“ကာဘရီယိုမှ မက်ဟက်တန်သို့” ကန့်လန့်ဖြတ် အမေရိကခရီး – ၈

နယူးယောက်ခ်မြို့ ညအလှ

‘ပန်းသီးစားကြသူများ – ၁’

လေယာဉ် သိမ့်ခနဲတုန်သွားတာမို့ ကျွန်တော် လန့်ပြီးနိုးလာခဲ့တယ်။ ပြတင်းတံခါးကလှမ်းကြည့်လိုက်တော့ တိမ်တောင်တိမ်သားတွေကလွဲပြီး ပတ်ဝန်းကျင်မှာ ဘာမှမရှိ။ ဝန်းကျင်ပတ်ပတ်လည်မှာ တိမ်တွေ ကြားမှာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ မလင်းတလင်း ကောင်းကင်ပြင်ကြီးပဲ ရှိတယ်။

အချိန်က မနက် ၅ နာရီကျော်ပဲရှိသေးတယ်။ မျက်စိရှေ့က တီဗီစခရင်မှာ နယူးယောက်ခ် (New York) ကို ရောက်ဖို့ ၁ နာရီနီးပါးလိုသေးကြောင်းပြနေတာမို့ စခရင်ပေါ်ကတခြား Feature တွေကို တခုချင်း ပြောင်းကြည့်နေမိတယ်။ ရုပ်ရှင်ကြည့်ရမလား ဂိမ်းပဲဆော့ပြီး အချိန်ဖြုန်းရမလား မဝေခွဲတတ်။ လေယာဉ်ပေါ်မှာ Wifi သုံးလို့ရပေမယ့် Social Media App တွေလောက်ပဲ သုံးခွင့်ရှိတာမို့ မသုံးဖြစ်ပါဘူး။ စိတ်ကြိုက်သုံးလို့ရတဲ့ အင်တာနက်ကို လေယာဉ်ပေါ်မှာ ဝယ်သုံးလို့ရပေမယ့် ဈေးအတော်လေးကြီးတယ်လေ။

ယိုဆမ်မတီကနေ ဆန်ဒီယေဂိုကို တက်သုတ်ရိုက်ပြန်ပြီးနောက် တစ်ရက်သာနားပြီး နယူးယော့ခ်ကို ကျွန်တော်ဆက်ထွက်လာတာပါ။ ကသုတ်ကရက်စီစဉ်ရတော့ ဆန်ဒီယေဂိုကနေ နယူးယောက်ခ်ကို တိုက်ရိုက်လေယာဉ်မရခဲ့ပါဘူး။ ဒီတော့ ဆန်ဒီယေဂိုကနေ လာ့စ်ဗီးဂတ်စ်၊ လာ့စ်ဗီးဂတ်စ်ကနေတဆင့် နယူးယောက်ခ်ကို လေယာဉ်ပြောင်းစီးခဲ့ရပါတယ်။ The City of Second Chances (ဒုတိယအခွင့်အရေးအမြဲရှိတဲ့ မြို့တော်) လို့ ခေါ်ကြတဲ့ လာ့စ်ဗီးဂတ်စ်မြေကိုတော့ နာရီပိုင်းလောက်ပဲ ခြေချဖြစ်ခဲ့သလို အဲ့ဒီအချိန်တွေကိုလည်း လေဆိပ်အလယ်ခေါင်က ကော်ဖီဆိုင်ထောင့်လေးထဲမှာ ငိုက်မြည်းရင်းဖြတ်သန်းခဲ့ရတာပါ။ ဗီးဂတ်စ် (Las Vegas) ဆီ ပြန်လာခွင့် ဒုတိယအခွင့်အရေးလေးရဖို့ကိုတော့ မျှော်လင့်ခဲ့ပါရဲ့။

