစ်ပင်ရှိရမယ်လို့ မှတ်ယူမိထားတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရပါတော့တယ်။

ကားကို ဆက်ပြီးမောင်းထွက်လာရင်း ကျွန်တော့်ရဲ့ ကာလီဖိုးနီးယားခရီးစဉ်ကတော့ ပြီးဆုံးပြီလို့ တွေးမိလိုက်တယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ အမေရိကခရီးတစ်ခုလုံးကတော့ အဆုံးမသတ်သေးပါဘူး။ နောက်တစ်ရက်မှာ နယူးယောက်ခ်ကို ခြေဆန့်မယ်။ ဖီလာဒဲလ်ဖီယားနဲ့ ဝါရှင်တန်ကနေတဆင့် မြောက်ပိုင်း နိုင်ရာဂရာရေတံခွန်နဲ့ ကနေဒါနယ်စပ်အထိ ဆက်သွားဖို့ စိတ်ကူးထားတယ်။ ခုလောလောဆယ်တော့ ဆန်ဒီယေဂိုကို ပြန်ရောက်ဖို့သာ စိတ်ကလောနေမိတယ်။ အန်တီလဲ့အိမ်မှာ ချဉ်ပေါင်ဟင်းနဲ့ ငါးပိထောင်းက အသင့်စောင့်နေပြီမဟုတ်လား။

 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *