‘COVID-19 ကူးစက်ခံရတဲ့ အမျိုးသမီးတွေမှာ သွေးကြောတွေက ရောက်ရှိအသက်ထက် ၅ နှစ်လောက် ပိုအိုသွားကြတယ်။ ဒါကြောင့်ပဲ နှလုံးရောဂါ ခံစားရနိုင်ခြေက ပုံမှန် များနေပါတယ်။ လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။’
COVID ဖြစ်ဖူးတဲ့ အမျိုးသမီးတွေရဲ့ သွေးကြောတွေက ရောက်ရှိအသက်ထက် ပိုအိုသွားကြပါတယ်
COVID-19 ရောဂါပိုး ကူးစက်ခံရဖူးတဲ့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ သွေးကြောတွေဟာ ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးကြောင့် ရောက်ရှိနေတဲ့ အသက်ထက် ၅ နှစ်လောက် အိုမင်းသွားကြပါတယ်။ ကိုဗစ်ကို ပြင်းပြင်းထန်ထန် မခံစားခဲ့ရရင်တောင်မှာ ဒီအကျိုးဆက်ကတော့ ခံစားရမှာပဲဖြစ်ပါတယ်။
တကယ်လို့ COVID-19 ကူးစက်ခံရစဉ်က ပြင်းထန်စွာခံစားခဲ့ရပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှု ခံယူခဲ့ရမယ်ဆိုရင်တော့ သွေးကြောတွေက ရောက်ရှိနေတဲ့ အသက်ထက် ၁၀ နှစ်တာလောက်ပိုအိုမင်းသွားကြ တယ်လို့ လေ့လာမှုတစ်ခုရဲ့ ရလဒ်ကို ယခုလ ၁၇ ရက်နေ့က European Heart Journal မှာ ဖော်ပြခဲ့ပါတယ်။
ကိုဗစ်က သွေးကြောတွေအပေါ်မှာ တိုက်ရိုက်သက်ရောက်မှု ရှိနေတာဖြစ်ပြီး ကိုဗစ်ကူးစက်ခံရပြီဆိုရင် သွေးကြောတွေက အရွယ်မတိုင်ခင် အိုမင်းမှုဖြစ်စဉ်ကို တွေ့ကြုံခံစားကြရပါတယ်။ ဒီအခြေအနေကပဲ နှလုံးဆီ သွေးစီးဆင်းရောက်ရှိမှုအပေါ်သက်ရောက်မှုရှိလာပြီး နှလုံးရောဂါ ခံစားရနိုင်ခြေကို ပုံမှန်ထက် မြင့်တက်စေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ကိုဗစ်ကူးစက်ခံရဖူးသူတွေ အနေနဲ့ ကိုဗစ်ရဲ့ ကာလရှည်ကြာ အကျိုးဆက်အနေနဲ့ ရုတ်တရက် နှလုံးရပ်တာနဲ့ လေဖြတ်တာမျိုး မဖြင်္စအောင် နေ့စဉ်နေထိုင်စားသောက်မှုပုံစံကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်၊ လို့ လေ့လာမှုမှာ ပါဝင်ခဲ့တဲ့ သုတေသီ တစ်ဦးက သတိပေးပြောကြားခားပါတယ်။
ကိုဗစ်ကူးစက်ခံရတာက သွေးကြောတွေကို အရွယ်မတိုင်ခင် အိုမင်းတာမျိုး ဖြစ်စေနိုင်တယ်ဆိုပေမယ့် အမျိုးသားတွေမှာတော့ အမျိုးသမီးတွေလောက် သိသိသာသာ ခံစားရတာမျိုး မရှိဘူးလို့လည်း သုတေသန စာတမ်းမှာ ဆိုထားပါတယ်။
လေ့လာမှု အသေးစိတ်
ဒီလေ့လာမှုမှာ နိုင်ငံ ၁၆ နိုင်ငံက လူ ၂,၄၀၀ ကို ၂ နှစ်ကျော်ကြာလေ့လာခဲ့တာဖြစ်ပြီး ရောဂါကို ပြင်းပြင်းထန်ထန် ခံစားခဲံရသူတွေရော၊ နေအိမ်မှာပဲ ကိုယ်တိုင် နားနေဂရုစိုက်ရင်း သက်သာခဲ့သူတွေပါ ပါဝင်ခဲ့တာပါ။ သုတေသီတွေက လေ့လာမှုမှာ ပါဝင်သူတွေရဲ့ သွေးကြောလုပ်ဆောင်ချက်တွေကို သေချာ လေ့လာစောင့်ကြည့် ခဲ့ပါတယ်။
သွေးကြောတွေရဲ့ လုပ်ဆောင်မှုကို carotid-femoral pulse wave velocity (PWV) နဲ့ တိုင်းတာခဲ့တာဖြစ်ပြီး ဒီစစ်ဆေးမှုရဲ့ ရလဒ် ကိန်းဂဏန်း များလေလေ သွေးကြောတွေက တောင့်တင်းနေပြီး အရွယ်အိုမင်းနေလေလေ ဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။
ကိုဗစ်ကူးစက်ခံရသူတွေမှာ ရောဂါ မပြင်းထန်သူရဲ့ စစ်ဆေးမှု ရလဒ်တွေကမှာ PWV က တစ်စက္ကန့်ကို 0.55 meters per secondနှုန်းတိုးနေပြီး နည်းနည်း ပြင်းထန်သူပြီး ကုသမှု ခံယူခဲံရသူ ရဲ့ စစ်ဆေးမှု ရလဒ်ကတော့ PWV က တစ်စက္ကန့်ကို 0.6 meters per secondနှုန်းတိုးနေတာကို တွေ့ရပါတယ်။ အထူးကြပ်မတ်ကုသဆောင်မှု ကုသမှု ခံယူခဲ့ရတဲ့ အမျိုးသမီးတွေမှာတော့ PWV က တစ်စက္ကန့်ကို 0.19 meters per secondနှုန်းတိုးနေတာကို တွေ့ခဲ့ရပါတယ်။
PWV က တစ်စက္ကန့်ကို 0.55 meters per secondနှုန်းတိုးနေတာက သွေးကြောတွေက အသက်အရွယ်ထက် ၅ နှစ်လောက် ပိုအိုမင်းနေတယ်လို့ သဘောသက်ရောက်နေတာပါ။ ဒီလို အမျိုးသမီးတွေမှာ အသက် ၆၀ ကျော်ပြီးတဲ့အခါ နှလုံးရောဂါ ခံစားရနိုင်ခြေက ပုံမှန်ထက် ၃ ရာခိုင်နှုန်း ပိုများနေပါတယ်။
ကိုဗစ်ကူးစက်ခံရပြီးနောက် နာတာရှည်ကိုဗစ်ကြွင်းကျန် လက္ခဏာတွေအနေနဲ့ အသက်ရှူရပြတ်တောင်းတောင်း ဖြစ်တာ၊ မောပန်းနွမ်းနယ်လွယ်တာတွေက သွေးကြောတွေ အရွယ်မတိုင်ခင် အိုမင်းနေပြီဆိုကို ပြသနေတာပါ၊ လို့ သုတေသီတွေက ဆိုကြပါတယ်။
သွေးကြောတွေမှာ ကိုဗစ်ကူးစက်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ ရောင်ရမ်းတာ၊ ပုံမှန်မဟုတ်တဲ့ အနေအထားတွေနဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်း ပျက်ယွင်းသွားပြီး နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးတွေကို ခံစားကြရပါတယ်။
ဒီအချက်အပြင် ကာကွယ်ဆေးထိုးထားပြီး ကိုဗစ်ကူးစက်ခံရသူတွေမှာ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိဘဲ ကိုဗစ် ကူးစက်ခံရသူတွေထက် သွေးကြော မာနိုင်ခြေ၊ တောင့်တင်းနိုင်ခြေ နည်းတာကို တွေ့ခဲ့ရပါတယ်။ ကိုဗစ်က သွေးကြောတွေရဲ့ နံရံမှာရှိနေတဲ့ အရာတွေကို ပြောင်းလဲမှုတွေ ဖြစ်စေတာကြောင့် သွေးကြောတွေကို လုပ်ဆောင်မှု ပျက်ယွင်းတဲ့ အခြေအနေကို ဖြစ်ပေါ်စေပြီး သွေးကြောတွေ အရွယ်မတိုင်ခင် အိုမင်းတာတွေ ဖြစ်ရတာပါ၊ လို့ သုတေသီ တစ်ဦးက ရှင်းပြပါတယ်။
ရောဂါကို တုံ့ပြန်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းမှု၊ ကိုယ်ခံအား တုံ့ပြန်မှုနဲ့ ကူးစက်ရောဂါတွေကို ခုခံတုံ့ပြန်တဲ့ အပေါ်မှာ လိုက်ပြီး သွေးကြောတွေရဲ့ ထိခိုက်မှုကလည်း ကွာခြားနိုင်ပါတယ်။ ကိုယ်ခံအား တုံ့ပြန်မှုက အမျိုးသားတွေ နဲ့ အမျိုးသမီးတွေမှာ မတူညီကြပါဘူး။
အမျိုးသမီးတွေရဲ့ ကိုယ်ခံအားက ရောဂါတစ်ခုခုကို တုံ့ပြန်မှု မြန်ကြပြီး ဒီလို မြန်ဆန်မှုကပဲ ရောဂါပိုး ကူးစက်ခံရချိန်မှာ သွေးကြောတွေ ထိခိုက်နိုင်ခြေကို ပိုများစေတာပါ။
သွေးကြောတွေ အိုမင်းတာက သွေးဖိအားပေါ်မှာရော သွေးတွင်းအဆီပမာဏအပေါ်မှာပါ သက်ရောက်မှု ရှိနေတာပါ။ ဒါကြောင့် ကိုဗစ်ရဲ့ အကျိုးဆက် အရွယ်မတိုင်ခင် သွေးကြောတွေ အိုမင်းမှုကြောင့် နှလုံးထိခိုက်တာမျိုးကို လျှော့ချနိုင်ဖို့ဆိုရင် အာဟာရပြည့်ဝမျှတအောင် စားသုံးပြီး ကိုယ်လက်လှုပ်ရှားမှုတွေကို သေချာလေး လုပ်ဆောင်ဖို့ လိုပါမယ်။
ကိုဗစ်ကူးစက်ခံရတာကြောင့် သွေးကြောတွေ အရွယ်မတိုင်ခင် အိုမင်းသွားကြသူတွေမှာ ရုတ်တရက်နှလုံးရပ်နိုင် ခြေနဲ့ လေဖြတ်နိုင်ခြေရော ပိုများနေမလားဆိုတာကို ဆက်လက်ပြီး လေ့လာမှုတွေ လုပ်ဆောင်ကြည့်ကြဖို့ သုတေသီတွေက စီစဉ်လျက်ရှိပါတယ်။
[Ref: medicinenet: 20; August; 2025]