ဒီအပြုအမူလေးတွေက သွေးတိုးစေနိုင်သတဲ့ ……

ဒီအပြုအမူလေးတွေက သွေးတိုးစေနိုင်သတဲ့ ……
ဒီအပြုအမူလေးတွေက သွေးတိုးစေနိုင်သတဲ့ ……

သွေးတိုးတယ်၊ သွေးတိုးတယ်ဆိုတဲ့စကားက အခုနောက်ပိုင်းကာလတွေမှာ လူကြီးတွေနဲ့ပဲ သက်ဆိုင်တော့တဲ့ ကျန်းမာရေးဝေါဟာရ တစ်ခုမဟုတ်တော့ဘဲ အသက် ၂၅ ကျော်ကျော် ၃၀ ဝန်းကျင် လူလတ်ပိုင်းတွေနဲ့ပါ သက်ဆိုင်လာတဲ့ ကျန်းမာရေးပြဿနာ တစ်ခုဖြစ်လာနေပါတယ်။ သွေးတိုးတယ်ဆိုတာက တော်တော်များများ သိထားသလို အငန်တွေ အစားများလို့ တစ်ခုတည်းကြောင့် ဖြစ်တာမျိုး မဟုတ်ပါဘူး။ အချို့သော နေထိုင်စားသောက်မှုပုံစံတွေကြောင့်လည်း သွေးတိုးတာကို ခံစားကြရတာပါ။ 

ဒါကြောင့် သွေးတိုးရောဂါရှိတဲ့သူတွေအနေနဲ့ နေ့စဉ်နေထိုင်စားသောက်မှုပုံစံနဲ့ အပြုအမူတွေကိုပါ ဂရုစိုက်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။ 

သွေးတိုးဆိုတာ စိုးရိမ်ရတဲ့ ကျန်းမာရေးပြဿနာလား! 

သွေးတိုးတယ်ဆိုတာက နာတာရှည် ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး သေချာဂရုစိုက်တာမျိုး မရှိဘူးဆိုရင် အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ သွေးတိုးတာက နာတာရှည်ကျန်းမာရေးပြဿနာ တစ်ရပ်ဖြစ်တာကြောင့် နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်မှုတွေနဲ့ ရောဂါတွေ ဖြစ်မလာစေဖို့ဆိုရင် နေ့စဉ်ဘ​ဝရဲ့ နေထိုင်စားသောက်မှုပုံစံတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

သွေးတိုးတာက သေချာလေး ဂရုမစိုက်ဘူးဆိုရင် နောက်ပိုင်းမှာ နှလုံး၊ ကျောက်ကပ်တို့လိုမျိုး အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ 

ဒီအပြုအမူလေးတွေက သွေးတိုးစေနိုင်သတဲ့ ……

နေ့စဉ်တိုင်းမှာ လုပ်ဆောင်မိနေတဲ့ အချို့သော အလေ့အထလေးတွေက သွေးတိုးစေနိုင်ပါတယ်နော်။ ဘယ်လို အလေ့အထလေးတွေလည်းဆိုတော့ – 

  • သကြားအစားများတာ

အချိုစားတာ၊ သကြားစားတာက သွေးတွင်းသကြားဓာတ်ကိုပဲ မြင့်တက်စေတယ်လို့ ယူဆစရာရှိပါတယ်။ တကယ်ကတော့ သကြားအပါအဝင် အချိုများတာတွေကို စားတာက သွေးချိုကိုရော သွေးပေါင်ချိန်ကိုပါ မြင့်တက်စေနိုင်ပါတယ်။ 

  • အိပ်ဟောက်အသက်ရှူရပ် ပြဿနာခံစားနေရတာ

အိပ်စက်နေချိန်မှာ အိပ်ရေးဝဝအိပ်ပျော်စေဖို့ ခက်သလို ပြည့်ဝလုံလောက်တဲ့ အိပ်စက်မှု ရရှိစေဖို့ရာမှာ အဟန့်အတား ဖြစ်စေနိုင်တဲ့ အိပ်ဟောက်အသက်ရှူရပ် ကျန်းမာရေးပြဿနာကို ခံစားနေရမယ်ဆိုရင်လည်း ကိုယ်တွင်းမှာ အောက်ဆီဂျင်ပမာဏနည်းပြီး နှလုံးသွေးကြောစနစ်ကို ဝန်ပိစေသလို ကော်တီစော ဟော်မုန်းတွေကို ထွက်ရှိစေနိုင်တာကြောင့် စိတ်ဖိစီးမှုမြင့်တက်စေပြီး သွေးတိုးစေနိုင်ပါတယ်။ 

  • စိတ်ကျရောဂါ သက်သာစေတဲ့ ဆေးတွေ သောက်သုံးနေရတာ

စိတ်ကျန်းမာရေး အခြေအနေတစ်ရပ်ရပ်ကြောင့် စိတ်ကျတာကို သက်သာစေနိုင်တဲ့ ဆေးတွေကို သောက်သုံးနေရမယ်ဆိုရင်လည်း ဆေးရဲ့ ရေရှည် ဘေးထွက်ဆိုးကျိုးအနေနဲ့ သွေးတိုးတာကို ဖြစ်စေနိုင်လို့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သေချာ ဆေးညွှန်းမှန်မှန်သောက်ဖို့ လိုပါမယ်။

  • စကားများများ ပြောတာ

ကိုယ်ရဲ့ အတွေ့အကြုံတွေ စိတ်ခံစားမှုတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ခဏခဏ ပြောပြနေတာမျိုး စိတ်ခံစားမှုအပေါ် သက်ရောက်နေတဲ့ အကြောင်းအရာတွေကို များများပြောရတာက စိတ်ခံစားမှုကြောင့် သွေးတိုးတာကို ဖြစ်စေနိုင်ပါတယ်။ ဒေါသဖြစ်စေတဲ့ အကြောင်းအရာတွေနဲ့ စိတ်မကောင်းဖြစ်ဖွယ်ရာ အကြောင်းအရာတွေကို အများကြီး ပြောပြမိတာမျိုးဆိုရင် သွေးတိုးနိုင်ခြေက တော်တော်လေးကို များမှာပါ။ 

  • ရေလုံလုံလောက်လောက် မသောက်တာ

ရေလုံလောက်စွာ မသောက်မိတဲ့အခါ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်တဲ့အခါ သွေးကြောတွေကို ကျဉ်းမြောင်းစေပြီး နှလုံးဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းစေသလို သွေးပေါင်ချိန်ကိုလည်း မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးတာကို ခံစားရနိုင်ခြေ လျှော့ချဖို့ဆိုရင် နေ့စဉ်တိုင်းမှာ ရေလုံလော်ကအောင် သောက်ဖို့ လိုပါမယ်။

  • နှာစေးနှာပိတ် သက်သာစေတဲ့ဆေးတွေ သောက်တာ

နှာစေးပျောက်တဲ့ ဆေးတွေ သောက်တာက နှာစေးတာကို သိသိသာသာ သက်သာစေနိုင်တယ်ဆိုပေမယ့် ရေရှည်သောက်သုံးတာ ဆေးညွှန်းထက်ကို ကျော်လွန်သောက်သုံးတာမျိုးတွေ လုပ်မယ်ဆိုရင် သွေးကြောတွေကို ကျဉ်းမြောင်းစေပြီး နှလုံးဆီ သွေးစီးဆင်းရောက်ရှိမှု နည်းစေမှာ ဖြစ်သလို သွေးတိုးတာကို ခံစားရမှာပါ။

  • ကိုယ်တွင်းမှာ ပိုတက်ဆီယမ် နည်းတာ

ကိုယ်တွင်းမှာ ပိုတက်ဆီယမ်ပမာဏ ပုံမှန်ထက် နည်းတာက ခန္ဓာကိုယ်ရဲ့ ဆိုဒီယမ်ပမာဏကိုပါ ဟန်ချက်ပျက်စေပြီး ကျောက်ကပ်မှာ ရေဝင်တာလိုမျိုး ကျန်းမာအခြေအနေတွေကို ခံစားရနိုင်သလို သွေးတိုးတာကိုလည်း ခံစားရစေမှာပါ။ ဒါကြောင့် နေ့စဉ်တိုင်းမှာ ပိုတက်ဆီယမ် ရရှိနိုင်မယ့် ငှက်ပျောသီး၊ ဟင်းနုနွယ်၊ ပဲတီစိမ်းစတာတွေကို စားပေးဖို့ လိုပါမယ်။ 

  • ပြင်းထန်တဲ့ နာကျင်မှုကို ခံစားနေရတာ

ပြင်းထန်တဲ့ နာကျင်မှုတွေကို ခံစားနေရတာကလည်း သွေးပေါင်ချိန်ကို မြင့်တက်စေပြီး သွေးတိုးရောဂါအခံ ရှိသူတွေမှာ သွေးတိုးတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် ထိခိုက်နာကျင် တာမျိုး မဖြစ်စေဖို့လည်း သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

  • အထိုင်များတာ

အထိုင်များတာက ကိုယ်အလေးချိန်ကိုတင် တိုးစေတာ မဟုတ်ဘဲ အာရုံကြောစနစ်ကို ထိခိုက်စေနိုင်သလို သွေးကြောတွေရဲ့ ကျန်းမာရေးကိုလည်း အားနည်းစေနိုင်ပါတယ်။ သွေးကြောလေးတွေ မကျန်းမာတာက ရေရှည်မှာ သွေးတိုးတာကို ပိုဆိုးစေပါတင်္ယ။ 

  • အိပ်ရေးပျက်တာ များတာ

ညစဉ်တိုင်းမှာ ပုံမှန် အိပ်ချိန် ၇ နာရီထက်နည်းနေတာ၊ ညဘက်တွေမှာ ကောင်းကောက်း အိပ်မပျော်တာက သွေးတိုးတာကို ပိုဆိုးစေနိုင်သလို သွေးတိုးရောဂါ ခံစားရနိုင်ခြေကိုလည်း မြင့်တက်စေနိုင်ပါတယ်။

  • စိတ်ဖိစီးမှု များတာ

စိတ်ဖိစီးမှု များတာက နာတာရှည် ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်သလို သွေးတိုးတာကိုလည်း ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများနေပြီဆိုရင် တရားမှတ်တာ၊ ယောဂလေ့ကျင့်တာမျိုးတွေ လုပ်ပြီး စိတ်ဖိစီးမှုကို ဖြေလျှော့ပေးဖို့ လိုပါမယ်။

အခုလို အခြေအနေတွေက​ သွေးတိုးရောဂါ ရှိသူတွေမှာ သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်တာကြောင့် သေချာလေး ဂရုစိုက် ဆင်ခြင်နိုင်ဖို့ အကြံပြုဖော်ပြလိုက်ရပါတယ်။

Lotoshinn ရဲ့ စကားလက်ဆောင်

သွေးတိုးရောဂါဆိုတာက ဂရုမစိုက်မိရင် အသက်သေဆုံးနိုင်တဲ့အထိ ပြင်းထန်ပေမယ့် သေချာလေး ဂရုစိုက်မယ်ဆိုရင် အသက်အန္တရာယ်ထိခိုက်နိုင်ခြေကို လျှော့ချနိုင်မယ့်အပြင် ကျန်းမာတဲ့နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ထောက်ကူပေးနိုင်မှာပါ။ 

ဒါကြောင့် ပျောက်ကင်းအောင် ကုသဖို့ မဖြစ်နိုင်တဲ့ သွေးတိုးရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေနဲ့ အသက်အန္တရာယ် ထိခိုက်နိုင်ခြေကို လျှော့ချနိုင်ဖို့အတွက် နေ့စဉ်တိုင်းမှာ အသီးအနှံတွေ များများစားတာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ ရေလုံလောက်အောင် သောက်တာ၊ အိပ်ရေးဝဝအိပ်တာလိုမျိုး ကျန်းမာစေဖို့ အားဖြည့်ပေးမယ့် အလေ့အကျင့်ကောင်းလေးတွေကို မွေးမြူကြဖို့ အကြံပြုလိုက်ပါရစေ။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *