
‘ပန်းသီးစားကြသူများ – ၂’
နောက်တစ်နေ့မှာတော့ မနက်အစောပိုင်းထဖြစ်တယ်။ ဒီနေ့ကတော့ Tour ကုမ္ပဏီရဲ့ အစီအစဉ်နဲ့ပေါ့။ ဟိုတယ်ကနေ စောစောလေး ထွက်ခဲ့ပြီး လူသူများတဲ့ ဝေါလ်စထရိ (Wall street) ကို အရင်ဆုံး သွားဖြစ်တယ်။
လူတိုင်းဟာ အနောက်တိုင်းဝတ်စုံကို ချပ်ချပ်ရပ်ရပ်ဝတ်ပြီး လက်ဆွဲအိတ်လေးကိုင်ကာ ဒီလမ်းထဲ ဝင်ဝင်သွားကြတာကို ထိုင်ကြည့်နေရတာကလည်း အရသာတစ်မျိုးပါပဲ။ ဒီဝတ်စုံပြည့်လူတွေဟာ နယူးယော့ခ် စတော့အိတ်ချိန်းက စတော့ခ်ရှယ်ယာ ပွဲစားတွေပါ။ ဝေါလ်စထရိလမ်းထဲမှာက နယူးယောက်ခ် စတော့အိတ်ချိန်းအပြင် ဖက်ဒရယ်ခန်းမ (Federal Hall National Memorial) လည်း ရှိပါတယ်။ အမှတ် ၄၀၊ ဝေါလ်စထရိကတော့ နာမည်ကျော် ထရမ့်ပ်အဆောက်အအုံ (Trump Building) တည်ရှိတဲ့ နေရာပေါ့။ စတော့ခ် အိတ်ချိန်းပတ်ဝန်းကျင်မှာတော့ ခပ်စုတ်စုတ် လမ်းဘေးဈေးသည်တွေ အများကြီးပါ။ သူတို့တွေက အစားအသောက်မျိုးစုံအပြင် လည်စည်းနက်ခ်တိုင်ကနေစလို့ ကုတ်အင်္ကျီအထိ စုံစီနဖာပစ္စည်းတွေကို အပြိုင်အဆိုင် ရောင်းနေကြတော့တာပါပဲ။
စတော့ခ်အိတ်ချိန်းဘေးဘက်က လမ်းကြားကနေ ထွက်လိုက်ရင် ဘရော့ဒ်ဝေးလမ်း (Broadway street)ကို ရောက်ပါလိမ့်မယ်။ ဘရော့ဒ်ဝေးလမ်းဟာ တေးသံစုံပြဇာတ် (Opera) လောကရဲ့ နှလုံးသားနေရာလို့လည်း တင်စားခံရတဲ့နေရာပါ။ ကိုယ်ကတော့ မြန်မာပြည်က လာသူပီပီ ဒီနယ်ပယ်နဲ့ အလှမ်းဝေးပါတယ်။ တကယ်တမ်းလည်း ကျွန်တော်တို့ ဘရော့ဒ်ဝေးကိုသွားတာက နှစ် ၂၀၀ နီးပါး သက်တမ်းရှိနေပြီဖြစ်တဲ့ ထရီနတီဘုရားကျောင်း (Trinity Church) ကို လေ့လာဖို့ပါ။ ဟိုရောက်တော့ ဘုရားကျောင်းကို အကြီးစား ပြင်ဆင်နေတာကြောင့် အတွင်းထဲကိုဝင်ပြီး လေ့လာခွင့်မရခဲ့ပါဘူး။ အဲ့ဒီမတိုင်ခင် ရက်သတ္တပတ်တုန်းက ပါရီမြို့က နော်တာဒိန်းဘုရားကျောင်းကြီး မီးလောင်ထားတာမို့ အမေရိကမှာလည်း ရှေးဟောင်း ဘုရားကျောင်းတွေကို အကြီးအကျယ် ပြန်လည်ပြင်စစ်ဆေး ပြင်ဆင်နေချိန်နဲ့ တိုက်ဆိုင်သွားတာကြောင့်ပါပဲ။
ဘရော့ဒ်ဝေးကနေ လမ်းနည်းနည်းဆက်လျှောက်သွားတော့ ၂၀၀၁ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ (Wall Trade Center) နေရာကို ရောက်တယ်။ ၁၉၇၅ ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့ပြီး အဲ့ဒီခေတ်တုန်းက တန်ကြေး ဒေါ်လာ သန်း ၄၀၀ (ယနေ့ခေတ် တန်ဖိုးဖြင့် ဒေါ်လာ ၂.၂ ဘီလီယံ) ကုန်ကျခဲ့တဲ့ စီးပွားရေးအဆောက်အအုံကြီးဟာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာတော့ အယ်ကေဒါအဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးသွားခဲ့ပါတယ်။
ခရီးသည်တင်လေယာဉ် ၂ စီးကို ပြန်ပေးဆွဲပြီး အမွှာမျှော်စင်ရဲ့ တာဝါတစ်ခုစီကို ဝင်တိုက်ခဲ့ကြတာပါ။ ဒီအကြမ်းဖက်မှုကြောင့် အဆောက်အဦးပေါ်က လူ ၂၆၀၆ ဦးနဲ့ အဆောက်အဦးကို ဝင်တိုက်ခဲ့တဲ့ ခရီးသည်တင်လေယာဉ်နှစ်စီးပေါ်က ခရီးသည် ၁၅၇ ဦး၊ စုစုပေါင်း လူ ၂၇၆၃ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဆိုပါဖြစ်ရပ်ဟာ အမေရိကန်ရဲ့ နိုင်ငံတကာမူဝါဒအပေါ် အများကြီးသက်ရောက်ခဲ့ပြီး အကြမ်းဖက်နှိမ်နင်းရေးအတွက် နှစ်စဉ် ဒေါ်လာထရီလီယံနဲ့ချီ အသုံးပြုလာခဲ့သလို တစ်ကမ္ဘာလုံးရဲ့ နိုင်ငံရေးချိန်ခွင်လျှာကလည်း အများကြီး ပြောင်းလဲသွားခဲ့ပါပြီ။
ခုချိန်မှာတော့ ပြိုကျသွားတဲ့ အမွှာမျှော်စင် ၂ ခု ရဲ့ တည်နေရာမှာ ရေတံခွန်ထည့်သွင်းပြီးတည်ဆောက်ထားတဲ့ အထိမ်းအမှတ်နေရာ ၂ ခုကို ဖန်တီးထားပါတယ်။ အကြမ်းဖက်မှုအတွင်းမှာ သေဆုံးသွားခဲ့တဲ့ သူတွေရဲ့ အမည်တွေကို ကြွေပြားအပြည့်ကပ်ထားတဲ့ဘောင်တွေမှာ ရေးထိုးထားတယ်။ အဲ့ဒီ အထိမ်းအမှတ်နေရာ ၂ ခု ရဲ့ အကြားမှာ သစ်ပင်တန်းလေးနဲ့ ခြားထားပြီး ထိုင်ခုံလေးတွေလည်း ဖန်တီးပေးထားတာမို့ အပန်းဖြေစရာ ရင်ပြင်လေးတစ်ခုလို လှပလို့နေတာပေါ့။

အဲ့ဒီနေရာရဲ့ တစ်ဖက်မှာတော့ အသစ်ပြန်လည်တည်ဆောက်ထားတဲ့ ကမ္ဘာ့ကုန်သွယ်ရေး စင်တာအသစ် (One World Tower) က ခန့်ခန့်ညားညားကြီးတည်ရှိနေပါတယ်။ နဂိုမူလ အမွှာမျှော်စင်တွေတုန်းက ၁၃၆၈ ပေသာ မြင့်ပေမယ့် ယခုသစ်တည်ဆောက်ထားတဲ့ စင်တာအသစ်ကတော့ ၁၇၉၂ ပေမြင့်ပြီး အထပ်ပေါင်း ၁၀၄ ပါရှိပါတယ်။ အဆိုပါစင်တာထဲမှာ ပြတိုက်ဖွင့်လှစ်ထားပြီးတော့ အမွှာမျှော်စင်ဟောင်းနဲ့ ပတ်သက်ပြီး အမှတ်တရတွေပြသထားပါတယ်။ ဒီစင်တာထဲမှာ နယူးယောက်ခ်မြို့ကို အပေါ်စီးကနေ ကြည့်ရှုလို့ရတဲ့ One World Observatory ရှိပါတယ်။ ဒီကို ဝင်ရောက်လည်ပတ်ဖို့အတွက်ဆိုရင် လူတစ်ယောက်ကို အမေရိကန် ဒေါ်လာ ၂၄ ကျ သင့်ပြီး ၁၀၂ ထပ်ကနေ နယူးယောက်ခ်တစ်မြို့လုံးကို တက်ကြည့်ခွင့်ရမှာပါ။
စိတ်ဝင်စားစရာလည်းကောင်းပြီး အမှတ်တရနေရာတစ်ခုလည်းဖြစ်တာမို့ ကျွန်တော်လည်း လက်မှတ်ဝယ်ပြီး စင်တာထဲဝင်ကြည့်ဖြစ်ခဲ့တယ်။ ကျွန်တော်ရောက်တဲ့ရက်က အင်္ဂါနေ့ဖြစ်နေတာတောင်မှ လူတွေကျိတ်ကျိတ်တိုး စည်ကားနေတာပါ။ လက်မှတ်ဝယ်ဖို့အတွက် တန်းစီနေကြတဲ့လူတွေ အပြင်မှာ တစီတတန်းကြီးရှိနေပြီး အတွင်းကိုဝင်ရောက်ချိန်မှာလည်း လေဆိပ်တွေမှာလို လုံခြုံရေးကို အသေအချာစစ်ဆေးပြီးမှ အဝင်ခံတာပါ။ ပထမထပ်မှာတော့ ကွန်ကရစ်ဖောင်းကြွနံရံတွေနဲ့ ၂၀၀၁ ခုနှစ်က ဖြစ်ရပ်ဆိုးအကြောင်း ဖန်တီးပေါ်ပြထားပါတယ်။ နံရံထက်ကတီဗီတွေမှာ အကြမ်းဖက်မှုမှာ အသက်ရှင် ကျန်ရစ်ခဲ့သူတွေရဲ့ အင်တာဗျူးတွေကိုလည်း မပြတ်ထုတ်လွှင့်ပြသနေတယ်။
မြေညီထပ်ကနေ ၁၀၂ ထပ်အထိကိုတက်ဖို့ ဓာတ်လှေကားက ၄၇ စက္ကန့်ပဲ စီးရပါတယ်။ ဓာတ်လှေကားပတ်ပတ်လည်မှာ LED အပြည့်ကပ်ထားပြီး နယူးယောက်ခ်မြို့ စတင်တည်ဆောက်ချိန်ကနေ ဒီကနေ့ ချိန်အထိ ဖွံ့ဖြိုးလာမှုအဆင့်ဆင့်ကို ဗီဒီယိုအထူးပြုလုပ်ချက်တွေနဲ့ ပြသထားတာမို့ အပေါ်ကို ဘယ်လိုရောက်သွားမှန်းတောင် မသိလိုက်သလိုပါပဲ။ အထူးပြုလုပ်ချက်က အလွန်ကောင်းမွန်ပြီး နယူးယောက်ခ်မြို့ကြီး ဖွံ့ဖြိုးလာပုံအဆင့်ဆင့်ကို ကိုယ်က ကောင်းကင်ကနေ လှမ်းမြင်နေသလိုမျိုး ဖန်တီးထားတာပါ။
အပေါ်ရောက်တော့ ဘာသာပြန်ပေးတဲ့ တက်ဘလက်လေးတွေ ငှားရမ်းလို့ရကြောင်းလိုက်ကြေညာနေတာကို တွေ့ရတယ်။ ဒီတက်ဘလက်လေးတွေနဲ့ နားကျပ်ကို ငှားရမ်းပြီးတပ်ထားမယ်ဆိုရင် ကိုယ်ကြည့်ရှုနေတဲ့ မြင်ကွင်းတိုင်းကို ဘာသာစကားမျိုးစုံနဲ့ ရှင်းပြပေးမှာဖြစ်ပါတယ်။ ကြေညာပေးနေတဲ့ အမျိုးသားက မျက်နှာချိုချိုနဲ့ အပြောကောင်း အဟောကောင်းမို့ နိုင်ငံခြားသားတစ်ချို့က ငှားကြပါတယ်။ တခုကို ၁၅ ဒေါ်လာကျသင့်ပါတယ်။ ဒီအထပ်ကနေ နယူးယောက်ခ်တစ်မြို့လုံးကို အပေါ်စီးက ၃၆၀ ဒီဂရီပတ်ပတ်လည်ကြည့်နိုင်တာမို့ ကိုယ်သိချင်တဲ့ နေရာ ဒါမှမဟုတ် အဆောက်အအုံကို တွေ့ရင် တက်ဘလက်ကနေတဆင့် ရှင်းလင်းချက်တွေ နားထောင်လို့ရတာပေါ့။
နေ့စဉ်လူထောင်နဲ့ချီ လာရောက်လည်ပတ်နေတဲ့ ဒီနေရာမှာ ဧည့်သည်တွေသိချင်တာတွေကို ဝန်ထမ်းတွေက တစ်ခုချင်းလိုက်ရှင်းပြနေဖို့ ခက်ခဲပါတယ်။ ခုလို တက်ဘလက်လေး စီစဉ်ပေးထားတော့ နှစ်ဦးနှစ်ဘက် အကျိုးရှိတာမို့ သူတို့ရဲ့ စီးပွားရှာတတ်ပုံကို ချီးကျူးမိပါသေးရဲ့။

၁၀၂ ထပ်ကနေ အောက်ကို ပြန်ဆင်းဖို့ ဓာတ်လှေခါးဆီသွားတဲ့လမ်းမှာ မဖြစ်မနေဓာတ်ပုံရိုက်ရတဲ့ Photo Booth နေရာတစ်ခုကို ဖြတ်ရပါတယ်။ ပြီးရင်တော့ မိမိဆန္ဒအလျောက် မြေညီထပ်က ဓာတ်ပုံကောင်တာမှာ ဓာတ်ပုံဝင်ထုတ်လို့ရပါတယ်။ သူတို့က ဓာတ်ပုံ ၄ ပုံ ရိုက်ပေးပြီးတော့ ပုံသေး ၂ ပုံ၊ ပုံကြီး ၂ ပုံပါ။ ပုံသေးက တစ်ပုံကို ဒေါ်လာ ၂၀ ကျသင့်ပြီး ပုံကြီး ဒေါ်လာ ၃၀ ကျပါတယ်။ ၄ ပုံလုံးယူရင်တော့ ဒေါ်လာ ၅၀ ပဲကျပါတယ်။ ဖရိန်တပ်ချင်ရင်တော့ တစ်ခုကို ၁၅ ဒေါ်လာတောင်းပါတယ်။ လက်ရာက ခပ်ချာချာဖြစ်ပေမယ့် အမှတ်တရဖြစ်တာမို့ ဓာတ်ပုံကောင်တာမှာ လူတွေကျိတ်ကျိတ်တိုးပါပဲ။ ဒီတိုင်းပြည် ပိုက်ဆံရှာတာတော်တယ်လို့ပဲ မှတ်ချက်ပေးမိတော့တယ်။ မြန်မာပြည်က ရွှေတိဂုံ၊ ကျိုက်ထီးရိုးနဲ့ မန္တလေးတောင်လို ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့ နေရာတွေမှာ ဒီလိုနည်းလမ်းမျိုးတွေ သုံးရင် တိုင်းပြည်အတွက် အခွန်ဝင်ငွေများပိုရမလားလို့လည်း တဆက်စပ်တည်းတွေးလိုက်မိသေးတယ်။
One World Observatory ကနေထွက်လာပြီးတော့ လေဘာတီရုပ်ထု (Statue of Liberty National Monument) ဆီသွားဖို့ ဆိပ်ကမ်းဘက်ကို သွားရတယ်။ လေဘာတီကိုပတ်ပြတဲ့ ဟတ်ဆင်မြစ်တွင်း (Hudson River) အလှစီးသင်္ဘော စီးဖို့ပါ။ ကိုယ်ရောက်ချိန်မှာ သင်္ဘောကို အချိန်မှီတယ်ဆိုရုံလေး ကပ်မီသွားလို့ နောက်ထွက်မယ့်သင်္ဘောကို တစ်နာရီလောက် ထိုင်မစောင့်ခဲ့ရတာ ကံကောင်းပါတယ်။ သင်္ဘောပေါ်ရောက်ဖို့လည်း ပြေးပြေးလွှားလွှားပြေးခဲ့ရတာပေါ့။
သင်္ဘောပေါ်မှာပါတဲ့ ဧည့်လမ်းညွှန်အမျိုးသမီးက အဟောအပြော တော်တော်ကောင်းပါတယ်။ ဟတ်ဆင်မြစ်ကြောင်းတစ်လျှောက် အထင်ကရနေရာတွေပြောလိုက် ဟာသတွေပြောလိုက်နဲ့မို့ နေပူကျဲတဲမှာ သင်္ဘောစီးရပေမယ့် စိတ်ညစ်စရာတော့ မကောင်းလှပါဘူး။ အမေရိကမှာ အတော်အေးတဲ့ ဒေသတစ်ခုဖြစ်တဲ့ နယူးယောက်ခ်ဟာ ကိုယ်ရောက်လာတော့မှပဲ အဲ့ဒီနေ့တုန်းက အတော်လေးပူအိုက်နေတာမို့ တစ်ယောက်တည်း တွေးရင်းပြုံးရသေးတယ်။
၂၀၀၉ ခုနှစ်တုန်းကဖြစ်ပျက်ခဲ့တဲ့ ကက်ပတိန် ဆူလီ ဆူလန်ဘာဂျာ (Captain. Chesley Burnett “Sully” Sullenberger) အရေးပေါ်လေယာဉ်ဆင်းသက်ခဲ့ရာနေရာကိုလည်း သင်္ဘောဧည့်လမ်းညွှန်အမျိုးသမီးက ပြသပါတယ်။ ကက်ပတိန်ဆူလီဟာ လေယာဉ်ကို အရေးပေါ်ဆင်းသက်ဖို့ လိုအပ်လာပြီး လေယာဉ်ဟာလည်း မြို့လည်ခေါင်ကြီးမှာ ရောက်နေတာမို့ လေယာဉ်ပေါ်ကလူတွေရော အဆောက်အအုံတွေရော မထိခိုက်အောက် ဟတ်ဆင်မြစ်ရေပြင်ပေါ်ကို ထိုးဆင်းခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့လုပ်ရပ်ဟာ ပြောင်မြောက်ခဲ့ပြီး လေယာဉ်လည်းမထိခိုက်ခဲ့သလို လေယာဉ်ပေါ်ပါရှိသူ ၁၅၅ ဦးလုံးရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဆူလီရဲ့ အဖြစ်အပျက်ဟာ ကမ္ဘာကျော်သွားခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ နာမည်ကျော် ဒါရိုက်တာ ကလင့် အိစ်ဝုဒ် (Clint Eastwood) က Sully ဆိုတဲ့အမည်နဲ့ ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးပြသခဲ့ရာမှာ ဒေါ်လာ သန်း ၂၄၀ ရုံဝင်ငွေ ရခဲ့ပါတယ်။ အဆိုပါ ရုပ်ရှင်မှာ ဆူလီအဖြစ် နာမည်ကျော်မင်းသား တွမ် ဟန့်ခ်စ် (Tom Hanks) က သရုပ်ဆောင်ခဲ့ပါတယ်။
ဆိပ်ကမ်းကိုပြန်ရောက်တော့ ဧည့်လမ်းညွှန်အမျိုးသမီးက ဘောက်ဆူးပေးဖို့ ခရီးသည်တွေဆီ လိုက်တောင်းပါတယ်။ သူမရဲ့ အပြောကောင်း အဟောကောင်းနဲ့ ချိုသာရည်မွန်မှုကြောင့် လူတွေက မုန့်ဖိုးတွေ အများကြီးပေးကြတာပေါ့။ အမေရိကမှာတော့ ဘာလုပ်လုပ် ဘောက်ဆူးပေးဖို့ လိုပါတယ်။ ဘောက်ဆူးတောင်းတာကလည်း ရိုင်းပြတဲ့ အပြုအမူမဟုတ်ပါဘူး။ ဒါက သူတို့ ဓလေ့တစ်ခုလို့ ဆိုရပါမယ်။

ညနေမစောင်းမှီ Time Square ကို ရောက်ဖို့အတွက် မက်ထရိုပိုလီတန် အနုပညာပြတိုက် (Metropolitan Museum of Arts) ဘက်ကနေ ဖြတ်ပြီးသွားပါတယ်။ ပဉ္စမရိပ်သာလမ်းပေါ်မှာပေါ့။ ပြတိုက်ကြီးဟာ အတော်ကြီးကျယ်ပြီးတော့ ပန်းချီးဆွဲနေသူတွေ၊ ဓာတ်ပုံရိုက်နေသူတွေနဲ့ ဧည့်သည်တွေလည်း အတော်များလှပါတယ်။ နေပူသေးတာမို့ ပြတိုက်ရှေ့မှာ ခနတဖြုတ်ဝင်နားရင်း လမ်းဘေးမှာရောင်းတဲ့ ပန်းချီကားတွေလိုက်ကြည့်နေမိတယ်။ အာရှသား ပန်းချီဆရာတစ်ယောက်ရဲ့ နယူးယောက်ခ်မြို့ ပန်းချီကားတစ်ချပ်လည်း အမှတ်တရ ဝယ်လိုက်တယ်။ ဒေါ်လာ ၂၀ ပါတဲ့။
ဗိုက်နည်းနည်းဆာလာချိန်မှာတော့ ပန်းချီဆရာရဲ့ ဘေးနားက လမ်းဘေးဈေးသည်ဆီမှာ အအေးတစ်ခွက်နဲ့ ဟော့ဒေါ့ တစ်ခုဝယ်စားပြီး ဝမ်းကိုဖြည့်ရတယ်။ လမ်းဘေးဝဲယာမှာတော့ နယူးယောက်ခ်ရဲ့ ပြယုခ်ဖြစ်တဲ့ တက္ကစီတွေတန်းစီရပ်ထားပြီး တက္ကစီသမားတွေကို လူခေါ်ပေးတဲ့သူတွေလည်း ရှိတယ်ဗျ။ အဲ့လို လူခေါ်ပေးတာက အိမ်ခြေမဲ့တွေပါ။
ပဉ္စမရိပ်သာလမ်းကနေ သတ္တမရိပ်သာလမ်း (Seventh Avenue) ကို ဖြတ်သန်းသွားတော့ နာမည်ကျော် အမှတ်တံဆိပ် အဝတ်အထည်ဆိုင်တွေကို ဖြတ်သွားရတယ်။ ဈေးကြီးပေ့ဆိုတဲ့ အမှတ်တံဆိပ်တွေချည်း။
Time Square ရောက်ချိန်မှာတော့ လူတွေ လှုပ်ရှားသွားလာနေကြတာ ပျားပန်းခပ်မျှပါပဲ။ လမ်းမတွေထက်မှာ သွားလာနေသူတွေ အပြည့်။ နယူးယောက်ခ်တစ်မြို့လုံးကလူတွေ ဒီမှာလာပြီး စုပြုံချထားသလားလို့ ထင်မှတ်မှားစရာပါ။ လမ်းဘေးအနုပညာသည်တွေနဲ့ အမှတ်တရ ဓာတ်ပုံရိုက်လို့ရတဲ့ အရုပ်ဝတ်စုံကြီးတွေ ဝတ်ထားတဲ့သူတွေလည်း အများကြီး။ ကျကျနန ဝတ်ထားစားထားတဲ့ လူတွေဟာ မီးပွိုင့်တွေ လမ်းမတွေပေါ်မှာ ရပ်တဲ့သူကရပ်၊ လမ်းလျှောက်နေတဲ့သူက လျှောက်၊ စကားပြောနေတဲ့သူကပြောနဲ့ လူပင်လယ်ကြီးပါပဲ။ နယူးယောက်ခ်ရဲ့ ထုံးစံအတိုင်း လူတိုင်းဟာ ဖက်ရှင်ကျကျ စတိုင်မိမိနဲ့ပေါ့။ အမှတ်မထင် ဖြတ်လျှောက်မိတဲ့ ကဇာတ်ရုံတစ်ခုရဲ့ မျက်နှာစာကို မော့ကြည့်မိတော့ စာရေးဆရာမ J.K Rowling ရဲ့ Harry Potter and the Cursed Child ပြဇာတ်ဆိုင်းဘုတ်ကို လှလှပပ တန်ဆာဆင်ထားတာကိုလည်း မြင်မိရဲ့။
နယူးယောက်ခ်ကို လူတွေက နာမည်ပြောင်အနေနဲ့ ပန်းသီးကြီးလို့ ခေါ်ကြတယ်။ ဒီမြို့ကို လူတိုင်းလာချင်ကြတယ်။ ဒီမြို့မှာ အခြေချပြီး စီးပွားရှာချင်ကြတယ်၊ လည်ချင်ပတ်ချင်ကြတယ်။ ပန်းသီးကြီးကို လူတိုင်းစားချင်ကြတယ်ပေါ့။ လူပင်လယ်ထဲ မျောနေရင်း ကျွန်တော်လည်း တွေးမိတယ် ကျွန်တော်လည်း ပန်းသီးစားသူတစ်ယောက်ဖြစ်နေပါပေါ့လား လို့ပေါ့။