ဟိုဟိုဒီဒီတွေးနေရင်း စီးလာတဲ့ Delta Airlines က လေယာဉ်ကြီးက ဂျွန်အက်ဖ်ကနေဒီလေဆိပ် (John F. Kennedy International Airport) ပြေးလမ်းပေါ်ကို ဆင်းသက်လာခဲ့တယ်။ နားကျပ်ကို ကောက်တပ်လိုက်ပြီး ဖုန်းထဲက အယ်လီရှာကီးစ် (Alicia Keys) ရဲ့ ‘Empire State Of Mind’ သီချင်းကို ခပ်ကျယ်ကျယ်လေး ဖွင့်လိုက်တယ်။ ပြီးတော့ လေဆိပ်ထဲဟန်ပါပါနဲ့ ဖြတ်လျှောက်လာမိတယ်။ ကိုယ့်ကိုယ်ကို ဟောလီးဝုဒ် ရုပ်ရှင်တွေထဲက ဇာတ်ဆောင်တစ်ယောက်လို စိတ်ခံစားချက်မျိုး ထည့်ပြီးပေါ့။

ဂျွန်အက်ဖ်ကနေဒီလေဆိပ်ဟာ အတော်ကြီးမားတဲ့လေဆိပ်တစ်ခုဖြစ်တာမို့ ရုပ်ရှင်ဇာတ်ဝင်ခန်းတွေထဲကလို နောက်ခံတေးလေးဖွင့်ပြီး ဖီးလ်အပြည့်နဲ့ဆင်းလာချင်တဲ့ ကျွန်တော့်ရဲ့ စိတ်ကူးတွေဟာ မိနစ်အနည်းငယ်အတွင်း အငွေ့ပျံသွားပါလေရော။ ကျွန်တော့်မှာ ကိုယ်ဆင်းတဲ့ဂိတ်ကနေ လက်ဆွဲအိတ်ရွေးတဲ့နေရာရောက်ဖို့ နာရီဝက်ကျော်လောက် ပြေးလိုက် လွှားလိုက်ရတယ်။ အထုပ်တွေ ရွေးပြီးချိန်မှာ ဟောဟဲဆိုက်နေပါပြီ။

လေဆိပ်တစ်ခုလုံးရဲ့ ဧရိယာ ဟက်တာ ၅၀၀၀ လောက်ကျယ်ဝန်းပြီး ဗဟိုအဆောက်အအုံတစ်ခုတည်းတင် ၈၈၀ ဟက်တာကျယ်တဲ့ လေဆိပ်ထဲမှာ နာရီဝက်စွန်းစွန်းနဲ့ လက်ဆွဲအိတ်ရွေးနိုင်ခဲ့တာ မဆိုးဘူးလို့ဆိုရမှာပါ။ လေ့လာကြည့်တော့ ဒီလေဆိပ်မှာ ဂိတ်ပေါင်း ၁၇၅ ခုတောင်ရှိတယ်တဲ့။ မြောက်အမေရိကရဲ့ လူဝင်လူထွက်အများဆုံးလေဆိပ်ဆိုတော့လည်း ဒီလောက်တော့ရှိမှာပေါ့လို့ တွေးမိသေးတယ်။ 

ရသလောက်အချိန်လေးမှာ လက်လမ်းမှီသရွေ့ အပြေးအလွှား ခရီးတွေသွားနေရသူမို့ လေဆိပ်ကထွက်တာနဲ့ ကြိုတင်စာရင်းပြုစုလာတဲ့ နာမည်ကျော်နေရာတချို့ဆီကို အပြေးအလွှား ပြေးရပါတော့တယ်။ အရင်ဆုံး ဘရွတ်ကလင်းတံတား (Brooklyn Bridge) ရှိရာကိုသွားတော့ ဖလက်ရှင်းစီရင်စု (Flushing) ကို ဖြတ်ရပါတယ်။ ဖလက်ရှင်ဘက်ရောက်တော့ မွေးရပ်မြေရန်ကုန်ကိုတောင် သတိရမိသေးတယ်ဗျို့။ လမ်းဘေးဝဲယာ အမှိုက်တွေချည်း။ လမ်းတွေကလည်း အပေါက်အပြဲတွေနဲ့။ အံမယ် ဒါနဲ့တင်မပြီးသေးဘူးဗျ။ တချို့ပလက်ဖောင်းတွေမှာဆို ဗွက်အိုင်လေးတွေက ဟိုတကွက် ဒီတကွက်ကလည်း ရှိသေးတယ်။ လမ်းပေါက်တွေကို ကတ္တရာမှုန့်ထောင်းထည့်ပြီး ဖာထားတာလေးတွေပါ မြင်နေရမှတော့ ‘ဒါနယူးယောက်ခ်မဟုတ်ဘူး… ရန်ကုန်မှ ရန်ကုန်ပါဗျာ’ လို့ ထအော်ပစ်လိုက်ချင်မိတဲ့အထိပါပဲ။ 

ဘရွတ်ကလင်းတံတား

တစ်ဆက်စပ်တည်းမှာပဲ ဆန်တီယေဂိုအိမ်က အန်တီလဲ့ ပြောခဲ့တာလေး ပြန်သတိရမိတော့တယ်။ ကာလီဖိုးနီးယားဟာ အမေရိကန်ပြည်ထောင်စုက တခြားတိုင်းပြည်တခုလို့ ပြောခဲ့တာလေးပါ။ သူပြောတဲ့စကားက သွေးထွက်အောင်မှန်ခဲ့ပြီး တခြားအမေရိကန်ဒေသတိုင်းမှာ လမ်းဘေးအမှိုက်တွေ့တာဟာ မထူးခြားတဲ့ ကိစ္စတခုလိုဖြစ်နေတာ သတိထားမိလာပါတယ်။ အယုတ်စွဆုံးကာလီဖိုးနီးယားမှာ ညစ်ပတ်လှပါတယ်ဆိုတဲ့ လော့စ်အိန်ဂျယ်လ်လိစ်တောင်မှ နယူးယောက်ခ်နဲ့ယှဉ်ရင် ဘာမှမဟုတ်တာကို မျက်ဝါးထင်ထင်မြင်ခဲ့ရပါတယ်။

ဘရွတ်ကလင်းတံတားနားကို ရောက်တော့ နယူးယောက်ခ်ရဲ့ အရသာကိုစကြုံရတာပါပဲ။ ကားရပ်စရာနေရာမရှိလို့ တံတားကြီးမြင်နေရလျက်နဲ့ အဲ့နားမှာ ၂ ပတ်လောက်ပတ်လိုက်ရလို့ပါ။ ရှားရှားပါးပါးရတဲ့ ပါကင်နေရာကလည်း တံတားနဲ့ အတော်လှမ်းလို့ လမ်းအတော်လျှောက်လိုက်ရတယ်။ မြန်မာပြည် အင်္ဂလိပ်ကိုလိုနီ အပြည့်အဝမဖြစ်ခင် ၁၈၈၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ဘရွတ်ကလင်းတံတားဟာ ပထမဆုံးသော ကြိုးတံတားလို့ မှတ်သားဖူးပါတယ်။ ဒီတံတားဟာ ပေ ၆၀၀၀ နီးပါးရှည်ပြီး ၂၇၆ ပေ မြင့်ပါတယ်။ ဘရွတ်ကလင်းတံတားဘေးမှာ မက်ဟတ်တန်တံတား (Manhattan Bridge) နဲ့ ဝီလီယံဘာ့ဂ်တံတား (Williamsburg Bridge) တွေရှိနေပြီး အဲ့ဒီတံတား ၃ စင်းလုံးဟာ အိစ်မြစ် (East River) ကို ဖြတ်သန်းတည်ဆောက်ထားကြတာပါ။

ဒီတံတား ၃ စင်းလုံးကို ကမ္ဘာကျော်ဒါရိုက်တာ ခရစ္စတိုဖာ နိုလန် (Christopher Nolan) ရဲ့ နာမည်ကျော် The Dark Knight ရုပ်ရှင်စီးရီးထဲမှာ အကြိမ်ကြိမ်မြင်ကြရပါလိမ့်မယ်။ အဆိုပါရုပ်ရှင်စီးရီးမှာ နောက်ဆုံးဇာတ်ကားဖြစ်တဲ့ The Dark Knight Rises မှာဆိုရင် လူဆိုးဇာတ်ဆောင် ဘိန်း (Bane) က တံတားတွေကို ဗုံးခွဲချလိုက်တဲ့ ဇာတ်ဝင်ခန်းတောင်ပါဝင်နေပါသေးတယ်။

ဘရွတ်ကလင်းကထွက်တော့ ပဉ္စမရိပ်သာလမ်း (Fifth Avenue) ဘက်ကိုသွားဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ဘရွတ်ကလင်းတံတားဟာ Charging Bull ၊ ဝေါလ်စထရိလမ်း (Wall Street) နဲ့ နယူးယောက်စတော့ခ်အိတ်ချိန်း (New York Stock Exchange) တို့နဲ့ အရမ်းနီးနေပေမယ့် ကျွန်တော်အရမ်းသွားချင်နေတဲ့ ပဉ္စမရိပ်သာလမ်းကိုသာ အရင်သွားဖို့ဆုံးဖြတ်လိုက်တာပါ။ ဘရွတ်ကလင်းတံတားကနေ ပဉ္စမရိပ်သာလမ်းကိုရောက်ဖို့ ၃ မိုင်ကျော်လောက်သွားရပြီးတော့ ဖလက်ရှင်းနဲ့ တရုတ်တန်းကိုနောက်တခါ ပြန်ဖြတ်ရပါတယ်။

လမ်းဘေးဝဲယာမှာ သစ်သီးဆိုင်တစ်ချို့နဲ့ ပန်းဆိုင်လေးတွေ အစီအရီရှိနေတာကို မြင်ခဲ့ရပြီးတော့ ထူးခြားတာက လမ်းမတွေပေါ်မှာ ခင်းကျင်းရောင်းချကြတာပါပဲ။ လမ်းဘေးပလက်ဖောင်းတွေဟာ ပန်းစည်းထိုးထားတဲ့ ပုံးလေးတွေ၊ သတင်းစာဗန်းတွေ၊ သစ်သီးဗန်းကြီးတွေနဲ့ ပနံရနေပါတယ်။ မိုးတဖွဲ နှစ်ဖွဲရွာထားဟန်တူတဲ့ လမ်းမတွေပေါ်မှာ လူတွေဟာ ခြေကျင်တစ်မျိုး၊ စက်ဘီးနဲ့တစ်ဖုံ ပြေးလွှားသွားလာနေကြတယ်။ ကားအလွန်ပိတ်တဲ့ နယူးယောက်မှာ စက်ဘီးနဲ့သွားလာကြတာကလည်း စတိုင်တစ်မျိုးပါပဲ။ လမ်းအရမ်းကျပ်တာကြောင့် နယူးယောက်မှာ ကိုယ်ပိုင်ကားနဲ့သွားလာဖို့က မလွယ်ကူပါဘူး။ ဘတ်စ်ကား စီးရင်စီး ဒါမှမဟုတ်ရင် AirTrain စီးကြရတာပါ။ ဒါကြောင့် တစ်ချို့တွေက တစ်ကိုယ်ရည် သွားလာမှုအတွက် စက်ဘီးကို ရွေးချယ်ကြတာပါ။

မက်ဒီဆင်စကွဲပန်းခြံ

ပဉ္စမရိပ်သာလမ်းပေါ်က မက်ဒီဆင်စကွဲပန်းခြံ (Madison Square Garden) ကိုရောက်တော့ ဧပြီလမို့ ချယ်ရီပန်းတွေ အဖွေးသားပါ။ ဒီနေရာက နယူးယောက်ခ်မှာ ထင်ရှားတဲ့နေရာတစ်ခုဖြစ်ပြီးတော့ မက်ဒီဆင်စကွဲဆိုတဲ့ နာမည်ကို ၁၈၈၇-၉၀ လောက်ကတည်းက စတင်မှည့်ခေါ်ခဲ့တာပါတဲ့။ ပန်းခြံက ၁၉၂၅ ခုနှစ်ရောက်မှ တည်ဆောက်ခဲ့တာပါ။

ကျွန်တော်ရောက်ခဲ့တဲ့ရက်က ရုံးပိတ်ရက်မဟုတ်ပေမယ့် ပန်းခြံထဲမှာသာမက ပန်းခြံဘေးက အများပြည်သူအပန်းဖြေဖို့ချထားတဲ့ ခုံအလွတ်တွေမှာ လူတွေပြည့်နေပါတယ်။ လမ်းဘေးဈေးသည်တွေဟာလည်း နေရာအနှံ့မှာရှိနေပြီး အမှတ်တရအင်္ကျီလေးတွေ၊ လက်ဆောင်ပစ္စည်းလေးတွေ၊ အဆာပြေမုန့်တွေ အော်ဟစ်ရောင်းချနေကြပါတယ်။

ပဉ္စမရိပ်သာလမ်းကတော့ နယူးယောက်ရဲ့ လူသိအများဆုံးလမ်းမတစ်ခုဖြစ်ပြီးတော့ တန်ဖိုးကြီးအိမ်ကြီးတွေ၊ ထင်ရှားတဲ့အဆောက်အအုံတွေ ပြည့်နှက်နေတဲ့ လမ်းမကြီးတစ်ခုပေါ့။ စိန့်သောမတ်ဘုရားကျောင်း (St. Thomas Church)၊ စိန့်ပက်ထရစ် ကသီဒြယ် (Saint Patrick’s Cathedral) နဲ့ တစ်ညကို ဒေါ်လာ ၃၀၀၀ လောက် ကျသင့်တယ်ဆိုတဲ့ ပလာဇာဟိုတယ် (The Plaza – A Fairmont Managed Hotel)၊ နယူးယောက် ပြည်သူ့စာကြည့်တိုက် (New York Public Library) တို့လို့ အဆောက်အအုံတွေရှိသလို အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ်ရဲ့ ထရမ့်ပ်မျှော်စင်အဆောက်အအုံ (Trump Tower) ဟာလည်း ပဉ္စမရိပ်သာလမ်းမှာ တည်ရှိပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်သံရုံးကလည်း အဲဒီလမ်းပေါ်မှာပါပဲ။

ဒီလမ်းရဲ့ အထက်ပိုင်းကို သူဌေးတန်း (Millionaire’s Row) လို့ခေါ်ပြီး လမ်း ၈၀ ကနေ ၁၀၅ လမ်းကြား လမ်းပိုင်းကိုတော့ ပြတိုက်တန်း (Museum Mile) လို့ ခေါ်ကြပါတယ်။ အဲ့ဒီအပိုင်းမှာဆိုရင် အာဖရိကန် အနုပညာပြတိုက် (The Africa Center)၊ အယ်လ် မူဆီယို ဒယ်လ် ဘာရီယို (El Museo del Barrio)၊ နယူးယောက် မြို့တော် ပြတိုက် (Museum of the City of New York)၊ ဂျူးပြတိုက် (The Jewish Museum)၊ ကူးပါး-ဟျူးဝစ် စမစ်သ်ဆိုနီယံ ဒီဇိုင်းပညာပြတိုက် (Cooper Hewitt Smithsonian Design Museum)၊ အမျိုးသား အကယ်ဒမီ ပြတိုက်နှင့် ခေတ်ပေါ်အနုပညာသင်တန်းကျောင်း (National Academy Museum & School)၊ နျူး ဂယ်လာရီး နယူးယောက်ခ် (Neue Galerie New York)၊ မက်ထရိုပိုလီတန် အနုပညာပြတိုက် (The Metropolitan Museum of Art) နဲ့ ဆော်လမွန် အာရ် ဂူဂမ်ဟိန်းပြတိုက် (Solomon R. Guggenheim Museum) တို့ စီတန်းတည်ရှိနေပါတယ်။

လမ်းရဲ့ မြောက်ဘက်ဆုံးကို ဆက်တက်သွားတော့ ဝါရှင်တန်စကွဲရင်ပြင် (Washington Square Park) က လမ်းအဆုံးမှာ ထီးထီးကြီးတည်ရှိနေပါတယ်။ ဒီပန်းခြံထဲမှာရှိတဲ့ ဝါရှင်တန်မုခ်ဦးခုံး (Washington Square Arch) ဟာ အင်မတန်ခန့်ညားလှပါတယ်။ အဖြူရောင် တွတ်ခ်ဟိုး စကျင်ကျာက်သား (Tuckahoe marble) နဲ့ ဖန်တီးထားပြီး ရိုမန်အင်ပါယာခေတ် ပြည့်ရှင်မင်းတွေရဲ့ အောင်ပွဲခံမုခ်ဦးတွေကို အတုယူဖန်တီးထားတဲ့ ဗိသုကာလက်ရာတစ်ခုပါ။ ၁၈၉၂ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၈၉၅ ခုနှစ်မှာ ပြီးစီးပါတယ်။ ၁၉၁၈ ခုနှစ်မှာတော့ ပထမဆုံးသမ္မတ ဂျော့ဂျ် ဝါရှင်တန်ရဲ့ ရုပ်ထုတစ်ခုကို ထပ်မံဖြည့်စွက်ခဲ့ပါတယ်။

ဝါရှင်တန်စကွဲဟာ နယူးယောက်ခ်ကို အခြေတည်ပြီး ရိုက်ကူးတဲ့ ရုပ်ရှင် အတော်များများမှာ ပါဝင်လေ့ရှိတဲ့ နေရာတစ်ခုဖြစ်ပြီး နာမည်ကျော် August Rush ရုပ်ရှင်ဟာလည်း ဒီနေရာမှာ ဇာတ်ဝင်ခန်းတစ်ချို့ ရိုက်ကူးခဲ့ဖူးပါတယ်။ Avengers: Infinity War ရုပ်ရှင်ထဲမှာ Iron Man၊ Spider-Man နဲ့ Cull Obsidian တို့ ပထမဆုံးတိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းကလည်း ဒီပန်းခြံထဲမှာပါပဲ။

ဝါရှင်တန်စကွဲရင်ပြင်က ဝါရှင်တန်မုခ်ဦးခုံး

ကျွန်တော် ဝါရှင်တန်စကွဲကို ရောက်ချိန်မှာတော့ ရင်ပြင်ဝန်းကျင်က လမ်းတွေနဲ့ လူနေအဆောက်အအုံတွေကို ပြင်ဆင်ထိမ်းသိမ်းမှုတွေ လုပ်နေကြတာမို့ သွားရလာရ သိပ်အဆင်မပြေလှပါဘူး။ ရင်ပြင်ထဲက မုခ်ဦးကြီးအောက်မှာ လူငယ်အကသမားတစ်ချို့ အကတိုက်နေကြတာကို ခနတဖြုတ်ငေးပြီး နေလည်စာစားဖို့ ပြန်ထွက်လာခဲ့ပါတယ်။ 

ဧပြီလဟာ ပန်းတွေ ပွင့်တဲ့လမို့ထင်ပါတယ် အမေရိကတစ်လွှား ကျွန်တော် သွားသမျှ နေရာတိုင်းမှာ ပန်းတွေ ဖွေးနေတာကို မြင်ခဲ့ရပါတယ်။ နယူးယောက်ကို ရောက်ချိန်မှာလည်း တမြို့လုံး ကျူးလစ်ပန်းတွေဖွေးနေတာကို တွေ့ခဲ့ရပါသေးတယ်။ လမ်းဘေးဝဲယာ ပလက်ဖေင်းတွေမှာ အစီအရီစိုက်ထားတဲ့ ကျူးလစ်ပန်းတွေဟာ အဝါရောင်၊ အနီရောင်နဲ့ ခရမ်းရောင်စတဲ့ အရောင်အမျိုးမျိုးတွေနဲ့ လှချင်တိုင်းလှနေကြတာပါ။ ပလက်ဖောင်းပေါ်က ကျူးလစ်ပန်းတွေရဲ့ အလှတွေကို ကြည့်လိုက်၊ လမ်းထိပ်တွေမှာ ပုံထားတဲ့ အမှိုက်အိတ်တွေကို ရှောင်လိုက်နဲ့ ဘဝဟာ ငရဲပြည်နဲ့ နတ်ပြည်ကို တစ်လှည့်စီ သွားနေရသလိုပဲလို့တောင် တွေးလိုက်မိသေးရဲ့။

နေ့လယ်စာကို ဝါရှင်တန်စကွဲနားက ဆီချွမ်း (Sichuan) စာရောင်းတဲ့ တရုတ်ဆိုင်တစ်ဆိုင်မှာ ဗိုက်ဝင်ဖြည့်ခဲ့တယ်။ တရုတ်ပေါတဲ့မြို့ပီပီ တရုတ်စာကလည်း တကယ်ကောင်းလှတယ်။ အဲ့ဒီနောက်မှာတော့တည်းရမယ့် ဟိုတယ်ဆီကို စောစောစီးစီးပြန်နားလိုက်ပါတယ်။ ဟိုတယ်က ခုရောက်နေတဲ့ မြို့လယ်ခေါင်နဲ့ နည်းနည်းလှမ်းတာကြောင့်လည်းပါပါတယ်။

ကိုယ်စီစဉ်ထားတဲ့ Marriott Edison ဟိုတယ်က နယူးယောက်ခ် မြို့လယ်ခေါင်နဲ့ မဝေးလှပေမယ့် မြို့ထဲမှမဟုတ်ပဲ ပြည်နယ်တစ်ခုခြားထားတဲ့ နယူးဂျာစီ ပြည်နယ်ထဲက အက်ဒီဆင်မြို့လေး (Edison) မှာလေ။ ဒီဟိုတယ်ကိုတော့ နက်ဖြန်ခရီးဆက်မယ့် ခရီးသွားကုမ္ပဏီက စီစဉ်ပေးထားတာပါ။ ဒီမြို့လေးက လူတစ်သိန်းလောက်ပဲရှိတာမို့ နယူးယောက်ခ်နဲ့ယှဉ်ရင်တော့ သေးတယ်လို့ ဆိုနိုင်ပါတယ်။ နယူးယောက်ခ် မြို့လယ်ခေါင်နဲ့ ၃၃ မိုင်ပဲဝေးပြီး ကားနဲ့ဆိုရင် မိနစ် ၄၀ လောက်ပဲ သွားရပါတယ်။

ဒီမြို့လေးရဲ့ အမည်ကတော့ ရှင်းပါတယ်။ သောမတ် အက်ဒီဆင် (Thomas Alva Edison) ကို ဂုဏ်ပြုပြီး မှည့်ခေါ်ထားတာပါ။ ၁၈၇၀ ခုနှစ်မှာ မြို့ကိုစတင်တည်ထောင်တော့ မှည့်ခေါ်ခဲ့တဲ့ အမည်က ရာရစ်တန် (Raritan) ပါ။ ၁၈၇၆ ခုနှစ်မှာတော့ အက်ဒီဆင်က သူ့ရဲ့ ပထမဆုံး ဓာတ်ခွဲခန်းကို ဒီနေရာမှာ တည်ဆောက်ခဲ့ပါတယ်။ တယ်လီဖုန်းနဲ့ လျှပ်စစ်မီးသီးကို ဒီနေရာမှာပဲ တီထွင်ခဲ့တာပေါ့။ ဒါကြောင့်လည်း မြို့တော်ကောင်စီက ၁၉၅၆ ခုနှစ်မှာတော့ ဒီမြို့ရဲ့ အမည်ကို အက်ဒီဆင်လို့ တရားဝင်ပြောင်းလဲပြီး ဂုဏ်ပြုခဲ့တာပါ။

အက်ဒီဆင် ဓာတ်ခွဲခန်းတည်ဆောက်ခဲ့တဲ့နေရာက မန်လိုပတ်ခ် (Menlo Park) ဆိုတဲ့နေရာမှာပါ။ ကျွန်တော် တည်းခိုတဲ့နေရာကလည်း အဲ့ဒီရပ်ကွက်မှာပါပဲ။ ဒီရပ်ကွက်ထဲမှာ အက်ဒီဆင်ရဲ့  အောင့်မေ့ဖွယ်မျှော်စင်နဲ့ ပြတိုက် (Thomas Alva Edison Memorial Tower and Museum) ဆိုတာကို ဖွင့်လှစ်ထားပါတယ်။ သွားတော့ မလေ့လာဖြစ်ခဲ့ပါဘူး။

မနက်ပိုင်းမှာ ခရီးပန်းထားတာနဲ့ နက်ဖြန်မှာ နယူးယောက်ခ်ကိုပြန်သွားရဖို့လည်း ရှိနေသေးတာမို့ အဲ့ဒီနေ့က စောစောစီးစီး အနားယူလိုက်ပါတော့တယ်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *