သားဆက်ခြားပါလို့ ပြောလိုက်ရင် တော်တော်များများ ခေါင်းထဲကို အရင်ဆုံး ဝင်လာတဲ့ အတွေးက ဒါက အိမ်ထောင်တစ်ခုမှာဆိုရင် အမျိုးသမီးတွေ လုပ်ရမယ့် အလုပ်လို့ပေါ့။ သားဆက်ခြားမှုအတွက် ကုသမှုကို ခံယူရသူတွေက အမျိုးသမီးတွေ ဆိုပေမယ့် သားဆက်ခြားတာက အမျိုးသမီးတစ်ဦးတည်းမှာပဲ တာဝန်ရှိတာ မဟုတ်ပါဘူး။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆက်ပြီးတော့ ပြောပြပေးမယ်နော်။
သားဆက်ခြားတာက အမျိုးသမီးတစ်ဦးတည်းမှာပဲ တာဝန်ရှိတာ မဟုတ်ပါ
အိမ်ထောင်တစ်ခုကို တည်ထောင်ရာမှာ အမျိုးသားနဲ့ အမျိုးသမီး အတူတကွပါဝင်သလို မိသားစုစီမံကိန်း တစ်ခုကို အတူတူ ထူထောင်ရာမှာလည်း အမျိုးသားရော အမျိုးသမီးနဲ့ပါ သက်ဆိုင်ပါတယ်။ ဒီလိုပြောရတာက သားဆက်ခြားနည်းလမ်းတစ်ခုခုကို အမျိုးသားနဲ့ အမျိုးသမီး အတူတူတိုင်ပင်ရွေးချယ်ဖို့ လိုသလို အချို့သော သားဆက်ခြားနည်းလမ်းတွေကို အမျိုးသားတွေက ဆောင်ရွက်ပေးလို့ ရပါတယ်။
အမျိုးသမီးတွေအတွက်က တော်တော်များများ သိပြီးသားဖြစ်တဲ့ သားဆက်ခြားနည်းတွေ ဖြစ်တဲ့ နေ့စဉ်သောက်ရတဲ့ လစဉ်သုံးတားဆေး သောက်တာမျိုး၊ ၃ လခံ သန္ဓေတားဆေး ထိုးတာမျိုး၊ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း (IUD) ထည့်တာ၊ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) ထည့်တာမျိုးနဲ့ သားကြောဖြတ်တာမျိုးတွေကို လုပ်ပေးလို့ ရပါတယ်။
အမျိုးသားတွေအနေနဲ့ကတော့ သားကြောဖြတ်တာမျိုး လုပ်လို့ ရသလို ကွန်ဒုံးသုံးတာမျိုးလည်း လုပ်လို့ ရပါတယ်။ သားဆက်ခြားနည်းလမ်းတွေကို ရွေးချယ်တဲ့အခါမှာလည်း အမျိုးသမီးရဲ့ ကျန်းမာရေးနဲ့ ကိုက်ညီမှု ရှိတဲ့ နည်းလမ်းတွေကို ရွေးချယ်ဖို့ လိုမှာ ဖြစ်သလို အမျိုးသားအတွက် အဆင်ပြေမယ့် နည်းလမ်းတွေကို သေချာလေး တိုင်ပင်ရွေးချယ်ဖို့ လိုပါမယ်။

ဘယ်လို ကောင်းကျိုးလေးတွေ ရရှိစေမလဲ!
သားဆက်ခြားမှုမှာ အမျိုးသားတွေ ပါဝင်ပေးတာက အခုလို ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။
- Safe Sex ကို ဖြစ်စေတယ်
သားဆက်ခြားမှုမှာ နှစ်ဦးစလုံး ပါဝင်တာက လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။
- ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို ရရှိစေတယ်
သားဆက်ခြားနည်းမှာ အမျိုးသားတွေပါ ပါဝင်ပေးခြင်းက အိမ်ထောင်ရှင်တွေကြားမှာ ပွင့်လင်းပြီး ပိုမိုချစ်ခင်တန်ဖိုးထားတဲ့ ဆက်ဆံရေးကို ရရှိစေမှာပါ။
- မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ မရရှိစေဖို့ တားဆီးနိုင်မယ်
သားဆက်ခြားမှုမှာ အမျိုးသားတွေက တတ်နိုင်တဲ့ဖက်က ပါဝင်ပေးခြင်းက မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ မရရှိစေဖို့ တားဆီးပေးနိုင်မှာပါ။ တားဆေးကို ပုံမှန်သောက်ဖို့ သတိပေးတာမျိုး ဆေးထိုးရမယ့်ရက်မှာ ဆေးလိုက်ထိုးပေးတာနဲ့ IUD နဲ့ Implant တွေ လဲလှယ်ရမယ့် ရက်တွေကို မှတ်ထားပေးပြီး ဆေးခန်းကို အတူလိုက်ပေးတာမျိုးကလည်း အိမ်ထောင်ရှင်တွေကြားမှာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို ရရှိစေမှာပါ။
- ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ထူထောင်နိုင်မှာပါ
သားဆက်ခြားမှုမှာ အမျိုးသားတွေပါ ပါဝင်ပေးခြင်းက မိသားစု အစီအစဉ်တွေကို ကောင်းစွာရေးဆွဲစေနိုင်ဖို့ ထောက်ကူပေးနိုင်သလို ကလေးတွေကို ထိုက်သင့်တဲ့ ကာလအပိုင်းအခြားကို ခြားပြီးမှ မွေးဖွားရင်း ကျန်းမာစွာ ကြီးပြင်းလာစေဖို့ ပျိုးထောင်ပေးနိုင်မှာပါ။
Lotoshinn ရဲ့ စကားလက်ဆောင်
သားဆက်ခြားတာကို အမျိုးသားတွေပါ ပါဝင်လုပ်ဆောင်ပေးခြင်းက ပိုမိုနားလည်မှုရှိတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာ ဖြစ်သလို လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ မရရှိစေဖို့ တားဆီးပေးနိုင်မှာပါ။ ဒါကြောင့် ကိုယ့်ရဲ့ လက်တွဲဖော်ကို ချစ်ခင်မြတ်နိုးကြောင်း ပြသတဲ့အနေနဲ့ သားဆက်ခြား နည်းမှာ အမျိုးသားတို့အနေနဲ့ မိမိတို့ တတ်နိုင်တဲ့ဖက်က ပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။





