ခါးနာစေနိုင်တဲ့ နေ့စဉ် အလေ့အထ အလွဲလေးများ

ခါးနာစေနိုင်တဲ့ နေ့စဉ် အလေ့အထ အလွဲလေးများ
ခါးနာစေနိုင်တဲ့ နေ့စဉ် အလေ့အထ အလွဲလေးများ

ခါးနာလိုက်တာဆိုတဲ့ စကားလုံးက အခုနောက်ပိုင်းမှာ လူကြီးပိုင်းတွေနဲ့ပဲ သက်ဆိုင်တာမျိုး မဟုတ်တော့ဘဲ လူလတ်ပိုင်းတွေမှာပါ ခါးနာတာကို တော်တော်လေး အတွေ့ရများလာပါတယ်။ ဒါကလည်း နေ့စဉ်နေထိုင်မှု ပုံစံတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ခါးနာစေနိုင်တဲ့ နေ့စဉ် အလေ့အထ အလွဲလေးများကို သိရှိ ဆင်ခြင်နိုင်စေဖို့အတွက် မျှဝေပေးလိုက်ပါတယ်။ 

ခါးနာစေနိုင်တဲ့ နေ့စဉ် အလေ့အထ အလွဲလေးများ

ခါးနာတာက အတော်လေး ခံရခက်သလို အရမ်းပြင်းထန်မယ်ဆိုရင်တော့ ခါးနာတာက နေ့စဉ်ဘဝမှာ အတော်ကို အနှောင့်အယှက်ဖြစ်စေတာ အမှန်ပါ။ ဒီလိုမျိုး အလုပ်ပျက်ပြီး နေရခက်စေတဲ့ ခါးနာကို ဖြစ်စေနိုင်တဲ့ နေ့စဉ် လုပ်ဆောင်မိနေတဲ့ အလေ့အထတွေကတော့ – 

  • အထိုင်များတာ

အထိုင်များတာက ကိုယ်လက်လှုပ်ရှားမှု နည်းစေပြီး ခါးနာတာကို ဖြစ်စေနိုင်ပါတယ်။ အထိုင်များတဲ့ နေ့စဉ်နေထိုင်မှု ဘဝပုံစံက နာတာရှည် ခါးနာတာကို ဖြစ်စေနိုင်ပါတယ်။ 

  • ကိုယ်နေဟန်ထား မမှန်တာ

ထိုင်နေချိန်မှာပဲ ဖြစ်ဖြစ် မတ်တတ်ရပ်နေချိန်မှာပဲဖြစ်ဖြစ် ကိုယ်နေဟန်ထား မမှန်တာက ခါးနာတာကို ဖြစ်စေပြီး အမြဲလိုလို ကိုယ်နေဟန်ထား မမှန်တာမျိုး ဖြစ်မယ်ဆိုရင်တော့ နာတာရှည် ခါးနာတာကို ဖြစ်စေနိုင်ပါတယ်။ 

  • ကိုယ်အလေးချိန် များနေတာ

ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေတာ၊ အဝလွန်နေတာကလည်း ခါးနာတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိဖို့ လိုပါမယ်။

  • လေးလံတဲ့ အိတ်တွေသယ်တာ

လေးလံတဲ့ ကျောပိုးအိတ် အပါအဝင် လေးလံတဲ့ အိတ်တွေကို အမြဲလိုလို သယ်နေတဲ့သူတွေမှာလည်း ခါးနာတာကို ခံစားရနိုင်ပါတယ်။ 

  • ကျန်းမာရေးနဲ့ မညီညွတ်တာတွေ စားတာ

နေ့စဉ်စားသုံးမှုတွေထဲမှာ ပြုပြင်ထားတဲ့ အစားအစာတွေ၊ သကြားတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေ ပါဝင်မှု များနေတာကလည်း ကိုယ်တွင်းမှာ ရောင်ရမ်းမှုတွေကို ဖြစ်စေပြီး ခါးနာတာကို ဖြစ်စေနိုင်ပါတယ်။ 

  • ကိုယ်လက်လှုပ်ရှားမှု မရှိတာ

နေ့စဉ်တိုင်းမှာ ထိုက်သင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိတာကလည်း အကြောတွေ ကြွက်သားတွေကို တောင့်တင်းစေပြီး ခါးနာတာ အပါအဝင် ကြွက်သားနာတာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ 

  • အလေးအပင် မတာ

အလေးအပင်တွေ မတဲ့အခါ ကိုယ်နေဟန်ထား မှန်မှန်နဲ့ မမတာကလည်း ခါးကြောမျက်တာ အပါအဝင် ခါးနာတာကို ဖြစ်စေနိုင်ပါတယ်။ 

  • စိတ်ဖိစီးမှု များတာ

အမြဲလိုလို စိတ်ဖိစီးမှုများတာက ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာ အပေါ်မှာပါ သက်ရောက်မှု ဖြစ်စေပြီး ခါးနာတာကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးတာက နာတာရှည် နာကျင်ကိုက်ခဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။

  • ဆေးလိပ်သောက်တာ

ဆေးလိပ်သောက်တာက ကျောရိုးဆီကို အာဟာရရောက်ရှိမှု နည်းစေပြီး အရိုးပွတာ၊ အရိုးဆစ်ပြားတွေ ထိခိုက်တာကို ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေကပဲ ခါးနာတာကို ဖြစ်စေနိုင်ပါတယ်။ 

Lotoshinn ရဲ့ စကားလက်ဆောင်

ခါးနာတာက အတော်လေး နေရခက်စေပြီး စိတ်ပင်ပန်းစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်တိုင်းမှာ အာဟာရ ပြည့်ဝမျှတအောင် စားသုံးတာ၊ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်တာ၊ ဆေးလိပ်ဖြတ်တာ၊ အရက်ဖြတ်တာတွေ လုပ်ပြီး အထိုင်များတာကိုလည်း လျှော့ချပြီး ခါးနာတာတွေ မဖြစ်အောင် ကာကွယ်လိုက်ပါ။ 

 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *