ကြက်မျက်သင့်တယ်ဆိုတာက ညဘက်တွေ မှောင်တဲ့အချိန်မှာ ဘယ်အရာကိုမှ သဲသဲကွဲကွဲ မမြင်ရတဲ့ အခြေအနေမျိုးပါ။ ဒီလိုဖြစ်ရတာက ညဘက် နေဝင်ချိန်မှာ ကြက်တွေငှက်တွေကို ကိုင်လို့ ဖြစ်တာလို့ အရပ်စကားတွေ ကြားဖူးတာမျိုး ရှိနိုင်ပါတယ်။ ဒါက တကယ်ပဲလား! ဘာကြောင့် ကြက်မျက်သင့်ရတာလဲ ဆိုတာကို မျှဝေပေးချင်ပါတယ်။
ကြက်မျက်သင့်တယ်ဆိုတာ ဘာလဲ!
ကြက်မျက်သင့်တယ်ဆိုတာက အမြင်အာရုံဆိုင်ရာ ကျန်းမာရေး အခြေအနေတစ်ရပ်ပါ။ မှောင်တဲ့ နေရာတွေနဲ့ ညဘက် အမှောင်ထုထဲမှာ အရာဝတ္ထုတွေနဲ့ လူတွေ၊ သက်ရှိတွေကို သဲသဲကွဲကွဲ မမြင်ရတာမျိုးပါ။ ရုတ်တရက် အလင်းအမှောင် ပြောင်းလဲသွားချိန်မှာလည်း ပုံရိပ်တွေ ဝေဝါးသွားတာမျိုးတွေ ရှိနိုင်ပါတယ်။ အခြေအနေ တော်တော်များများမှာ တွေ့ရတာက ဒီလို ဖြစ်ရတာဟာ မျက်စိရဲ့ အစိတ်အပိုင်း တစ်ခုမက ထိခို်ကနေတာကြောင့် ဖြစ်ရတာဖြစ်ပြီး များသောအားဖြင့်ကတော့ ကုသလို့ ရတယ်ဆိုတာပါ။
ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ!
အခုလို လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ကြက်မျက်သင့်နေတာပါ။
- အလင်းရောင်အားနည်းနေပြီဆိုရင် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရတာ
- မျက်လုံးက အလင်းကို မခံနိုင်တာ
- ခပ်ဝါးဝါးပဲ မြင်ရတာ၊ မသဲမကွဲ မြင်ရတာ
- အလင်းအားနည်းနေရင် အဝေးက ပစ္စည်းတွေကို သေသေချာချာ မမြင်ရတာ
- ကောင်းကင်က ကြယ်တွေကို မမြင်ရတာ
- အမှောင်ခန်းထဲ ဝင်သွားရင် ဘာမှကို မမြင်ရတာမျိုး (ပုံမှန်ကတော့ မိနစ်ပိုင်းလောက် ကြာပြီးရင် မြင်ရတာမျိုးပါ)
- မျက်နှာတွေ၊ အရာဝတ္ထုတွေကို အမှောင်ထဲမှာ သဲသဲကွဲကွဲ မမြင်ရတာမျိုးတွေ ခံစားရနိုင်ပါတယ်။
ညဘက်တွေမှာ ကြက်တွေငှက်တွေကို ကိုင်ရင် ကြက်မျက်သင့်မလား!
ကြက်မျက်သင့်တာက ညဘက်မှာ ကြက်တွေငှက်တွေကို ကိုင်တာကြောင့် မဟုတ်ပါဘူး။ အခုလို အခြေအနေတွေကြောင့်ပါ။
- ဗီတာမင် A ချို့တဲ့တာ
ဗီတာမင် A ချို့တဲ့မှုက ကြက်မျက်သင့်တာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ခန္ဓာကိုယ်မှာ ဗီတာမင် A မပြည့်ဝတဲ့အခါ ညဘက်တွေမှာ မြင်ရစေဖို့ ထောက်ကူပေးနိုင်တဲ့ ရောင်ခြယ်ပစ္စည်း တစ်မျိုးဖြစ်တဲ့ rhodopsin ပစ္စည်းကို ထုတ်လုပ်နိုင်ဖို့ ခက်သွားပါတယ်။ ဒီအခြေအနေက ကြက်မျက်သင့်တာကို ဖြစ်စေတာပါ။
- အတွင်းတိမ်ဖြစ်နေတာ
အသက်အရွယ်ရလာချိန်မှာ အတွင်းတိမ်ဖြစ်တာမျိုးကို တော်တော်များများ ခံစားကြရပါတယ်။ ဒီအခြေအနေက မျက်လုံးရဲ့ မြင်နိုင်စွမ်းကို ထိခိုက်စေပြီး ညဘက်တွေမှာ ကောင်းကောင်းမြင်ဖို့ ခက်တာမျိုးကို ခံစားရစေနိုင် ပါတယ်။
- ရေတိမ်ဖြစ်နေတာ
မျက်စိထဲမှာ ရေတိမ်ဖြစ်တာက မျက်လုံးထဲမှာ ဖိအားတိုးစေပြီး မြင်နိုင်စွမ်းကို ထိခိုက်တာ အမြင်အာရုံတွေကို ပျက်စီးစေတာမျိုးတွေ ဖြစ်စေပြီး နေ့ဘက်ရော ညဘက်မှာပါ ကောင်းကောက်းမမြင်ရတာမျိုးကို ဖြစ်စေပါတယ်။
- မျက်ကြည်လွှာ ထိခိုက်တာ
မျက်စိအတွင်းပိုင်းထဲက မျက်ကြည်လွှာမှာ ထိခိုက်တာ၊ အသက်အရွယ်ကြောင့် ထိခိုက်တာမျိုးတွေ ဖြစ်လာချိန်မှာ အမြင်လွှာမှာ အစက်အပြောင်တွေလို မြင်ရတာမျိုး ဖြစ်စေပြီး မြင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။
- ဆီးချိုကြောင့် မျက်လုံးအတွင်းရှိ မှန်ဘီလူး ထိခိုက်ပျက်စီးတာ
ဆီးချိုရောဂါက မျက်လုံးထဲက သွေးကြောလေးတွေကို ထိခိုက်စေသလို မျက်ဆန်အတွင်းမှန်ဘီလူးကိုလည်း ပုံပျက်တာမျိုး ဖြစ်စေပါတယ်။ ဒါကြောင့် ဆီးချိုရောဂါကို ခံစားရချိန် ကြာမြင့်လာတဲ့အခါ အမြင်အာရုံ ပျက်စီး ထိခိုက်တာမျိုး ဖြစ်လာနိုင်ပါတယ်။
- မျက်ကြည်လွှာ ထိခိုက်တာ
မျက်ကြည်လွှာမှာ အနက်ရောင် ရောင်ခြယ်တွေများလာတာကလည်း အလင်းရောင် အားနည်းချိန်မှာ မြင်ရခင်္ကတာကို ဖြစ်စေပြီး ညဘက်တွေမှာ ကောင်းကောင်း မမြင်ရတာမျိုးကို ဖြစ်စေနိုင်ပါတယ်။
- အဝေးမှုန်တာ
အဝေးမှုနနေတဲ့သူတွေမှာလည်း နေ့ခင်းမှာ အကွာအဝေးတစ်ခုက အရာတွေကို ကောင်းကောင်းမြင်ရဖို့ ခက်သလို အလင်းရောင်အားနည်းတဲ့နေရာနဲ့ ညဘက်အမှောင်ထဲမှာလည်း အရာဝတ္ထုတွေ လူတွေကို သဲသဲကွဲကွဲ မြင်ရဖို့ ခက်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
မျက်စိဆိုတာက စိတ်ရဲ့ တံခါးပေါက်လို့ဆိုကြသလို သဘာဝတရားရဲ့ လှပမှုတွေ၊ ချစ်ခင်ရသူတွေနဲ့ မြတ်နိုးတဲ့အရာတွေကို မြင်ခွင့်ရစေတဲ့ အစိတ်အပိုင်းလေး ဖြစ်တာကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ တကယ်လို့ အမြင်အာရုံမှာ ပြဿနာရှိနေတာမျိုး ရှိမယ်ဆိုရင် လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုပါမယ်။