ဆီးသွားနေချိန်မှာ ဆီးနံ့အရမ်းပြင်းနေတာကို ခံစားမိတယ်။ ဘာကြောင့်များ ဆီးနံ့ပြင်းရတာလဲဆိုတာကို သိချင်မိတာမျိုး ရှိလား… ဒါဆိုရင်တော့ ဆီးနံ့ပြင်းရခြင်း နောက်ကွယ်က အကြောင်းတရားတွေကို ပြောပြပေးထားတဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်တော့နော်။
ဆီးအနံ့ပြင်းတာ ဘာကြောင့်များလဲ!
ဆီးနံ့ပြင်းတာက အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ အချို့သော အခြေအနေမှာ ရေသောက်နည်းတာကြောင့် ကိုယ်တွင်းရေဓာတ်ခမ်းခြောက်မှုရဲ့ အကျိုးဆက်အနေနဲ့ ဆီးနံ့ပြင်းတာပါ။ နောက်ထပ် အဖြစ်များတဲ့ အကြောင်းအရင်း တစ်ရပ်ကတော့ အစားအသောက်တွေထဲမှာ အနံ့ပြင်းတဲ့ အစားအစာတွေကြောင့်ဆီးနံ့ပြင်းတာမျိုးလည်း ရှိနိုင်သလို အားဆေးတွေနဲ့ အချို့သော ဆေးဝါးတွေ ကြောင့်လည်း ဆီးနံ့ပြင်းတာမျိုး ဖြစ်နိုင်ပါတယ်။
ဆီးနံ့ပြင်းတာက တစ်ခါတလေ မဟုတ်ဘဲ အမြဲလိုလို ဖြစ်နေပြီဆိုရင်တော့ ကျန်းမာရေးပြဿနာ တစ်ခုခုကြောင့် ဖြစ်နေနိုင်ပါတယ်။
ဆီးနံ့ပြင်းနေရတာ ဒီအကြောင်းတွေကြောင့်ပါ
ဆီးနံ့က အနံ့အရမ်းပြင်းနေရတာက အခုလို အကြောင်းအရင်းတွေကြောင့်ပါ။
- ရေသောက်နည်းနေတာ
ရေသောက်နည်းနေတဲ့အခါ ဆီးအရောင်က ရင့်နေသလို အနံ့ကလည်း ရှိသင့်တာထက် ပိုပြင်းနေတတ်ပါတယ်။ ဒီအခြေအနေမျိုးအတွက်က ရေကိူ လုံလောက်အောင် သောက်ပေးမယ်ဆိုရင်ကို ဆီးအရောင်ရင့်တာကိုရော အနံ့ပြင်းတာကိုပါ သက်သာစေနိုင်မှာပါ။
- အစားအသောက်
နေ့စဉ်စားသုံးမှုမှာ ပါဝင်နေတဲ့ အချို့သောအစားအစာတွေ (ဥပမာ – ဓညင်းသီး၊ ဆူးပုတ်၊ ကညွတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကော်ဖီ၊ ဟင်းခတ်အမွှေးအကြိုင်တွေလိုမျိုး) ကြောင့်လည်း ဆီးနံ့ယာယီပြောင်းလဲတာ၊ ဆီးနံ့ပြင်းတာတွေကို ခံစားရနိုင်ပါတယ်။
- ဆေးဝါးတွေ
အားဆေးတွေနဲ့ ပိုးသတ်ဆေးတွေ၊ အဖျားပျောက်ဆေးတွေကြောင့်လည်း ဆီးနံ့က ပုံမှန်ထက် ပိုပြင်းနေတာမျိုး ခံစားရနိုင်ပါတယ်။
- ဆီးလမ်းကြောင်း ပိုးဝင်တာ (UTIs)
ဆီးလမ်းကြောင်းပိုးဝင်နေတဲ့အခါမျိုးမှာလည်း အစောပိုင်း လက္ခဏာအနေနဲ့ ဆီးနံ့ပြင်းတာကို ခံစားရနိုင်ပါတယ်။
- ဆီးချိုရောဂါ ရှိနေတာ
ဆီးချိုကို ကောင်းကောင်း မထိန်းညှိနိုင်တဲ့ အခြေအနေမျိုးမှာလည်း သွေးတွင်းသကြားဓာတ် မြင့်တက်မှုကြောင့် ဆီးနံ့ပြင်းတာမျိုး ခံစားရနိုင်ပါတယ်။
- ကျောက်ကပ်ရောဂါ ရှိနေတာ
ကျောက်ကပ်မှာ ကျောက်တည်တာ၊ ကျောက်ကပ်ပျက်စီးတာနဲ့ အမျိုးမျိုးသော ကျောက်ကပ်ရောဂါတွေကို ခံစားနေရမယ်ဆိုရင်လည်း ဆီးက အမိုးနီးယားနံ့လို နံနေတာမျိုး ခံစားရနိုင်ပါတယ်။
- အသည်းရောဂါ ရှိနေတာ
အသည်းကျန်းမာရေးပြဿနာ ရှိနေမယ်ဆိုရင်လည်း ဆီးအရောင်ရင့်ရင့် အနံ့ပြင်းပြင်းတွေ သွားတာမျိုး ခံစားရနိုင်ပါတယ်။
- ဇီဝကမ္မဖြစ်စဉ် ကမောက်ကမဖြစ်တာ
ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်တဲ့ အခါမျိုးမှာလည်း ဆီးအနံ့ပြင်းတာကို ခံစားရနိုင်ပါတယ်။
ဒီလိုအခြေအနေဆိုရင် ဆရာဝန်နဲ့ ပြသပါ
ဆီးအနံ့က ခဏတာ မဟုတ်ဘဲ အမြဲတမ်းနီးပါး အနံ့ပြင်းနေတာနဲ့အတူ ဆီးသွားရခက်တာ၊ နာကျင်တာ၊ ယားယံတာ၊ ပြည်လိုမျိုးတွေ ထွက်တာ၊ အဖျားတက်တာ၊ ဆီးအရောင်ရင့်လွန်းတာ၊ အရေပြားနဲ့ မျက်ဖြူသားတွေ ဝါလာာတာမျိုး ရှိမယ်ဆိုရင် နီးစပ်ရာဆေးခန်းကို အမြန်ဆုံးပြသဖို့ လိုပါမယ်။
Lotoshinnရဲ့ စကားလက်ဆောင်
ရေသောက်နည်းတာကြောင့် ဆီးနံ့ပြင်းတာ ဆီးအရောင်ရင့်တာ ဖြစ်နိုင်တယ်ဆိုပေမယ့် အချိန်အတော်ကြာတဲ့ အထိ မသက်သာဘဲ ရှိနေမယ်။ နေရထိုင်ရ မသက်မသာတာမျိုးတွေပါ ခံစားရမယ်ဆိုရင် ကျန်းမာရေး အကြောင်းရင်းခံ တစ်ခုခုကြောင့် ဖြစ်နေနိုင်တာမို့ လိုအပ်တဲ့ စစ်ဆေးကုသမှုကို ခံယူဖို့ အကြံပြုပါရစေ။