လူတိုင်းက ကျန်းမာချင်ကြပေမယ့် ကျန်းမာစေမယ့် အလေ့အထတွေကို လိုက်နာဖို့ မေ့နေတတ်ကြသလို ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အလေ့အထတွေကိုလည်း မသိဘဲ လုပ်မိနေကြပါတယ်။ မကျန်းမာတဲ့ အလေ့အကျင့်တွေထဲမှာမှ အချို့သော အလေ့အကျင့်တွေက ကိုယ်တွင်းအဆိပ်အတောက်တွေကို ကင်းစင်ပေးတဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အသက်ရှည်ကျန်းမာစေဖို့ အရေးပါတဲ့ အစိတ်အပိုင်းလေး တစ်ခုဖြစ်တဲ့ ကျောက်ကပ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အလေ့အထတွေကို သိရှိဆင်ခြင်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ အလေ့အထများ
အမှတ်တမဲ့ လုပ်ဆောင်မိနေတဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ အလေ့အထတွေကတော့ –
- အငန်အစားများတာ
ဆားဓာတ်က ခန္ဓာကိုယ် ကျန်းမာစေဖို့ လိုအပ်တယ်ဆိုပေမယ့် အငန်တွေ အလွန်အကျွံ စားသုံးတာက သွေးတိုးစေနိုင်ပါတယ်။ သွေးပေါင်ချိန်တွေ ပုံမှန်ထက် မြင့်တက်နေတာက ကျောက်ကပ်ကို ဝန်ပိစေပြီး ကျောက်ကပ်ထဲမှာ ရှိတဲ့ သေးငယ်တဲ့သွေးကြောမျှင်လေးတွေကို ပျက်စီးစေပါတယ်။ ဒီလိုမျိုး သွေးကြောတွေ ပျက်စီးတာက ကျောက်ကပ်ရဲ့ သွေးသန့်စင်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးမှုမှာ အငန်ကဲတာတွေကို ရှောင်ဖို့ လိုပါမယ်။
- ရေလုံလုံလောက်လောက် မသောက်တာ
ရေဓာတ်က ကျောက်ကပ်ကို ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်စေဖို့ ထောက်ကူပေးပါတယ်။ ရေလုံလောက်အောင် မသောက်မိဘူးဆိုရင် အညစ်အကြေးတွေက ကျောက်ကပ်ထဲမှာ စုပုံပြီး ကျောက်ကပ်မှာ ကျောက်တည်တာ၊ ဆီးပိုးဝင်တာ အပါအဝင်၊ ပိုးဝင်ရောက် ကူးစက်တာတွေ ဖြစ်နိုင်ခြေပိုများစေပါတယ်။ ကျောက်ကပ် ကျန်းမာစေဖို့ တစ်နေ့တာကို အနည်းဆုံး ရေ (၈) ခွက် ကနေ (၁၂) ခွက်လောက်အထိ သောက်ပေးပါ။
- အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံသောက်တာ
ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်ခဲတာတွေ သက်သာစေဖို့ဆိုပြီး သောက်ကြတဲ့ ibuprofen နဲ့ ပါရာစီတမောလိုမျိုး သောက်ဆေးတွေက နာကျင်ကိုက်ခဲတာတွေကို သက်သာစေတယ်ဆိုပေမယ့် အများကြီး သောက်မယ်၊ ခဏခဏ သောက်မယ်ဆိုရင်တော့ ရေရှည်မှာ ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေမှာပါ။ အကိုက်အခဲပျောက်ဆေးတွေက ကျောက်ကပ်ဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းစေပြီး အချိန်ကြာလာတဲ့အခါ ကျောက်ကပ်တွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
- ပြုပြင်ထားတဲ့ အစားအစာတွေစားတာ
ပြုပြင်ထားတဲ့ အစားအစာတွေမှာ ဆား၊ အချိုမှုန့်တွေ၊ သကြား နဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေ လွန်လွန်ကဲကဲ ပါဝင်နေပါတယ်။ ဒီလိုမျိုး ပြုပြင်ထားတဲ့ အစားအစာတွေကို အများကြီး စားနေမယ်ဆိုရင်တော့ ရေရှည်မှာ ကျောက်ကပ်ထိခိုက်တာကို ဖြစ်စေနိုင်ပါတယ်။
- အသားအစားများတာ
ပရိုတင်းက စိတ်ရောကိုယ်ပါကျန်းမာစေဖို့ လိုအပ်တယ်ဆိုပေမယ့် အလွန်အကျွံစားမယ်ဆိုရင်တော့ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ အနီရောင်အသားတွေ အစားများတာက ကျောက်ကပ်ကို ဝန်ပိစေပြီး အချိန်ကြာလာတဲ့အခါ ကျောက်ကပ်ထိခိုက်ပျက်စီးတာမျိုး ဖြစ်စေနိုင်ပါတယ်။
- ဆေးလိပ်သောက်တာ၊ အရက်သောက်တာ
ဆေးလိပ်သောက်တာက ကျောက်ကပ်တွေဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းစေသလို ကျောက်ကပ်ရဲ့ တစ်ရှူးတွေကို ထိခိုက်ပျက်စီးစေပါတယ်။ အရက်သောက်တာက သွေးတိုးစေသလို ကိုယ်တွင်းရေဓာတ် ဆုံးရှုံးစေပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် အရက်ရော ဆေးလိပ်ပါ သောက်သုံးမယ်ဆိုရင် ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေသလို ကျောက်ကပ်ရောဂါတွေ ခံစားရနိုင်ခြေကိုလည်း တိုးစေပါတယ်။
- အိပ်ရေးပျက်တာ၊ စိတ်ဖိစီးမှုများတာ
ကျောက်ကပ်တွေ လုပ်ငန်းတာဝန်ကို ကောင်းကောင်းလုပ်ဆောင်နိုင်စေဖို့နဲ့ ပြန်လည်အားဖြည့်ဖို့အတွက် အိပ်ရေးဝဝ အိပ်ဖို့ လိုအပ်ပါမယ်။ နောက်ပြီး စိတ်ဖိစီးတာက သွေးတိုးစေပြီး ကျောက်ကပ်ရဲ့ လု်ပဆောင်မှုတွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီအခြေအနေက ရေရှည်မှာ ကျောက်ကပ်ထိခိုက်ပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။
ဒီအလေ့အထတွေက ချက်ချင်းမှာ မသိသာပေမယ့် ရေရှည်မှာ ကျောက်ကပ်ထိခိုက်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာချင်တယ်ဆိုရင် ဒီအလေ့အကျင့်လေးတွေကို သတိထားရှောင်ကြဉ်ဖို့ လိုပါမယ်။
Lotoshin ရဲ့ စကားလက်ဆောင်
ကျောက်ကပ် ကျန်းမာစေဖို့ နေ့စဉ်စားသုံးမှုကို သေချာလေး ဂရုစိုက်စားသုံးဖို့ လိုသလို ရေကို လုံလောက်အောင် သောက်ဖို့လည်း လိုပါမယ်။ နေ့စဉ်တိုင်းမှာ စိတ်ဖိစီးမှုတွေကိုဖြေလျှော့ပြီး အိပ်ရေးဝဝအိပ်ဖို့လည်း လိုပါမယ်။ ဒီအချက်တွေအပြင် ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ ဆီကြော်စာတွေ ရှောင်တာမျိုးလည်း လုပ်ဖို့ လိုပါမယ်။