ဖြစ်စဉ် ၁
“ကျွန်တော် ကံစမ်းမဲ ပေါက်တာလား မသိဘူး”
ဘယ်ကမှန်းမသိဘူး။ ဒေါ်လာတစ်သန်း ကံစမ်းမဲပေါက်ကြောင်း အသိပေးစာတွေ မိုဘိုင်းဖုန်းတစ်ချို့ဆီဝင်လာတယ်။ ဝင်လာသမျှ မက်ဆေ့ချ်တိုင်းဟာ အမေရိကန် အော်ပရေတာတွေ၊ လုပ်ငန်းတွေရဲ့ နာမည်တွေနဲ့ဖြစ်ပြီး ပေးထားတဲ့ Link တွေ၊ Mail တွေဟာလည်း အမေရိကန် လိပ်စာတွေနဲ့ဖြစ်နေပါတယ်။
“သင့်ရဲ့ ဖုန်းနံပတ်ဟာ XXX ကုမ္ပဏီရဲ့ နှစ်ပတ်လည် အစီအစဉ်မှာ ကံထူးခဲ့တာမို့ ဒေါ်လာတစ်သန်း ဆုကြေးငွေရရှိမှာဖြစ်ပါတယ်။ အောက်ပါ e-mail ကို သင့်ရဲ့ အမည်၊ အသက်၊ နေရပ်လိပ်စာကို ပေးပို့ပေးပါ” ဆိုတဲ့ မက်ဆေ့ချ်မျိုးတွေဟာ မိုဘိုင်းဖုန်းတွေဆီကို တိုက်ရိုက် ဝင်ရောက်လာနေတာဖြစ်ပြီးတော့ မိုဘိုင်းလ်အော်ပရေတာတွေရဲ့ လုံခြုံရေးပိုင်း တာဝန်ယူမှု၊ တာဝန်ခံမှုကတော့ စိတ်ပျက်စရာဖြစ်ပါတယ်။
ဖြစ်စဉ် ၂
“ညီမကို ကယ်ပါဦးရှင်”
မိန်းကလေးတစ်ယောက်ရဲ့ တိုးလျှိူးရင်ဖွင့်သံ။
အွန်လိုင်းမှာသိတဲ့ နိုင်ငံခြားသားတစ်ယောက်နဲ့ Date ဖြစ်ကြရင်း နှစ်ကိုယ်ကြားရင်းနှီးမှုအရ မသင့်မလျော်ပုံတွေ ပို့မိသွားတဲ့ မိန်းမငယ်လေးပေါ့။ သိပ်မကြာပါဘူး။ ဆရာဝန်လို့ဆိုထားတဲ့ နိုင်ငံခြားသားက အဲ့ဒီပုံတွေကို အွန်လိုင်းပေါ်မတင်စေချင်ရင် ပိုက်ဆံ ပမာဏတစ်ခုပေးရမယ်လို့ တောင်းဆိုလာတာပါပဲ။
မိန်းကလေးခမျာ ဘယ်ကို တိုင်လို့တိုင်ရမယ်မှန်းမသိပဲ နီးစပ်ရာလူတွေကို အကူအညီလိုက်တောင်းရတဲ့အဖြစ်။ Cyber Police တပ်ဖွဲ့ရဲ့ ဖုန်းနံပါတ်ဆီ ခေါ်ဆိုတော့ ဖုန်းပိတ်ထားတယ်တဲ့။ နောက်ဆုံးတော့ Facebook ကို Report တင်တာနဲ့ သူမရဲ့ Account ကို Deactivate လုပ်လိုက်ရတာသာ အဖတ်တင်ခဲ့ပါတယ်။

ဖြစ်စဉ် ၃
“ကျွန်တော် အလကားစားလို့ရလား”
လူတစ်ယောက်ဟာ သူ့ Email ထဲကို အစားအသောက်မှာ ယူလို့ရတဲ့ Application တစ်ကနေ မုန့်မှာယူတဲ့ Noti တွေ မကြာခန ဝင်လာတာကို သတိထားမိလာတယ်။ သူလည်း မမှာပဲနဲ့ပေါ့။
နောက်တော့မှ တခြားလူတစ်ယောက်က သူ့ရဲ့ Email လိပ်စာကို သုံးပြီး အစားအသောက်မှာယူစားသောက်နေတာပါပဲ။ ပိုဆိုးတာက အဲ့မှာစားနေတဲ့လူဟာ ကိုယ်ပိုင် Visa Card ကိုပါ ချိတ်ဆက်ထားသေးတာပါပဲ။ မုန့်မှာစားနေတဲ့လူရဲ့ Digital Literacy အားနည်းချက်က ကြောက်စရာကောင်းလောက်အောင်ကို နည်းပါးလွန်းနေခဲ့တယ်။
စည်းဘောင်မရှိသော ကစားပွဲများ
နည်းပညာကို ထမင်းစားရေသောက် ထိတွေ့ခွင့်ရလာနေတဲ့ မြန်မာပြည်မှာ အပေါ်ကလို ပြဿနာတွေ နေ့စဉ်နဲ့ အမျှ ထောင်ချီပြီး ဖြစ်ပျက်နေပါတယ်။ ဒီလိုဖြစ်ရပ်တွေကို မြင်တွေ့ရလို့၊ ကြုံဆုံရလို့ အဖြေထုတ်ဖို့ တိုင်ကြားဖို့၊ ဖြေရှင်းပေးဖို့အတွက် တစ်ခုခုလုပ်တော့မယ်လို့ တွေးလိုက်မိရင်တော့ အရာရာဟာ ဦးတည်ချက်မဲ့သွားတော့တာပါပဲ။
ခုချိန်မှာ လူဘယ်နှစ်ယောက်ရဲ့ ဆင်းမ်ကတ်တွေ ကူးယူခံထားရလဲ ဘယ်သူမှ မသိနိုင်ဘူး။ Phishing/spam တွေ ကိုယ့်ဆီရောက်လာနေတယ်ဆိုရင် ဖြေရှင်းခိုင်းရမယ့်သူက ဘယ်သူလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိနိုင်ဘူး။ နောက်ဆုံး လူတိုင်းနီးပါး ဆိုရှယ်မီဒီယာ အသုံးပြုနေကြတဲ့ ခေတ်ထဲမှာ Online Abuse အလုပ်ခံရရင်၊ Cyber Crime ကျူးလွန်ခံရရင် ဘယ်ကိုတိုင်ရမလဲဆိုတာလဲ လူတွေမသိကြဘူး၊ တိုင်စရာလဲ ရှာမရဘူး။ တစ်ချို့ဆို Abuse အလုပ်ခံနေရပေမယ့် ကူညီနိုင်သူမရှိလို့ ကိုယ်ကပဲ အဆုံးရှုံး အထိခိုက် ခံလိုက်ရတာတွေ ရှိနေသေးတယ်။
ဒါတွေအားလုံးအတွက် ရေရာတိကျတဲ့ အဖြေ တစ်ခုကတော့ ကင်းမဲ့လို့နေတယ်။ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ မြန်မာ့ဒစ်ဂျစ်တယ်ရေစီးဟာ အရှိန်အဟုန်နဲ့ တိုးတက်လာနေတယ်ဆိုပေမယ့် ဒစ်ဂျစ်တယ် အသိပညာ၊ အစိုးရဦးဆောင်တဲ့ ရှင်းလင်းတိကျတဲ့ မူဝါဒ၊ ဥပဒေရေးရာ အကာအကွယ်တွေ လိုအပ်နေတာကို ယခုထက်တိုင် ရှင်းလင်းမြင်သာစွာ တွေ့မြင်နေဆဲ။
ဒီ ၃ ချက်ဟာ အခြေခံအကျဆုံး အချက်တွေဖြစ်ပြီးတော့ ဒါတွေကို ခိုင်မာအားကောင်းအောင် မဖြည့်ဆည်းနိုင်ရင် ရေရှည်မှာ ပြဿနာတွေကို ဖြေရှင်းဖို့၊ ကိုင်တွယ်ဖို့၊ အသိပညာပေးဖို့ ခက်ခဲနေဦးမှာဖြစ်တယ်။

တက်မြောက်ဖို့ ခက်နေဆဲ ဒစ်ဂျစ်တယ် သင်ပုန်းကြီး
နံပါတ် ၁ အချက်ဖြစ်တဲ့ Digital Literacy မြှင့်တင်ရေး ဟာ လူထုဆီကို ဒစ်ဂျစ်တယ် နည်းပညာအသုံးပြုမှုနဲ့ သက်ဆိုင်တဲ့ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ၊ ဆောင်ရန် ရှောင်ရန် နည်းနာနိဿယတွေကို မျှဝေပေးထားရရမယ့် လုပ်ငန်းစဉ်ပါ။ ဒစ်ဂျစ်တယ် စာတတ်မြောက်မှု (Digital Literacy) ဆိုတာက ဒစ်ဂျစ်တယ်ခေတ်ရဲ့ အကြီးမားဆုံး စည်းဘောင်ဆိုလဲဟုတ်၊ အထိမ်းအကွပ်ဆိုလဲ ဟုတ်တဲ့အရာ။
Digital Literacy ဟာ နည်းပညာကို လူတွေ ယျထာဘူတကျကျ အသုံးပြုနိုင်ဖို့၊ နားလည်နိုင်ဖို့၊ ချင့်ချိန်နိုင်ဖို့လိုအပ်တဲ့ အခြေခံ အသိဉာဏ်ပါပဲ။ ဒီအခြေခံသိနားလည်မှုလေး မရှိပဲနဲ့ ဘယ်လို နည်းပညာပစ္စည်းကို၊ ပလက်ဖောင်းကို၊ အက်ပလီကေးရှင်းကိုပဲ သုံးနေပါစေ၊ နည်းပညာသုံးတယ်လို့ မမည်နိုင်ပါဘူး။
ဒါပေမယ့် လူမှုကွန်ယက်ကို ထမင်းစားရေသောက် အသုံးပြုနေကြတဲ့ မြန်မာတွေနဲ့ အင်မတန်မှ အလှမ်းဝေးလွန်းလှတဲ့ စကားစုတစ်ခုလည်း ဖြစ်နေပြန်တယ်မဟုတ်လား။ ဒါကြောင့် တိုင်းပြည်မှာရှိတဲ့ လူတွေရဲ့ ဒစ်ဂျစ်တယ်အသိဉာဏ်ရေချိန်ကို ဆွဲတင်ဖို့ အချိန်တန်နေပြီလို့ ဆိုနေတာပါ။
Cyber Law ဘယ်မှာလဲ
နောက်ထပ် အရေးတစ်ကြီး လိုအပ်ချက်ကတော့ Cyber Crime Law လိုအပ်ချက်ပါပဲ။ မြန်မာပြည်မှာက Cyber Law လို့ ဆိုလိုက်ရင် တစ်ချိန်က လက်စောင်းထက်ခဲ့ဖူးတဲ့ အင်တာနက်အသုံးပြုမှုဥပဒေ သို့မဟုတ် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြေးပြေးမြင်တတ်ကြတယ်။ ရွှေဝါရောင် အရေးအခင်းမှာ အသုံးချခံခဲ့ရတဲ့ ဒီဥပဒေကြောင့်လည်း မြန်မာတွေက Cybe Law ဆိုတာကို ဖိနှိပ်ချုပ်ခြယ်ရေး ယန္တရားရဲ့ လက်တံတစ်ခုအသွင် ရှုမြင်ကုန်တာ။
ဒါပေမယ့် ဒီနေ့ ဒီအချိန်မှာတော့ Cyber Law တွေဟာ မရှိမဖြစ်ကို လိုအပ်နေပါတယ်။ ဗြိတိန်နိုင်ငံကို ဥပမာပေးရရင် သူတို့ဟာ ၂၀၁၉ ခုနှစ် အစောပိုင်းမှာ ကမ္ဘာပေါ်မှာ ခေတ်အမှီဆုံးလို့ ဆိုနိုင်တဲ့ အွန်လိုင်းလုံခြုံရေးဥပဒေကို စတင်ပြဌာန်းတယ်။ ဗြိတိန်ဟာ ၁၉၉၀ ခုနှစ်ကပြဌာန်းခဲ့တဲ့ Computer Misuse Act ကနေစတင်ပြီး Cyber Crime Law တွေကို ခေတ်ရဲ့ လိုအပ်ချက်အလိုက် တစ်ခုပြီးတစ်ခု ထပ်တိုးပြဌာန်းလာနေတာ။
ခုနောက်ဆုံးပြဌာန်းလိုက်တဲ့ ဥပဒေအရဆိုရင် အွန်လိုင်းအသုံးပြုမှုမှာ လုံခြုံစိတ်ချမှုရှိစေဖို့ ရည်မှန်းချက်ထားတယ်။ ဆိုလိုချင်တာက ကမ္ဘာပေါ်မှာ ဗြိတိန်မှာ အင်တာနက်သုံးရင် အလုံခြုံဆုံးဖြစ်စေရမယ်ပေါ့။ ဒီဥပဒေမှာ အဓိက အချက် ၃ ချက်ပါတယ်။
ဖြစ်လာသမျှ ပြဿနာတွေ၊ အမှုအခင်းတွေကို တာဝန်ယူဖြေရှင်းဖို့ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုထားတယ်၊ လူမှုကွန်ယက် ကုမ္ပဏီတွေဟာ ဗြိတိန်မှာ ဖြစ်သမျှ သူတို့ပလက်ဖောင်းနဲ့ ပတ်သက်တဲ့ ပြဿနာတိုင်းကို တာဝန်ယူဖို့ ကတိခံရမယ်၊ ပြဿနာတစ်စုံတစ်ရာဖြစ်တာနဲ့ ကြီးလေးတဲ့ ဒါဏ်ကြေးပေးဆောင်ရမယ်၊ ဒီဥပဒေဟာ အင်တာနက်လုံခြုံရေးနဲ့ပတ်သက်လာရင် ကမ္ဘာ့စံနှုန်းဖြစ်လာစေရမယ်။ ဒီ ၃ ချက်ပေါ့။
မြန်မာပြည်ဘက် ပြန်လှည့်ရအောင် ခုချိန်ထိ ပြည်တွင်းမှာ ဆက်သွယ်ရေး၊ နည်းပညာနဲ့ သက်ဆိုင်တာတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်လာရင် အားကိုးအားထားပြုစရာ ဥပဒေဆိုလို့ ဆက်သွယ်ရေး ဥပဒေတစ်ခုပဲရှိတယ်။ ကဏ္ဍတစ်ခုလုံးကို ခြုံငုံရေးသားထားတဲ့ ဥပဒေမှာ အားနည်းချက်တွေ မပြည့်စုံမှုတွေ အများကြီး။ ဒါကြောင့် နည်းဥပဒေအမျိုးမျိုးဆက်လက်ဖန်တီးပြီး ဖြည့်ဆည်းနိုင်အောင် လုပ်ရတယ်။ ဒါပေမယ့်ဆက်သွယ်ရေးဆိုတဲ့ ကဏ္ဍ တစ်ခုတည်းမှာတင် နည်းဥပဒေနဲ့ Cover မလုပ်နိုင်တဲ့ နယ်ပယ်တွေရှိနေတယ်။ သီးခြားဥပဒေတွေ ပြဌာန်းပြီး ကိုင်တွယ်ဖို့ လိုအပ်နေတာမျိုးတွေပေါ့။
Cyber Crime Law လို၊ Data Privacy Law လို ဥပဒေမျိုးတွေလိုအပ်တယ်။ ဒါပေမယ့် မရှိသေးဘူး။ ပြဿနာတိုင်းကို ၆၆ (ဃ) နဲ့ ဖြေရှင်းနေလို့မရနိုင်ဘူး။ ဒါကြောင့် Cyber Crime တွေကို ထိမ်းချုပ်နိုင်ဖို့ဆိုရင် ထိရောက်ပြီး နစ်နာသူတွေကို အမှန်တကယ် အကာအကွယ်ပြုနိုင်မယ့် ဥပဒေတွေ၊ နည်းဥပဒေတွေ အများအပြားလိုအပ်နေသေးတယ်။
အွန်လိုင်းပေါ်မှာ သတင်းတုဖြန့်ချိမှုတွေ၊ မူပိုင်ခွင့် ခိုးယူမှုတွေ၊ ရည်ရွယ်ချက်ရှိရှိ ဂုဏ်သိက္ခာပျက်စီးစေမှုတွေ၊ အွန်လိုင်းအကြမ်းဖက်မှုတွေ၊ လိင်အမြတ်ထုတ်မှုတွေ၊ အရှက်ရစေတာတွေ၊ နောက်ယောင်ခံတာတွေ၊ လွတ်လပ်စွာပြောဆိုခွင့်ကို ထိပါးနေတာတွေ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတာတွေ အများကြီးရှိနေပါတယ်။
ဒီပြဿနာတွေအားလုံးကို ၆၆ (ဃ) တစ်ခုတည်းနဲ့ ဖြေရှင်းလို့ရနိုင်မယ်လို့ တကယ်ယုံကြည်လို့ရရဲ့လားလို့ လူတွေကို လိုက်မေးကြည့်ရင် ဘယ်လိုဖြေဆိုကြမယ်ထင်သလဲ။

အကွပ်မဲ့ကြမ်း မူဝါဒ
နောက်ဆုံးတစ်ချက်ဖြစ်တဲ့ မူဝါဒကတော့ ရှင်းပါတယ်။ ဘာမှ ရေရေရာရာမရှိသေးတာပါပဲ။ Myanmar Center for Responsible Business ရဲ့ အစီရင်ခံစာအရ မြန်မာ့ အင်တာနက် လုံခြုံရေးမူဝါဒ တိုးတက်ဖြစ်ထွန်းလာဖို့အတွက် လိုအပ်ချက် ၆ ခု ရှိတယ်လို့ ဆိုထားတယ်။ အဲ့ဒီထဲမှာ တိုင်းပြည်နဲ့ လိုက်လျောညီထွေမှုရှိတဲ့ Data Protection Law ပြဌာန်းဖို့နဲ့ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့ ဖွဲ့စည်းဖို့ ဆိုတဲ့ အချက်တွေပါဝင်နေပါတယ်။
ဒီအချက်တွေကို ခြုံငုံနိုင်တဲ့ မူဝါဒမျိုး ပေါ်ပေါက်လာမှသာ ပြည်တွင်း အင်တာနက် နယ်ပယ်နဲ့ သက်ဆိုင်တဲ့ တခြားသော လိုအပ်ချက်တွေ၊ အကာအကွယ်တွေ၊ အစီအမံတွေကို ဆက်တိုက်ဆိုသလို ဖြည့်ဆည်းလို့ရမှာပါ။ တိကျရရာပြီး ပြတ်သားတဲ့ မူဝါဒမျိုးမရှိတဲ့အခါ အရာအားလုံးဟာ ယုန်တောင်ပြေး ခွေးမြောက်လိုက် အခြေအနေသာဖြစ်နေမှာပါ။
ခုလို ပြည်တွင်းမှာ Cyber Crime တွေ တိုးပွားလာနေချိန်မှာ ဘယ်လို ဖြေရှင်းရမယ်မှန်းမသိတာတွေ၊ ဘယ်သူ့ကို အကူအညီတောင်းခံရမယ်မှန်းမသိတာတွေဟာ ထိပ်ဆုံးအကျဆုံး မူဝါဒပိုင်းအားနည်းချက်ကနေ စတင်လာတဲ့ ပြဿနာဖြစ်ပါတယ်။ တိကျတဲ့ မူဝါဒမရှိတဲ့အခါ အကာအကွယ် အစီအမံတွေ မရှိတော့သလို၊ ကာကွယ်ပေးဖို့ တာဝန်ခံမယ်သူတွေကိုလည်း ရှာဖွေရခက်လာတော့တာပါပဲ။
မိမိကိုယ်သာ ကိုးကွယ်ရာ
ဂေါတမဗုဒ္ဓမြတ်စွာက ဟောဖော်ညွှန်ပြ ဆိုဆုံးမခဲ့ဖူးပါတယ်။ မိမိကိုယ်သာ ကိုးကွယ်ရာတဲ့။ မြန်မာပြည်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်နဲ့ အင်တာနက် လုံခြုံရေး အခြေအနေကလည်း ဒီအတိုင်းဖြစ်နေတာပါ။ ကိုယ့်ကိုယ်ကိုယ် အားကိုး၊ ကိုယ်ကိုယ်ကိုယ် ကိုးကွယ်ပြီး နေရတော့မယ်ပုံပါပဲ။ မဟုတ်ရင်တော့ ခုချိန်မှာ ပြဿနာတစ်စုံတစ်ရာရှိလာရင် ဖြေရှင်းနည်းရှာရတာက ပြဿနာထက် ပိုရှုပ်ထွေးနေမှာ မလွဲပါပဲ။
လက်ရှိမြန်မာပြည်မှာ လူသုံးများနေတဲ့ ဆိုရှယ်မီဒီယာတစ်ခုတည်းကိုပဲ ကြည့်ပါ။ လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်မှုတွေ၊ အမုန်းစကားပြောဆိုမှုတွေ၊ လိင်ပိုင်းဆိုင်ရာနဲ့ ဆက်နွယ်နေတဲ့ အမှုအခင်းတွေ၊ ငွေကြေးလိမ်လည်မှုတွေ၊ အွန်လိုင်းလောင်းကစားမှုတွေ၊ သတင်းတု သတင်းမှားတွေ တင်းကြမ်းပြည့်ပါပဲ။
ဒီလိုအခြေအနေတွေကို လူတိုင်းနည်းပါးက ကိုယ့်မှာရှိတဲ့ ဒစ်ဂျစ်တယ် အသိဉာဏ်လေး တစ်ထွာတစ်မိုက်နဲ့ ဉာဏ်ရှိသလို ရှောင်ကွင်းနေကြရတာပါ။ ဒါကြောင့်လဲ မတော်တဆ အမှား ကျူးလွန်မိသူတွေ၊ မထင်မှတ်ပဲ လှည့်စားခံလိုက်ရသူတွေ တနေ့တစ်ခြား ပိုပိုတိုးပွားလာနေတာပေါ့။
ယျေဘုယျအားဖြင့် နည်းပညာက အရှိန်နဲ့ တိုးတက်နေရင် ကောင်းကျိုးတွေကိုလည်း တူညီတဲ့အရှိန်အဟုန်နဲ့ ခံစားရမှာဖြစ်လို ဘေးထွက်ဆိုးကျိုးတွေကိုလည်း ထိုနည်းလည်းကောင်း ရင်ဆိုင်ရမှာပါ။ ဒါကြောင့်လည်း နိုင်ငံတကာမှာတော့ တိုးတက်လာတဲ့ နည်းပညာတွေနဲ့အပြိုင် စည်းမျဉ်းတွေ ဥပဒေတွေထုတ်ပြီး နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ ကြိုးပမ်းလာကြတာပါ။
မြန်မာပြည်ဟာ အရှိန်မြင့်မားတဲ့ ဒစ်ဂျစ်တယ်လှိုင်းလုံးကို စီးပြီး ခရီးနှင်နေပြီဖြစ်ပေမယ့် ထိမ်းမဲ့ကွပ်မဲ့ ဥပဒေဆိုတဲ့ တက်မမရှိသလို လေဒါဏ်မိုးဒါဏ်ကို ကာကွယ်ပေးမယ့် အာဏာပိုင်အဖွဲ့အစည်းဆိုတဲ့ အကာအကွယ်လည်းမဲ့နေတယ်လို့ ဆိုရပါလိမ့်မယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။
ကွန်တန့်ထိမ်းချုပ်မှု စည်းမျဉ်း (Content Regulation) မရှိဘူး၊ ဆမ်းမ်ကတ်မှတ် ပုံတင်ရေး (SIM Registration) လုပ်ငန်းစဉ်တွေ လုပ်နေပြီဆိုပေမယ့် အဆင်မပြေမှုတွေ ရှိနေဆဲ၊ လူတစ်ဦးချင်းရဲ့ ဒစ်ဂျစ်တယ် စာတတ်မြောက်မှု (Digital Literacy) ကို မြှင့်တင်ဖို့လည်း မလုပ်နိုင်သေးတဲ့အချိန်မှာ ကိုယ့်အားကိုယ်ကိုးပြီး အွန်လိုင်းပေါ်မှာ အမှားမကျူးလွန်မိအောင်နေထိုင်တာကသာ အကောင်းဆုံးပါပဲ။
မောင်မိုးဇွန်
The Voice Weekly
Vol.16/ No.18
၂၀၊ ဇွန်၊ ၂၀၂၀