ဩဇာသီးက စားရတာ အလုပ်များတယ်ဆိုပေမယ့် ဩဇာသီးရဲ့ အရသာက အတော်လေး ထူးခြားသလို သွင်ပြင်ကလည်း ထူးခြားလှပါတယ်။ ဒါတင်မကသေးဘဲ ဩဇာသီးရဲ့ အစေ့ကလည်း ဆံသားကျန်းမာရေး အတွက် ထောက်ကူပေးပါတယ်။ ဒီတစ်ခေါက်မှာတော့ ဩဇာသီးက ကျန်းမာရေးအတွက် ဘယ်လို ကောင်းကျိုးလေးတွေ ရှိလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
ဩဇာသီးမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ!
စားလို့ကောင်းတဲ့ ဩဇာသီးမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့ သံဓာတ်၊ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် B6၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်နဲ့ ဖော့စဖရိတ်တို့ ပါဝင်နေပါတယ်။ ဩဇာသီး တစ်လုံးမှာ ဒီလို အရေးပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။
ဩဇာသီး (Custard Apple) မှာဘယ်လို ကောင်းကျိုးတွေ ပါဝင်နေသလဲ!
စားလို့ကောင်းတဲ့ ဩဇာသီးမှာ အခုလို ကောင်းကျိုးတွေ ရရှိစေနိုင်ပါတယ်။
- ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်
ဩဇာသီးမှာ ကာရိုတီးနွိုက်လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် နေ့စဉ်ထိတွေ့နေတဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် ကင်ဆာဖြစ်နိုင်ခြေ၊ နာတာရှည် ကျန်းမာရေးပြဿနာ ခံစားရနိုင်ခြေနဲ့ ရောင်ရမ်းနိုင်ခြေတွေကို လျှော့ချပေးနိုင်ပါတယ်။
- သွေးတိုးကျစေနိုင်တယ်
ဩဇာသီးမှာ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိရာမှာ ထောက်ကူပေးနိုင်သလို သွေးတိုးကျစေနိုင်ပြီး နှလုံးရောဂါ ခံစားရနိုင်ခြေကိုရော လေဖြတ်နိုင်ခြေကိုပါ လျှော့ချပေးနိုင်ပါတယ်။
- အသည်းကျန်းမာစေနိုင်တယ်
လေ့လာမှုတွေအရ သိရတာက ဩဇာသီးက အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း လုပ်ဆောင်နိုင်ဖို့ထောက်ကူပေးနိုင်သလို ကိုယ်တွင်းအဆီတွေကို ထိန်းညှိပေးပြီး အသည်းကျန်းမာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။
- အူလမ်းကြောင်း ကျန်းမာစေတယ်
ဩဇာသီးမှာ အမျှင်ဓာတ်ပါဝင်နေတာကြောင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေပြီး ဝမ်းချုပ်တာကို သက်သာစေနိုင်သလို လိပ်ခေါင်းဖြစ်တာ၊ အူမကြီး ကင်ဆာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
- ကိုယ်ခံအား ကောင်းစေနိုင်တယ်
ဩဇာသီးက ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်သလို ရောဂါပိုးတွေ ကူးစက်နိုင်ခြေကို အတိုင်းအတာ တစ်ခုအထိ တားဆီးပေးနိုင်ပါတယ်။ ဖျားနာမှု ကင်းစေဖို့ ဩဇာသီးကို စားပေးလို့ ရပါတယ်။
- နှလုံးသွေးကြော ကျန်းမာစေနိုင်တယ်
အမျှင်ဓာတ် ကြွယ်ဝတဲ့ ဩဇာသီးက သွေးတွင်းအဆီတွေကို ကျဆင်းစေနိုင်ပြီး နှလုံးသွေးကြောတွေကိုရော နှလုံးကိုပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ရောင်ရမ်းမှုကို ကျဆင်းစေပြီး နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ဩဇာသီးမှာပါတဲ့ polyphenols ဒြပ်ပေါင်းက နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်
အမျှင်ဓာတ်ကြွယ်ဝတဲ့ ဩဇာသီးက အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေနိုင်သလို သွေးတွင်းသကြားဓာတ် ကို ရုတ်တရက်မြင့်တက်တာမျိုး မဖြစ်စေဖို့ ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချိုရှိမယ်ဆိုရင်တော့ အလွန်အကျွံ မစားဖို့တော့ လိုပါမယ်။
ဘေးထွက်ဆိုးကျိုးတွေ ရှိလား!
ဩဇာသီးက အတန်အသင့်ပဲ စားရင် ကျန်းမာရေးကို ထောက်ကူပေးနိုင်တယ်ဆိုပေမယ့် အများကြီး စားမယ်ဆို ရင်တော့ ကျန်းမာရေး ထိခိုက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ရောဂါအခံ တစ်ခုခု ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားတာမျိုးက အကောင်းဆုံးပါ။
Lotoshinn ရဲ့ စကားလက်ဆောင်
ဩဇာသီးက ကျန်းမာရေးအတွက် ကောင်းကျိုး ရှိတယ်ဆိုပေမယ့် အလွန်အကျွံ မစားဖို့ လိုပါမယ်။ နောက်တစ်ချက်က ဩဇာသီးရဲ့ အစေ့က အဆိပ်အတောက်ရှိတာကြောင့် ဩဇာသီး စားတဲ့အခါ အစေ့ကို မစားဖို့တော့ လိုပါမယ်။