ဘာစားစားငန်နေတာ ဘာကြောင့်များလဲ!

ဘာစားစားငန်နေတာ ဘာကြောင့်များလဲ!

အစားတစ်ခုခုစားလိုက်တိုင်း ငန်တဲ့အရသာကလွဲ ဘာကိုမှ မခံစားမိတာမျိုး၊ တစ်ခုခု စားလိုက်ချိန်မှာ သူများက အငန်ပေမယ့် ကိုယ့်ကျမှ မခံမရပ်နိုင်အောင် ငန်တယ်လို့ ခံစားနေရတာမျိုးတွေ ဖြစ်နေပြီလား။ ဒါကဘာကြောင့် ဖြစ်တာလဲ။ ဘယ်လို အခြေအနေတွေဆိုရင် စိုးရိမ်စရာ ကောင်းနေပြီလဲ ဆိုတာကို မျှဝေပေးချင်ပါတယ်။

ဘာကြောင့် ဘာစားစား ငန်နေတာလဲ!

အစားအစာတွေထဲမှာ အငန်ဓာတ်ရစေနိုင်တဲ့ ဆား၊ ငံပြာရည်၊ အချိုမှုန့်လိုမျိုး အရာတွေ လွန်လွန်ကဲကဲ ပါဝင်နေတာမျိုး မဟုတ်ဘဲ စားလိုက်ချိန်မှာ အရမ်းငန်နေတယ်လို့ ခံစားရတာနဲ့ ပတ်သက်ပြီး အတွေ့ရများတဲ့ အကြောင်းအရင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

  • ရေဓာတ်ခမ်းခြောက်နေတာ

တံထွေးထဲမှာ သဘာဝကိုက ဆားဓာတ် အနည်းငယ် ပါဝင်နေပါတယ်။ ဒါပေမယ့် ရေကို ပြည့်ပြည့်ဝဝ သောက်မိနေချိန်မှာ ဆားက လုံလောက်တဲ့ ရေပမာဏထဲမှာ ပျော်ဝင်နေတာကြောင့် ငန်တယ်ဆိုတာမျိုးကို မခံစားရပေမယ့် ရေကို လုံလောက်အောင် မသောက်မိချိန်မှာ ဆားကများလာပြီး ရေဓာတ်နည်းသွားတဲ့ အခြေအနေမျိုး ဖြစ်သွားတာကြောင့် အငန်ဓာတ်ကို ပိုမိုခံစားမိလာပါတယ်။ 

ဒီအခြေအနေကြောင့်ပဲ ရေသောက်နည်းပြီး ရေဓာတ်ခမ်းခြောက်ချိန်မှာ ဘာစားစား ငန်တယ်လို့ ခံစားရတာပါ။ 

  • ခံတွင်းခြောက်တာ

တံထွေးဂလင်းတွေက တံထွေးတွေကို လုံလောက်အောင် မထုတ်ပေးနိုင်ချိန်မှာ ခံတွင်းခြောက်တာကို ခံစားလာရပြီး ပါးစပ်ထဲမှာ ငန်တာလိုလို သတ္တုအရသာလိုလိုကို ခံစားမိလာနိုင်ပါတယ်။ ခံတွင်းခြောက် တာကြောင့် နောက်ထပ် ခံစားရနိုင်တဲ့ လက္ခဏာကတော့ ခံတွင်းနံ့ဆိုးတာ၊ လည်ချောင်းနာတာမျိုးတွေပါ။ 

ကာလရှည်ကြာ ခံတွင်းခြောက်တာက သွားတွေကိုပါ ပျက်စီးစေနိုင်လို့ ရေလုံလောက်အောင် သောက်တာ၊ ငုံဆေးငုံတာ၊ ပီကေဝါးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ 

  • သောက်သုံးနေရတဲ့ ဆေးဝါးတွေ

အချို့သော ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ အနေနဲ့လည်း ပါးစပ်ထဲမှာ ငန်နေတာမျိုး သတ္တုအရသာ ခံစားနေရတာမျိုးတွေ ခံစားရနိုင်ပါတယ်။ စိတ်ကျရောဂါ သက်သာစေဖို့ သောက်ရတဲ့ ဆေးတွေ၊ ဆီးဆေး၊ ဓာတ်မတည့်တာကို သက်သာစေတဲ့ဆေး၊ ကင်ဆာကုထုံးဆစ်ခုဖြစ်တဲ့ ဓာတ်ကင်တာကို ခံယူနေရတာ၊ အကိုက်အခဲပျောက်ဆေးတွေ သောက်နေရတာ၊ အိပ်ဆေးတွေ သောက်နေရတာလိုမျိုး အခြေအနေတွေမှာ လည်း ပါးစပ်ထဲမှာ ဘာစားစား ငန်တာလိုမျိုး ခံစားရနိုင်ပါတယ်။ 

  • နှာရည်ပြောင်းပြန်စီးတာ

ဓာတ်မတည့်မှု တစ်ခုခု ဒါမှမဟုတ် ကာလရှည်ကြာ ဆိုင်းနပ်စ်ပိုးဝင်ကူးစက်တာ (ထိပ်ကပ်နာ) လိုမျိုး ပြဿနာ တွေကြောင့် နှာရည်တွေက လည်ပင်းဆီကို ပြောင်းပြန် ပြန်စီးဆင်းနေတဲ့ အခြေအနေကို ခံစားနေရမယ်ဆိုရင် လည်း ပါးစပ်ထဲ ဘာပဲစားစား ငန်တာကို တွေ့ကြုံရနိုင်ပါတယ်။ 

  •  ကိုယ်ဝန်ဆောင်နေရတာ

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း အပြောင်းအလဲကြောင့် pregnancy rhinitis လို့ ခေါ်တဲ့ ကိုယ်ဝန်ဆောင်ချိန် နှာခေါင်းတွင်းမှာ ရောင်ရမ်းတာကိုဖြစ်စေပြီး နှာစေးတာ၊ နှာရည်ယိုတာ၊ နှာရည်ပြောင်းပြန်စီးတာမျိုး ဖြစ်ပြီး ပါးစပ်ထဲမှာ ဘာစားစား ငန်တာကို ခံစားရနိုင်ပါတယ်။

ဒီအခြေအနေက မီးဖွားပြီး ၁ ပတ် ၂ ပတ် အကြာလောက်မှာ အလိုလို သက်သာသွားတတ်ပါတယ်။ 

  • စားချဉ့်ပြန်ရောဂါ (GERD) ကို ခံစားနေရတာ

ဒီအခြေအနေမှာ အစာအိမ်ထဲက အက်ဆစ်က အစာရေမြိုဆီကို ပြန်လည်စီးဆင်းလာပြီး ပါးစပ်ထဲမှာ ချဉ်သလိုလို ငန်သလိုလို အရသာကို ခံစားရစေနိုင်ပါတယ်။ ဒီအခြေအနေကို ခံစားနေရပြီဆိုရင် ပါးစပ်ထဲမှာ ချဉ်သလိုလို ငန်သလိုလို ခံစားရတာအပြင် ရင်ပူတာ၊ နာတာရှည် ချောင်းဆိုးတာ၊ လည်ချောင်းထဲမှာ တစ်ဆို့ဆို့​ ကြီးဖြစ်တာမျိုးကို ခံစားရစေနိုင်ပါတယ်။ 

  • Autoimmune conditions

An autoimmune condition ဆိုတာက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအား စနစ်က ကျန်းမာတဲ့ တစ်ရှူးတွေကို တိုက်ခိုက်တဲ့ ကျန်းမာရေး အခြေအနေတစ်ရပ်ပါ။ ဒီအခြေအနေကို ခံစားနေရမယ်ဆိုရင်လည်း တံထွေးဂလင်းတွေကို ထိခိုက်စေပြီး ခံတွင်းခြောက်တာ၊ အရသာခံစားမှု ပြောင်းလဲတာ၊ ဘာစားစား ငန်နေတာမျိုးတွေ ခံစားရနိုင်ပါတယ်။ 

  • အာရုံကြော ပြဿနာ ရှိနေတာ

အာရုံကြောရဲ့ အရသာခံစားမှုကို သက်ရောက်နေတဲ့ အာရုံကြောပြဿနာ ရှိနေတာကလည်း စားလိုက်တဲ့ အစားအစာတိုင်းက ငန်နေတယ်လို့ ခံစားရတာမျိုး ရှိနိုင်ပါတယ်။ 

ဘယ်လိုအခြေအနေတွေဆို စိုးရိမ်ရမလဲ!

ခံတွင်းခြောက်တာကြောင့် ဘာစားစား ငန်နေတာအပြင် 

  • အသံတွေပြောင်းလာတာ
  • အသံဝင်တာ
  • လည်ပင်းမှာ အဖုအကျိတ်တွေ ထွက်လာတာ
  • မေးရိုးအောက် နားအရှေ့ဘက်နားက တံထွေးဂလင်းတွေ ရောင်ရမ်းနေတာ
  • ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ နဲ့ autoimmune ကျန်းမာရေးပြဿနာလိုမျိုး ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကို ခံစားနေရတာမျိုးဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသပြီး လိုအပ်တဲ့ စစ်ဆေးမှု ခံယူဖို့ လိုပါမယ်။ 

ဘယ်လို သက်သာအောင် လုပ်မလဲ!

အခြေအနေ တော်တော်များများမှာတော့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကြောင့် မဟုတ်ဘူးဆိုရင် ခံတွင်းသန့်ရှင်းရေး သေချာလုပ်တာ၊ ရေလုံလောက်အောင် သောက်တာမျိုးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *