လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာဆိုရင် မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကြီးကျင်းပတော့မှာပါ။ တစ်နိုင်ငံလုံးအတွက် အရေးပါလှတဲ့ဒီလိုအခြေအနေမျိုးဟာ COVID-19 ကပ်ဘေးကြီးကြောင့် စိုးရိမ်ပူပန်နေရတာတွေလည်း ရှိနေပါတယ်။ ဒီရွေးကောက်ပွဲမှာ ဘေးကင်းရန်ကွာမဲပေးဖို့က သိပ်ကိုအရေးကြီးလှပါတယ်။
ခုလို COVID-19 ရောဂါဆိုးကြီးကို တစ်ကမ္ဘာလုံးရင်ဆိုင်နေရချိန်မှာ တစ်ကမ္ဘာလုံးမှာ ပုံမှန်ကျင်းပနေကြ ပွဲလမ်းတွေ၊ အားကစားပြိုင်ပွဲကြီးတွေ၊ အခမ်းအနားတွေနဲ့ ရွေးကောက်ပွဲတွေအပေါ်မှာ သက်ရောက်မှုတွေ ရှိလာခဲ့ပါတယ်။
အားကစားပြိုင်ပွဲတွေနဲ့ ပွဲလမ်းသဘင်တွေကို အချိန်ရွှေ့ဆိုင်ခဲ့ကြပေမယ့် တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲကိစ္စကို ဆုံးဖြတ်ရာမှာတော့ နိုင်ငံအတော်များများဟာ အတော်လေးဆုံးဖြတ်ရကျပ်ခဲ့ကြပါတယ်။ ယခုနှစ်ထဲမှာ တိုင်းပြည်တစ်ချို့ဟာ ရွေးကောက်ပွဲတွေကို မဖြစ်ဖြစ်အောင်ကျင်းပခဲ့ကြပြီး တစ်ချို့တိုင်းပြည်တွေကတော့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခဲ့ကြတာမျိုးလည်း ရှိပါတယ်။
ဒီလိုအခြေအနေမှာ မြန်မာ၊ အယ်လ်ဂျီးရီးယား၊ အီဂျစ်၊ ဂျော်ဒန်၊ ကူဝိတ်၊ ဆွစ်ဇာလန်နဲ့ ကမ္ဘာ့ထိပ်တန်းတိုင်းပြည်တစ်ခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုတို့ကတော့ လာမယ့် နိုဝင်ဘာလထဲမှာ ရွေးကောက်ပွဲတွေကို အသီးသီးကျင်းပကြတော့မှာပါ။
ရွေးကောက်ပွဲဟု ဆိုရာဝယ်
COVID-19 ကာလမှာ ရွေးကောက်ပွဲကျင်းပတာက စွန့်စားမှုကြီးမားပါတယ်။ ကမ္ဘာတစ်လွှားမှာ ဒီအချက်အပေါ် အမြင်မတူမှုအမျိုးမျိုးရှိကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒွိဟဖြစ်နေသူတွေ ရှိနေနိုင်ပါတယ်။
တစ်ချို့တွေကတော့ ထောက်ပြကြပါတယ်။ အမေရိကန်ပြည်ထောင်စုလို ပြည်သူ ၂ သိန်းကျော်အသက်ဆုံးရှုံးပြီး COVID-19 ကပ်ဘေးကို ထိပ်ဆုံးကနေ ခါးစည်းခံနေရတဲ့တိုင်းပြည်မျိုးမှာ ရွေးကောက်ပွဲလုပ်တော့မှာမို့ မြန်မာနိုင်ငံမှာလည်း လုပ်လို့ရနိုင်တယ်ဆိုတဲ့ အတွေးမျိုးပါ။
ဒီနေရာမှာတော့ ဗဟုသုတအနေနဲ့ပြောပြချင်တာက အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံတို့ရဲ့ မတူညီတဲ့ ရွေးကောက်ပွဲစနစ်တွေအကြောင်းပါ။ အမေရိကန်ပြည်ထောင်စုက ပြည်နယ် ၅၀၊ အထူးနယ်မြေ ၁ ခုနဲ့ ဖွဲ့စည်းထားပြီး လူဦးရေ သန်း ၃၂၈ ကျော်နေထိုင်တဲ့တိုင်းပြည်တစ်ခုပါ။ နယ်မြေဧရိယာကျယ်ဝန်းသလို လူဦးရေလဲများပြားတဲ့အပြင် ပြည်နယ်အလိုက် အုပ်ချုပ်ပုံစနစ်တွေလည်း ကွာခြားတာကြောင့် ရွေးကောက်ပွဲပြုလုပ်ရာမှာ လူတိုင်းတိုက်ရိုက်ပါဝင်မဲပေတဲ့စနစ်ကို အသုံးမပြုပါဘူး။ ဒါကြောင့် အမေရိကန်နိုင်ငံရဲ့ မဲပေးစနစ်ဟာ မြန်မာနိုင်ငံနဲ့မတူပါဘူးလို့ ဆိုနိုင်ပါတယ်။
အမေရိကန်နိုင်ငံမှာက သမ္မတရွေးကောက်ပွဲစနစ် (Presidential Election) စနစ်ဖြစ်တာမို့ ပြည်နယ်အသီးသီးက ပြည်နယ်တွေက မဲပေးခွင့်ရှိသူ (Elector) ၅၃၈ ဦးကသာ သမ္မတကိုရွေးချယ်မဲပေးကြမှာဖြစ်ပါတယ်။ Elector တွေကို ပြည်သူတွေက စာတိုက်ကနေတဆင့် မဲပေးရွေးချယ်ကြတာပါ။
မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်ကတော့ အထွေထွေရွေးကောက်ပွဲစနစ် (General Election) ဖြစ်တာမို့ လူတိုင်းမဲထွက်ပေးရမယ့် စနစ်မျိုးပါ။ ဒါကြောင့် အမေရိကန်တစ်လွှားမှာ COVID-19 ပြဿနာရှိနေပေမယ့် ရွေးကောက်ပွဲကို စိတ်ပူစရာမရှိပဲ ကျင်းပနိုင်တာက မဲပေးတဲ့ပုံစံကြောင့် ခုလိုလုပ်နိုင်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာကတော့ လူတိုင်းမဲထွက်ပေးရမှာမို့ မတူညီတဲ့ စိန်ခေါ်မှုတွေရှိနေပါတယ်။
ပြည့်ဝသော မဲဆန္ဒရှင်များဖြစ်ပါစေ
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးကြရတော့မှာပါ။ တစ်ဖက်မှာလည်း မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ရောဂါပိုး အတည်ပြုလူနာပေါင်း ၄ သောင်းကျော်ရှိနေပြီဖြစ်ပြီးတော့ သေဆုံးသူအရေအတွက်ကလည်း ၁၀၀၀ ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။
ဒါကြောင့် ဆန္ဒမဲပေးချိန်မှာ ရောဂါကူးစက်မှုမခံရဖို့၊ ရောဂါပျံ့ပွားမှုမရှိဖို့က အဓိကကျတဲ့ အချက်တစ်ချက်ဖြစ်လာပါတယ်။ တိုင်းပြည်အနာဂတ်ကို ရွေးချယ်ဖို့က အရေးကြီးသလို မဲဆန္ဒရှင်တွေ ဘေးအန္တရာယ်ကင်းရှင်းရေးကလည်း ပစ်ပယ်လို့မရတဲ့အချက်တစ်ခုဖြစ်ပါတယ်။
WHO ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ကမ္ဘာတစ်ဝှမ်းက ကျန်းမာရေးအဖွဲ့အစည်းတွေကတော့ ခုချိန်မှာ လူထုအတွက် COVID-19 ရောဂါကာကွယ်ရေး လမ်းညွှန်ချက်တွေထုတ်ပြန်ပေးထားပါတယ်။ ဒီလမ်းညွှန်ချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
နေမကောင်းလျှင် အိမ်မှာပဲနေပါ၊
တစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာမှာနေပါ၊
အပြင်ထွက်ချိန်တွင် နှာခေါင်းစည်း Mask တပ်ပါ၊
လက်ဆွဲနှုတ်ဆက်ခြင်း၊ တစ်ဦးနှင့်တစ်ဦးထိတွေ့ခြင်းကို ရှောင်ကျဉ်ပါ၊
လက်မဆေးပဲ မျက်နှာကိုမထိမကိုင်ပါနဲ့၊
နှာဆေး၊ ချောင်းဆိုးပါက တစ်ခါသုံးတစ်သျှူး၊ တံတောင်ဆစ်ကွေးစသည်တို့ဖြင့် နှားခေါင်း၊ ပါးစပ်တို့ကို ကာကွယ်ပါ၊
အသုံးပြုပြီးသား Mask၊ တစ်သျှူးစသည်တို့ကို အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပါ၊ ပြီးလျှင်လက်ကို သန့်စင်အောင်ဆေးကြောပါ၊
ဆပ်ပြာနှင့်ရေကို အသုံးပြု၍ လက်ကို စက္ကန့် ၂၀ ကြာအောင် ဆေးကြောပါ၊
ဆပ်ပြာနှင့်ရေ အလွယ်တကူမရရှိပါက အယ်လ်ကိုဟော ၇၀% နှင့်အထက်ပါဝင်သော တစ်ခါသုံးလက်သန့်ဆေးရည်ဖြင့် သန့်စင်ပါ။
မဲပေးတဲ့နေ့မှာ တိတိကျကျစည်းကမ်းလိုက်နာပါ
ရွေးကောက်ပွဲကော်မရှင်လည်း မဲပေးမယ့်နေ့ရက်မှာ လိုက်နာရစောင့်ထိမ်းရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ပေးထားပါတယ်။ UEC ရဲ့ ထုတ်ပြန်ချက်အရ ဆန္ဒမဲသွားပေးတော့မယ်ဆိုရင် အောက်ပါအချက်တွေကို ဂရုပြုလိုက်နာဖို့လိုအပ်ကြောင်း ဆိုထားပါတယ်။
မသွားခင်လက်ကို လက်ကို စက္ကန့် ၂၀ ကြာ ဆေးကြောပါ၊
မဲရုံပြင်ပတွင် ကပ်ထားတဲ့ မဲစာရင်းမှာ မိမိအမည်ပါမပါ စစ်ဆေးပါ၊
မဲစာရင်းစစ်ဆေးကြည့်ရှုချိန်၊ မဲပြင်ပနှင့် မဲရုံတွင်းတွင် လူတစ်ဦးနှင့် တစ်ဦး ၆ ပေ ခွာနေပါ၊
ဖြစ်နိုင်ပါက မိမိကိုယ်ပိုင် နှာခေါင်းစည်းကို အသုံးပြုပါ၊
ဆန္ဒမဲပေးရန် မိမိကိုယ်ပိုင် ဘောပင်ကို ယူဆောင်လာပါ၊
မဲမပေးခင်နှင့် မဲပေးပြီးချိန်တွင် မဲရုံအတွင်းမှ ရေမလိုလက်သန့်ဆေးရည်ဖြင့် လက်ကို သန့်စင်ပါ။
ဒီအချက်တွေကို လိုက်နာပြီး တိတိကျကျဆန္ဒမဲပေးကြမယ်ဆိုရင်ဖြင့် လက်ရှိမှာရင်ဆိုင်နေရတဲ့ COIVD-19 အန္တရာယ်ကို အများကြီးလျှော့ချနိုင်မှာဖြစ်ပါတယ်။
သတိထားရမှာက မဲပေးတဲ့ နေ့မှာ သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေကို တိတိကျကျလိုက်နာဖို့ လိုအပ်တယ်ဆိုတာပါပဲ။ ကိုယ်တစ်ယောက် စည်းကမ်းလိုက်နာမှုမရှိရင် လူအများကြီးကို ထိခိုက်စေနိုင်ပါတယ်။
အထက်မှာဖော်ပြခဲ့သလိုပဲ တိုင်းပြည်အနာဂတ်ကို ရွေးချယ်ဖို့က အရေးကြီးသလို မဲဆန္ဒရှင်တွေ ဘေးအန္တရာယ်ကင်းရှင်းရေးကလည်း အရေးကြီးပါတယ်။ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်တာမို့ ကျန်းမာရေးကိုလည်း ဂရုစိုက်ပြီး လမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ အကြံပြုလိုက်ရတာပါ။
လူတစ်ယောက်ရဲ့ မဲတစ်ပြားဟာ တိုင်းပြည်ရဲ့ ဦးဆောင်သူကို ရွေးချယ်နိုင်မှာဖြစ်သလို လူတစ်ဦးရဲ့ စည်းကမ်းလိုက်နာမှုကလည်း တိုင်းပြည်ရဲ့ အနာဂတ်ကို ရွေးချယ်သွားမှာဖြစ်တယ်ဆိုတာကို မမေ့ဖို့ လိုအပ်ပါလိမ့်မယ်။
ရဲဇွန်အောင်
27-Oct-2020
The Voice Daily