မြင်းခွာရွက် လို့ဆိုလိုက်ရင် မသိသူ၊ မမြင်ဖူးသူရယ်က ခပ်ရှားရှားပါ။ နေ့စဉ် စားသောက်မှုမှာ မပါပေမယ့် တစ်ပတ်ကို ၂ ကြိမ်လောက်တော့ စားမိနိုင်တဲ့ အရွက် တစ်မျိုးပါ။
မြင်းခွာရွက်ကို တို့စရာ အနေနဲ့ တို့တို့၊ ဟင်းခါးပဲ ချက်သောက်သောက်၊ သုပ်ပြီးပဲ စားစား၊ ဖျော်ပဲသောက်သောက်၊ အရွက်ကို အခြောက်ခံပြီး အကျရည်ထဲပဲ ထည့်သောက်သောက် သောက်ဖြစ်ကြတဲ့ မြင်းခွာရွက်လေးက ဆေးဖက်ဝင်တယ်ဆိုတာကိုလည်း သိထားပြီး ဖြစ်မယ် ထင်ပါတယ်။ ဒီတစ်ခေါက်တော့ မြင်းခွာရွက်ရဲ့ ဆေးဖက်ဝင်မှုကို ပြောပြပေးချင်ပါတယ်။
မြင်းခွာရွက် ဆိုတာ
မြင်းခွာရွက်ဆိုတဲ့နေရာမှာ အရွက်ခပ်ဖားဖား ယပ်တောင်လေးလို ပုံစံရှိပြီး အရိုးတံရှည်ရှည် ပွပွလေးနဲ့ မြင်းခွာရွက် ရှိသလို အရွက်ဝိုင်းဝိုင်းထူထူလေးနဲ့ တို့စားလို့ကောင်းတဲ့ ဆေးမြင်းခွာ ဆိုတာလည်း ရှိပါတယ်။
မြင်းခွာရွက်ကို အာရှဒေသ အတော်များများမှာ ဟင်းလျာအနေနဲ့ စားသုံးကြသလို ရှေးယခင် ကာလတွေကတည်းက တရုတ် တိုင်းရင်းဆေးတွေမှာ အသုံးပြု ကြပါတယ်။အရသာက အနည်းငယ် ခါးသက်သက် ရှိပေမယ့် စားလို့တော့ အတော်လေး ကောင်းတဲ့ အရွက် တစ်မျိုးပါ။
မြင်းခွာရွက်ကပေးတဲ့ အာဟာရ
မြင်းခွာရွက်မှာ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ မြင်းခွာရွက်မှာ အမျှင်ဓာတ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် B2 တို့ပါဝင်နေပါတယ်။
မြင်းခွာရွက် ဘယ်လို ဆေးဖက်ဝင်သလဲ!
မြင်းခွာရွက် ဘယ်လို ဆေးဖက်ဝင်သလဲ ဆိုတော့ အခုလိုမျိုး ဆေးဖက်ဝင်ပါတယ်။
- မှတ်ဉာဏ် ကောင်းစေတယ်
မြင်းခွာရွက်မှာပါတဲ့ Asiatic acid က စိုးရိမ်စိတ်ကို ပြေလျော့စေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်မှု ကောင်းစေဖို့ လုပ်ဆောင်ပေးပါတယ်။ မြင်းခွာရွက်က မှတ်ဉာဏ် ကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။ ကာလတို မှတ်ဉာဏ်ကို ကောင်းစေပြီး ပူပန်မှုတွေကို လျှော့ချပေးနိုင်တာကြောင့် အာရုံစိုက်နိုင်စွမ်းကို ကောင်းစေပြီး မှတ်ဉာဏ်ကို ကြာကြာရှည်ရှည် မှတ်မိစေသလို ဉာဏ်ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
- စိတ်ဖိစီးမှု ပြေလျော့စေတယ်
မြင်းခွာရွက်က ဦးနှောက်ထဲက လုပ်ဆောင်မှုတွေကို ဟန်ချက်ညီစေပြီး တစ်နေ့တာမှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်ရှိစေဖို့ ထောက်ကူပေးသလို စိတ်ဖိစီးမှုတွေကို ပြေလျော့သက်သာစေနိုင်တာပါ။
- စိတ်ဓာတ် မကျစေဖို့ ထောက်ကူပေးတယ်
မြင်းခွာရွက်ကို စိတ်ဓာတ် မကျအောင် ကာကွယ်ဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။ စိတ်ဓာတ်ကျနေတဲ့သူတွေကို စိတ်ကျတာ သက်သာစေဖို့လည်း မြင်းခွာရွက်ကို အသုံးပြုပေးလို့ ရပါတယ်။
- သွေးလည်ပတ်မှု ကောင်းစေတယ်
မြင်းခွာရွက်က ခန္ဓာကိုယ်က သွေးကြောတွေကို သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ chronic venous insufficiency (CVI) ခံစားနေရသူတွေမှာလည်း သွေးစီးဆင်းမှု ကောင်းအောင် ထောက်ကူပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
သွေးစီးဆင်းမှု ကောင်းစေနိုင်တာကြောင့် နှလုံး ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ သွေးကြောတွေထဲက အဆီတွေကို လျော့ပါးစေဖို့ လုပ်ဆောင်ပေးတာကြောင့် နှလုံးသွေးကြောကျဉ်းတာ၊ ရုတ်တရက် နှလုံးရပ်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ လေမဖြတ်အောင်လည်း ကာကွယ်ပေးပါတယ်။
- အနာကျက်စေနိုင်တယ်
မြင်းခွာရွက်က သွေးလည်ပတ်မှုကောင်းအောင် လုပ်ဆောင်ပေးတာကြောင့် အနာကျက်စေဖို့လည်း ထောက်ကူပေးပါတယ်။ မြင်းခွာရွက်မှာပါတဲ့ asiaticoside ဆိုတဲ့ ဒြပ်ပေါင်းက ကော်လာဂျင် ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပြီး ထိခိုက်မိတဲ့နေရာမှာ ဆဲလ်အသစ်တွေနဲ့ သွေးကြောအသစ်တွေ ဖြစ်စေဖို့ ထောက်ကူပေးပါတယ်။
- နာတာရှည် ရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်
မြင်းခွာရွက်က အနာကြီးရောဂါ ကစလို့ ကင်ဆာအထိ နာတာရှည်ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ မြင်းခွာရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့အတွက် ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါ မခံစားရစေဖို့ ကာကွယ်ပေးပါတယ်။
အစာအိမ် အနာဖြစ်တာကို သက်သာစေနိုင်သလို ဆီးချို၊ သွေးတိုးလိုမျိုး နာတာရှည် ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ အသည်း ကျန်းမာစေသလို အသားအရေကိုလည်း ရောဂါ ကင်းစေပါတယ်။
- ဆီးကျဉ် ဆီးအောင့် သက်သာစေတယ်
မြင်းခွာရွက်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို ဆီးရွှင်စေနိုင်တာကြောင့် ဆီးကျဉ် ဆီးအောင့်တာကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။
- အသားအရေ ကျန်းမာစေတယ်
မြင်းခွာရွက်က အရေးအကြောင်းတွေ သက်သာစေနိုင်သလို အရေပြားရောင်ရမ်းတာကိုလည်း သက်သာစေနိုင် ပါတယ်။ အရွယ်တင်စေဖို့ ဖြစ်စေ အသားအရေ ကြည်လင်လှပစေဖို့ ဖြစ်စေ မြင်းခွာရွက်ကို သုံးပေးလို့ ရပါတယ်။
- အိပ်ပျော်စေနိုင်တယ်
ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေဖို့အတွက်လည်း မြင်းခွာရွက်ကို စားပေးလို့ ရပါတယ်။ မြင်းခွာရွက်က စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ညဘက်တွေမှာ ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်မှုကို ရရှိစေနိုင်ပါတယ်။
ဒီအချက်လေးတွေ သတိထားပေးပါ
မြင်းခွာရွက်က သင့်တင့်ရုံစားရင် ကျန်းမာရေးအကျိုးကျေးဇူးများပေမယ့် အများကြီး စားမယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်တာကြောင့် သတိထားဖို့ လိုပါမယ်။
ဘယ်သူတွေ မစားသင့်ဘူးလဲ
မြင်းခွာရွက်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မေမေတွေ၊ ဆီးချိုရှိသူတွေ၊ အသည်းရောဂါ ရှိသူတွေ၊ အရေပြားကင်ဆာ ခံစားနေရသူတွေ၊ ဆီးဆေးသောက်နေရသူတွေ ခွဲစိတ်ခံမယ့်လူနာတွေအနေနဲ့ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှ စားသင့်ပါတယ်။
သိပ္ပံနည်းကျ ထပ်မံလေ့လာဖို့ လိုသေးတဲ့အပြင် ဓာတုဗေဒနည်းအရ သန့်စင်ထားတာ မဟုတ်ရင် ခန္ဓာကိုယ်ကို ဘေးဖြစ်စေနိုင်တာကြောင့်ပါ။