ကြက်တက်ရွက် ကျန်းမာစေသလား!

ကြက်တက်ရွက် ကျန်းမာစေသလား!

အညာလက်ဖက် ကြက်တက်ရွက် ဆိုတာကို ရန်ကုန်သူတွေ ကြားဖူးချင်မှ ကြားဖူးနိုင်ပေမယ့် အညာစာကြိုက်သူတွေနဲ့ အညာဒေသမှာ ကြီးပြင်းသူတွေကတော့ ကြက်တက်ရွက်ကို သိသလို စားဖူးပြီးသားလည်း ဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ အညာစာ ကြက်တက်ရွက်လေးက ဘယ်လို ကျန်းမာရေး ကောင်းကျိုးလေးတွေ ပေးနိုင်လဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်။

ကြက်တက်ရွက် ဆိုတာ

ကြက်တက်ရွက်ဆိုတာက ကြက်တက်ပင်ရဲ့ အရွက်ပါ။ အပင်အမြင့်က လူကြီးခါးလောက်သာသာ ရှိပြီး အရွက်လေးတွေက ရွက်ဆိုင်ထွက်တာပါ။ အရွက်နုလေးတွေကို စားရတာ ဖြစ်ပြီး အရွက်လေးတွေကို ရေနွေးဖျောပြီး သုပ်စားရတာပါ။

ကြက်တက်ရွက် ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ!

ကြက်တက်ရွက်မှာ –

  • အမျှင်ဓာတ်
  • သံဓာတ်
  • ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ
  • ကယ်လ်ဆီယမ်
  • အမျှင်ဓာတ်
  • ပရိုတင်း
  • ဗီတာမင် A
  • ဗီတာမင် C
  • ဗီတာမင် E
  • ဗီတာမင် K တို့ ပါဝင်နေပါတယ်။

ကြက်တက်ရွက် ကျန်းမာစေသလား!

ကြက်တက်ရွက် ကျန်းမာစေသလား! ဆိုတော့ အခုလို ကောင်းကျိုးလေးတွေ ပေးစွမ်းနိုင်ပါတယ်။

နာတာရှည်ရောဂါ ခံစားရနိုင်ခြေ လျှော့ချပေးတယ်

ကြက်တက်ရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဆီးချို သွေးတိုးလိုမျိုး နာတာရှည် ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

သွေးတွင်းအဆီ ကျစေတယ်

ကြက်တက်ရွက်မှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် သွေးတွင်းအဆီကို ကျဆင်းစေပြီး သွေးကြောလေးထဲမှာ သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

ကြက်တက်ရွက်မှာ ဗီတာမင် C ပါဝင်နေတာကြောင့် အဖျားအနာ ကင်းစေပြီး ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဝမ်းချုပ်တာ သက်သာစေတယ်

အမျှင်ဓာတ် ပါဝင်နေတာကြောင့် ဝမ်းချုပ်တာကို သက်သာစေပြီး ဝမ်းသွားရခက်တာကို ပြေလည်စေမှာပါ။

 အသားအရေလှစေတယ်

ဗီတာမင် C နဲ့ ဗီတာမင် A ပါဝင်နေတာက အသားအရေကို လှပစေပြီး ဝက်ခြံနဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေနိုင်သလို အရေးအကြောင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အရိုးတွေ သန်မာစေတယ်

ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေသလို အရိုးပွနိုင်ခြေကိုလည်း လျှော့ချပေးနိုင်မှာပါ။

သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးတယ်

ကြက်တက်ရွက်က အညာလက်ဖက်လို့ ခေါ်ပေမယ့် ကြက်တက်ရွက်က လက်ဖက်လိုမျိုး ကဖင်းမပါတာကြောင့် သံဓာတ်ချို့တဲ့တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကြက်တက်ရွက်က အခုလို ကျန်းမာရေးကောင်းကျိုးတွေရှိနိုင်ပါတယ်။

# သတင်းစကား

ကြက်တက်ရွက်က ကျန်းမာရေးအတွက် အခုလို ကောင်းကျိုး များပေမယ့် တန်ဆေး လွန်ဘေးပါ။ ကြက်တက်ရွက်ကို ရောဂါအခံ ရှိသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးနို့တိုက်နေရတဲ့ မိခင်တွေအနေနဲ့ တတ်သိနားလည်သူနဲ့ အရင်တိုင်ပင်ဖို့ လိုပါမယ်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *