ရာသီသွေးဆင်းတာက နောက်ကျနေပြီဆိုရင် လေဒီလေးတွေမှာ အတွေးမျိုးစုံ တွေးရပါတယ်။ ဒါက ကျန်းမာရေးပြဿနာ တစ်ခုခု ဖြစ်နေလို့များလား! ဒါမှမဟုတ် အိမ်ထောင်ရှင်အမျိုးသမီးလေးတွေဆိုရင် ဘေဘီလေးများ ရှိနေပြီလား! ဆိုတာတွေပေါ့။ ရာသီလာတာက ဒီအချက်တွေ အပြင် ဘယ်လို အချက်တွေ ကြောင့် နောက်ကျနိုင်လဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။
ဘာတွေကများ ရာသီသွေးနောက်ကျစေတာလဲ!
ရာသီသွေးကို နောက်ကျစေနိုင်တဲ့ အကြောင်းအရင်းက တစ်ခုမက ရှိနေနိုင်ပါတယ်။ ဒါတွေကတော့ –
နေထိုင်မှုပုံစံ
နေ့စဉ်နေထိုင်မှုပုံစံကလည်း လေဒီလေးတွေရဲ့ ရာသီစက်ဝန်းပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။
- စိတ်ဖိစီးမှု များတာ
စိတ်ဖိစီးမှု လွန်ကဲတာက ကိုယ်တွင်းဟော်မုန်းတွေအပေါ်မှာ သက်ရောက်မှု ရှိနေပြီး ရာသီစက်ဝန်း နောက်ကျ တာကို ခံစားရနိုင်ပါတယ်။
- ကိုယ်အလေးချိန် အပြောင်းအလဲမြန်တာ
ကိုယ်အလေးချိန်က ရှိသင့်တာထက် ပိုများနေတာမျိုး၊ အရမ်းဝိတ်ကျသွားတာမျိုးတွေကလည်း ကိုယ်တွင်းက အီစထရိုဂျင်ဟော်မုန်းပမာဏအပေါ်မှာ သက်ရောက်မှု ရှိစေပြီး ရာသီသွေးဆင်း နောက်ကျတာကို ဖြစ်စေနိုင်ပါတယ်။
- လေ့ကျင့်ခန်းတွေ အလွန်အကျွံ လုပ်တာ
လေ့ကျင့်ခန်းတွေ အလွန်အကျွံ အပြင်းအထန်လုပ်တာကလည်း အီစထရိုဂျင်ဟော်မုန်းပမာဏကို ကျဆင်းစေပြီး သားဥကြွေတာကို ရပ်တန့်စေသလို ရာသီသွေးထိမ်တာကိုပါ ဖြစ်စေနိုင်ပါတယ်။
- နေထိုင်စားသောက်မှုပုံစံ
Diet တွေ အလွန်အကျွံ လုပ်တာ၊ အသင့်စားတွေ၊ အမြန်စားတွေကို အရမ်းစားလွန်းတာက ဟော်မုန်း ထုတ်လွှတ်မှုကို အနှောင့်အယှက်ဖြစ်စေတာကြောင့် ရာသီသွေးဆင်းနောက်ကျတာကို ခံစားရနိုင်ပါတယ်။

ကျန်းမာရေး အခြေအနေတွေ
နေထိုင်မှုပုံစံတွေအပြင် အချို့သော ကျန်းမာရေး အခြေအနေတွေကလည်း ရာသီသွေးဆင်းနောက်ကျတာကို ဖြစ်စေနိုင်ပါတယ်။
- သားဥအိမ်အတွင်း ရေအိတ်တည်တာ (PCOS -Polycystic Ovary Syndrome)
ဟော်မုန်းမမျှတမှုကြောင့် သားအိမ်တွင်းမှာ အလုံးတည်တာ၊ သားဥကြွေတာ မမှန်တာတွေကို ဖြစ်စေသလို ရာသီစက်ဝန်းနောက်ကျတာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
- သိုင်းရွိုက်ကျန်းမာရေးပြဿနာ
သိုင်းရွိုက်က ပုံမှန် အလုပ်မလုပ်တာ၊ သိုင်းရွိုက်က ပုံမှန်ထက် အလုပ်လုပ်နေတာမျိုးကို ခံစားရမယ်ဆိုရင်လည်း ရာသီစက်ဝန်းပေါ်မှာ သက်ရောက်မှုရှိပြီး ရာသီသွေးနောက်ကျတာကို ခံစားရနိုင်ပါတယ်။
- သွေးဆုံးအကြိုလက္ခဏာ
အသက်အရွယ်အားဖြင့် ၄၅ နှစ် နဲ့ ၅၅ နှစ်ကြားရောက်လာမယ်ဆိုရင်တော့ သွေးဆုံးအကြိုလက္ခဏာ အနေနဲ့ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ရာသီသွေးနောက်ကျတာ၊ ရာသီသွေးမမှန်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။
- နာတာရှည် ကျန်းမာရေးပြဿနာ
ဆီးချိုရောဂါ နဲ့ celiac disease (Gluten ကို ပုံမှန်မဟုတ်သော ကိုယ်ခံအားတုံ့ပြန်မှုကြောင့် ခံစားရတဲ့ အစာခြေစနစ် ပြဿနာ) တွေကို ခံစားနေရမယ်ဆိုရင်လည်း ရာသီသွေးဆင်းနောက်ကျတာ၊ ရာသီထိန်တာမျိုးကို ခံစားရနိုင်ပါတယ်။
ဆေးဝါးတွေနဲ့ သားဆက်ခြားနည်းလမ်းများ
ရာသီစက်ဝန်းအပေါ် ထိခိုက်စေနိုင်တဲ့ အခြားအကြောင်းအရင်းတစ်ခုကတော့ ဆေးဝါးတွေနဲ့ သားဆက်ခြားနည်းလမ်းတွေပါ။
- ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းလမ်းများ
ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းလမ်းတွေကို အသုံးပြုထားမယ်ဆိုရင်လည်း ရာသီးသွေးဆင်း နောက်ကျတာကို ခံစားရနိုင်ပါတယ်။
- စိတ်ကျရောဂါ သောက်ဆေးတွေ
စိတ်ကျရောဂါကို သက်သာစေဖို့ သောက်သုံးရတဲ့ ဆေးတွေ၊ chemotherapy ဆေးဝါးတွေနဲ့ အခြားသော ဆေးဝါးတွေကြောင့်လည်း ရာသီစက်ဝန်းပေါ်မှာ သက်ရောက်မှု ဖြစ်စေပြီး ရာသီသွေးဆင်း နောက်ကျတာနဲ့ ရာသီထိန်တာတွေကို ခံစားရနိုင်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြရမလဲ!
တကယ်လို့ ရာသီသွေးဆင်းနောက်ကျတာက လတိုင်းလိုလို နောက်ကျနေမယ်၊ ရာသီသွေးထိမ်တာမျိုး ဖြစ်မယ်။ ဒါတွေအပြင် ခြေကုန်လက်ပမ်းကျတာ၊ ပုံမှန်မဟုတ်တဲ့ နာကျင်မှုကို ခံစားရတာနဲ့ အခြားသော ကိုယ်ဝန်ရှိတဲ့ လက္ခဏာတစ်ခုခု ခံစားနေရမယ်ဆိုရင်တော့ အမြန်ဆုံး စစ်ဆေးကုသမှုကို ခံယူဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ရာသီသွေးထိမ်တာက အကြောင်းအရင်းတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က ဟော်မုန်းပြောင်းလဲမှုအပေါ် ကြီးကြီးမားမား သက်ရောက်မှု ဖြစ်စေပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ ဒါကြောင့် ရာသီသွေးထိန်နေတာမျိုး ခံစားနေရပြီး အချိန်အတော်ကြာတဲ့အထိ မသက်သာတာမျိုး ဖြစ်မယ်ဆိုရင် တတ်ကျွမ်း နားလည်သူတွေနဲ့ ပြသဖို့ လိုပါမယ်။




