အရင်ဆုံး မေးစရာရှိတာ Next Normal ဆိုတာ ဘာလဲဆိုတာပဲ ဖြစ်ပါလိမ့်မယ်။ “The Next Normal” ဆိုတာက ထိပ်တန်းစီးပွားရေးသုတေသန အဖွဲ့အစည်း McKinsey က စတင်သုံးစွဲခဲ့တဲ့ စကားလုံးပါ။ လက်ရှိ COVID ကာလနဲ့ လာမယ့် COVID အလွန်ကာလတွေမှာ မဖြစ်မနေလက်ခံကျင့်သုံးရတော့မယ် ဒါမှမဟုတ် လိုက်နာရတော့မယ်လို့ ရှုမြင်ခြင်းခံထားရတဲ့ စီးပွားရေးနယ်ပယ်ရဲ့ သဘောသဘာဝလို့ ဆိုနိုင်ပါတယ်။ COVID-19 ကပ်ဘေးနဲ့ New Normal တို့က ပုံသွင်းပေးလိုက်တဲ့ အနာဂတ်ကမ္ဘာ့မြင်ကွင်းလို့လည်း ပြောလို့ရနိုင်ပါရဲ့။
တကယ်တမ်းအားဖြင့် Next Normal ဟာ COVID မတိုင်ခင်ကတည်းက စတင်ခဲ့တာပါ။ ကပ်ဘေးမတိုင်ခင်ကာလမှာကတည်းက တစ်ကမ္ဘာလုံးမှာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရွှေ့ အရှိန်အဟုန်က အမြင့်ဆုံးဖြစ်နေခဲ့တာပါ။ ဒီကာလနဲ့ တိုက်ဆိုင်စွာဖြစ်လာတဲ့ COVID-19 ကပ်ဘေးနဲ့ နောက်ဆက်တွဲနေထိုင်မှုပုံစံ New Normal တို့က အဲ့ဒီ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး အရှိန်အဟုန်ကို အဆပေါင်းများစွာ ဆွဲမြှင့်ပစ်ခဲ့ပါတယ်။
လုပ်ငန်းဆောင်တာတွေနဲ့ စီးပွားရေးလုပ်ငန်လည်ပတ်လုပ်ကိုင်မှုတွေဟာ Virtual တွေဖြစ်လာခဲ့သလို အသိဉာဏ်တုနည်းပညာ (AI) ကို အခြေပြုပြီး လည်ပတ်လှုပ်ရှားမှုတွေကလည်း သမိုင်းတစ်လျှောက်မှာ ဘယ်တုန်းကမှ မရှိဖူးတဲ့ ပမာဏမျိုးနဲ့ တိုးပွားလာခဲ့တာပါ။ ပြောရရင်တော့ New Normal ကိုဖြတ်သန်းရင်း Next Normal ကိုပါ ချဉ်းနင်းဝင်ရောက်ပြီးသား ဖြစ်သွားခဲ့တယ်ဆိုပါတော့။
ကပ်ဘေးတွေ၊ အကျပ်အတည်းတွေနဲ့ စစ်ပွဲတွေကို အကြိမ်ကြိမ်ဖြတ်ကျော်နိုင်ခဲ့ဖူးတဲ့ ကမ္ဘာကြီးရဲ့ အနာဂတ်က အလွယ်တကူ အဆုံးသတ်သွားမှာမဟုတ်ပါဘူး။ သမိုင်းပုံပြင်တွေထဲကလိုပဲ နည်းလမ်းသစ်တွေ ထွက်ပေါက်တွေ ရှာဖွေပြီး ခရီးဆက်ဦးမှာပါပဲ။ တကယ်လို့ COVID အလွန်ကာလ ကမ္ဘာ့အနာဂတ်ကို ပုံဖော်မယ့် အဖြေတစ်ခုရှိနေမယ်ဆိုရင် ဒါက Next Normal ဆိုတာ သေချာနေတယ်ပဲဆိုပါစို့။

ဘာလို့ Next Normal လဲ?
McKinsey က Next Normal ဆိုတဲ့စကားလုံးကို စတင်မိတ်ဆက်တုန်းက သူတို့ရည်ရွယ်ခဲ့တာက ကုမ္ပဏီလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေကိုပဲ ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့် ဒီစကားလုံးဟာ တကယ်တမ်းပြင်ပကမ္ဘာမှာတော့ ဒီထက်ပိုပြီး အဓိပ္ပါယ်သက်ရောက်လာခဲ့ပါတယ်။
McKinsey ရဲ့ ရည်ရွယ်ရင်းမှာက ကုမ္ပဏီလုပ်ငန်းတွေ ခိုင်မာအားကောင်းလာဖို့နဲ့ ပြန်လည်ရှင်သန်နိုင်ဖို့ ဒစ်ဂျစ်တယ်အခြေပြု နည်းဗျူဟာတွေကို မှန်ကန်စွာချမှတ်ပြီး ဖော်ဆောင်ရမယ်လို့ဆိုထားပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီနည်းဗျူဟာတွေဟာ လက်တွေ့ဘဝတွေအထိ မှန်ကန်မှုရှိနေတာကို မြင်ရပါလိမ့်မယ်။
လုပ်ငန်းတွေအနေနဲ့ Next Normal မှာ ရှင်သန်နိုင်ဖို့ဆိုရင် ဝင်ငွေပုံစံကို ပြန်လည်စီမံတာ၊ လုပ်ငန်းလည်ပတ်ပုံကို ကျစ်လျစ်ထိရောက်အောင် ပြန်လည်ဖန်တီးတာ၊ အဖွဲ့အစည်းပုံစံကို ပြန်လည်သုံးသပ်တာတွေလုပ်ဆောင်သွားဖို့လိုအပ်ပြီး ဒီအရာတွေကို ဒစ်ဂျစ်တယ်နည်းလမ်းတွေကို အခြေပြုပြီးဖော်ဆောင်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။
ဒါပေမယ့် သူတို့ရဲ့အကြံပြုချက်မတိုင်ခင်မှာကတည်းက COVID ကြောင့် ကမ္ဘာတစ်ဝှမ်းကလုပ်ငန်းတွေဟာ ဒစ်ဂျစ်တယ်အကူအညီကို ရယူဖို့လိုအပ်နေပြီဆိုတာကို သဘောပေါက်နေကြပါပြီ။ ဒီလိုနဲ့ လုပ်ငန်းအများအပြားဟာ အွန်လိုင်းဝန်ဆောင်မှုတွေကို အရှိန်မြှင့်တင်ခဲ့ကြသလို အဖြစ်သဘောမျိုးထက် ထိရောက်ပြီး အကျိုးအမြတ်ရရှိရေးကို ရှေးရှုတဲ့ ဒစ်ဂျစ်တယ်ဆောင်ရွက်ချက်တွေကို အသုံးချလာကြပါတော့တယ်။
စီးပွားရေးလုပ်ငန်းတွေဘက်က ဒစ်ဂျစ်တယ်နည်းနာတွေကို ပိုမိုအသုံးချလာတာနဲ့အမျှ သူတို့နဲ့ တိုက်ရိုက်ဆက်နွယ်နေရတဲ့ ကာစတမ်မာတွေ၊ အရပ်သားတွေနဲ့ အစိုးရအဖွဲ့အစည်းတွေဟာလည်း နည်းပညာအတွေ့အကြုံတွေနဲ့ ပိုမိုထိတွေ့လာရပြီမဟုတ်လား။ ဒီလိုနဲ့ ဒစ်ဂျစ်တယ်အခင်းအကျင်းဟာ ပိုမိုကျယ်ပြန့်လာပြီး ဝန်ဆောင်မှုအားလုံးဟာ စမတ်ဖုန်းတွေ၊ တက်ဘလက်တွေ၊ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာတွေပေါ်ကနေ အစအဆုံး လုပ်ကိုင်တဲ့အဆင့်ဆီကို မျှော်မှန်းထားတာထက် ပိုပြီး ခပ်မြန်မြန်ရောက်ရှိသွားပါတော့တယ်။ ပြောရရင် ကျွန်တော်တို့ Next Normal လို့ ခေါင်းစဉ်မတက်ခင်မှာကတည်းက Next Normal ခေတ်ထဲကို ရောက်နှင့်နေပြီဖြစ်တယ်လို့ ဆိုရတော့မှာပါ။

Next Normal ရဲ့ အသက်သွေးကြော
တကယ့် Next Normal ခေတ်ကို မောင်းနှင်မှာက ဒစ်ဂျစ်တယ်နည်းဗျူဟာပါ။ Digitalization တွေဘယ်လောက်လုပ်လုပ် စနစ်ကျတဲ့ နည်းဗျူဟာကို ဖော်ဆောင်နိုင်ခြင်းမရှိဘူးဆိုရင် ထိရောက်ဖို့ ခက်ခဲပါလိမ့်မယ်။
ဒီနေရာမှာ ဥပမာပေးရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ e-Government စနစ်က သိသာထင်ရှားမှုအရှိဆုံး သက်သေပါပဲ။ အသက်မဝင်တဲ့ ဝက်ဘ်ဆိုက်တွေနဲ့ ထိရောက်တဲ့ တုန့်ပြန်မှုနဲ့ ဆက်ဆံမှုမပြုလုပ်နိုင်တဲ့ ဆိုရှယ်မီဒီယာ Page တွေကြောင့် ဒစ်ဂျစ်တယ်လူထုဝန်ဆောင်မှုကို ထိထိရောက်ရောက်ဘာမှ လုပ်မပြနိုင်ခဲ့ပါဘူး။
COVID ကပ်ဘေးကာလမှာ အခြေအနေအရ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာဟာ လူထုနဲ့ထိတွေ့မှု သိသိသာသာမြင့်တက်လာခဲ့ပေမယ့် သူတို့ရဲ့ ဝန်ဆောင်မှုကြောင့်မဟုတ်ပဲ လူထုလိုအပ်ချက်ကြောင့် ခုလို အခြေအနေကိုရောက်လာတာဖြစ်ပါတယ်။ COVID အလွန်မှာ သူတို့ဘယ်လိုဖြစ်နေမလဲဆိုတာကို လှမ်းမျှော်ကြည့်စရာမလိုပဲ သိနိုင်ပါတယ်။ အရင်လို ခြောက်ကပ်တိတ်ဆိတ်နေတဲ့ ဆိုရှယ်မီဒီယာစာမျက်နှာတွေ ဆက်ဖြစ်နေဦးမှာပါ။
တကယ်တမ်း Next Normal ဆီကို ခြေလှမ်းတော့မယ်ဆိုရင် တိကျပြီး ခိုင်မာတဲ့ ဒစ်ဂျစ်တယ်နည်းဗျူဟာတွေ ချမှတ်နိုင်ဖို့ လိုမှာဖြစ်သလို ဆောင်ရွက်ချက်တွေကည်း အမှန်တကယ်သက်ဝင်လှုပ်ရှားနေဖို့ လိုအပ်ပါတယ်။ ဒစ်ဂျစ်တယ်ဆိုတာ အထောက်အကူပြုနည်းလမ်းသက်သက်ဆိုတဲ့ အတွေးအခေါ်ကို ဖောက်ထွက်ပြီး နယ်ပယ်စုံကဏ္ဍစုံကို မြှင့်တင်ပေးနိုင်မယ့် ဈေးကွက်တစ်ခုလို၊ ပလက်ဖောင်းတစ်ခုလို စဉ်းစားဖို့ လိုအပ်မှာပါ။
ကောင်းမွန်တဲ့ အစီအစဉ် ဒါမှမဟုတ် နည်းဗျူဟာမျိုး ချမှတ်နိုင်သူတွေသာ Next Normal မှာ ရှင်သန်နိုင်ပါလိမ့်မယ်။ ပြောရရင် COVID ကြောင့် လူတိုင်းနီးပါး Online Shopping လုပ်လာကြချိန်မှာ လူတိုင်းတော့ ရောင်းကောင်းနေကြတာမဟုတ်ပါဘူး။ စီးပွားရေးအကျပ်အတည်းနဲ့ ဝင်ငွေနည်းပါးမှု၊ အသွားအလာကန့်သတ်မှုတွေအကြားမှာ ရောင်းအားကောင်းအောင် ရောင်းနိုင်သူတွေဟာ ဒစ်ဂျစ်တယ်သဘောတရားနားလည်မှု၊ မှန်ကန်တဲ့နည်းလမ်းနဲ့ လက်ခံနိုင်ဖွယ်ဝန်ဆောင်မှုတွေကို အချိုးကျကျ ပေါင်းစပ်နိုင်လို့ဖြစ်ပါတယ်။ ဒီသဘောမျိုးပါပဲ။
ဒစ်ဂျစ်တယ်အစားထိုးမှုတွေဟာ Next Normal မှာ အချိန်၊ လူအင်အားနဲ့ ကုန်ကျစရိတ်တွေကို ထိထိရောက်ရောက်လျှော့ချပေးနိုင်မှာဖြစ်သလို ဒီ့အတွက် သက်ရောက်မှုအဖြစ် အကျိုးအမြတ် ပိုများအောင်လည်း ကူညီနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ပိုကျယ်ပြန့်တဲ့ ဈေးကွက်ဆီကိုလည်း ရှေးရှုနိုင်အောင် ပံ့ပိုးပေးမှာဖြစ်ပါတယ်။
ဒီနေရာမှာ စိန်ခေါ်မှုတွေရှိလာတာကတော့ ဒစ်ဂျစ်တယ် စာတတ်မြောက်မှု ရေချိန်၊ Tools တွေ အပေါ် ကျွမ်းကျင်ပိုင်နိုင်မှုနဲ့ အံဝင်ခွင်ကျ စီမံနိုင်စွမ်းရှိမရှိဆိုတာပါပဲ။ In-app guidance တွေ Real-time support တွေပေးနိုင်သူတွေဟာ ရှေ့ကိုပိုရောက်ပါလိမ့်မယ်။
အရင်လို ထုတ်ကုန်တစ်ခုအတွက် လုပ်အားနဲ့ ဝန်ဆောင်မှုကို အခြေတည်စဉ်းစားတာမျိုးအစား လုပ်အား၊ ဝန်ဆောင်မှုနဲ့ ဒစ်ဂျစ်တယ်ဆိုပြီး ၃ မျိုးပြောင်းလဲ စဉ်းစားနိုင်မှ ရှေ့ကို ခြေလှမ်းနိုင်မှာပါ။ အချိန်ကြာလာလေလေ ဒစ်ဂျစ်တယ်ဖြည့်စွက်နိုင်စွမ်းတွေ၊ ဆော့ဖ်ဝဲစနစ်တွေနဲ့ နည်းပညာပလက်ဖောင်းတွေက အချိုးပိုများများ နေရာယူလေလေဖြစ်လာပါလိမ့်မယ်။ ဟုတ်ပါတယ်၊ ဒီအရွှေ့က Next Normal ပါပဲ။

နတ်ဆေးမဟုတ်သောကြောင့်
Next Normal ဟာ မဖြစ်မနေ ရောက်ရှိလာမယ့် ခေတ်တစ်ခေတ်ဖြစ်ပါတယ်။ အနှေးနဲ့ အမြန်လို့ ဆိုဖို့တောင်ခက်ပါတယ်။ ဘာကြောင့်လဲဆိုရင် ခုတင် ဒီခေတ်ထဲကို ချဉ်းနင်းရောက်ရှိနေပြီဖြစ်တာမို့ပါ။
ဒီနေရာမှာ သိထားဖို့က Next Normal ဟာ လူတိုင်းအတွက်တော့ အကျိုးရှိစေမှာမဟုတ်ပါဘူး။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လာရဖို့ရှိနေပြီး ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ ဝန်ဆောင်မှုတွေကို ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ ပြောင်းလဲချပြနိုင်စွမ်းပေါ်မူတည်ပြီး လူတစ်ဦးချင်းစီအပေါ် သက်ရောက်မှုတွေရှိလာမှာပါ။
ကျွမ်းကျင်မှုအရည်အသွေးတွေကို လိုက်လျောညီထွေပြောင်းလဲနိုင်သူတွေ၊ အိုင်ဒီယာအသစ်အဆန်းရှိသူတွေအတွက် အဆင်ပြေနိုင်ပေမယ့် လှေကြီးထိုးရိုးရိုးသမားတွေ၊ Conservative တွေနဲ့ ရှေးရိုးစွဲသမားတွေအတွက်တော့ အတော်လေးခက်ခဲပါလိမ့်မယ်။
ဒါ့အပြင် လုပ်သားလိုအပ်ချက်နဲ့ အလုပ်အကိုင်အခွင့်အလမ်းလိုအပ်ချက်အရွယ်အစားအပေါ်လည်း သက်ရောက်မှုမြင့်တက်လာမှာပါ။ ကျွမ်းကျင်မှုအသစ်အသစ်တွေကို လက်ခံယူနိုင်စွမ်း အားနည်းသူတွေအတွက်တော့ စိန်ခေါ်မှုက ထင်မှတ်ထားတာထက်ကို ကြီးမားပါလိမ့်မယ်။
တကယ်လို့များ Next Normal ခေတ်မှာ လိုက်လျောညီထွေရှိတဲ့ ဒစ်ဂျစ်တယ်နည်းဗျူဟာမျိုးချမှတ်နိုင်ခြင်းမရှိဘူးဆိုရင် လုပ်ငန်းပဲဖြစ်ဖြစ်၊ အစိုးရပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းပဲဖြစ်ဖြစ် အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဆုံးရှုံးနစ်နာမှုလည်းများပါလိမ့်မယ်။
COVID ကို ခက်ခဲကြမ်းတမ်းစွာဖြတ်ကျော်ခဲ့ကြသူတွေမို့ အပွန်းအပဲ့မခံနိုင်တဲ့ အနေအထားတွေရှိနေမှာဖြစ်ပြီး ဆုံးရှုံးနစ်နာမှုအနည်းငယ်လောက်လေးကို ရင်ဆိုင်ရရင်တောင်မှ ယခင်အတိတ်ကာလတွေကထက် ထိခိုက်မှုအရွယ်အစားက ပိုကြီးပါလိမ့်မယ်။
ခုချိန်ဟာ ကျွန်တော်တို့တွေ Next Normal အတွက် ဘယ်လောက်အဆင်သင့်ဖြစ်နေပြီလဲဆိုတာကို မေးခွန်းထိုင်ထုတ်နေရတော့မယ်အချိန်မဟုတ်ပါဘူး။ Next Normal အတွက် ကိုယ်ပိုင်နည်းဗျူဟာတွေကို ရေးဆွဲနေရတော့မယ်အချိန်ပါ။
ကျွန်တော်တို့တိုင်းပြည်ဟာ နည်းပညာခေတ်သစ်တိုင်းမှာ Technology နောက်ကို ဒရောသောပါနဲ့ မမှီမကမ်းလိုက်ခဲ့ရတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ Next Normal မှာရော ဘယ်လောက်ထိ မှီအောင်လိုက်နိုင်မလဲဆိုတာကတော့ COVID အလွန်ကာလအတွက် အကောင်းဆုံးမေးခွန်းတစ်ခုဖြစ်နေမှာပါ။
မောင်မိုးဇွန်
Vol 16/No.43
၁၄-၂၀၊ ဒီဇင်ဘာ၊ ၂၀၂၀
The Voice Weekly